YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 6

6
စုံလင်ရင့်ကျက်ခြင်းသို့တက်လှမ်းရန် တိုက်တွန်းခြင်း
1ထို့ကြောင့် ငါ​တို့​သည် ခရစ်တော်​နှင့်ဆိုင်သည့် အခြေခံ​သွန်သင်ချက်​ကို ထားရစ်​ခဲ့​၍ စုံလင်​ရင့်ကျက်​ခြင်း​သို့ တက်လှမ်း​ကြ​ကုန်စို့။ သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ နောင်တရ​ခြင်း၊ ဘုရားသခင်​ကို​ယုံကြည်​ခြင်း၊ 2ဗတ္တိဇံ​နှင့်ဆိုင်သော​သွန်သင်​ခြင်း၊ လက်​တင်​ခြင်း၊ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း၊ ထာဝရ​ပြစ်ဒဏ်​စီရင်​ခြင်း စသည့်​အကြောင်းအရာ​များ​၌ ထပ်၍​အခြေ​မ​ပြု​ဘဲ​နေ​ကြ​ကုန်စို့။ 3ဘုရားသခင်​ခွင့်ပြု​တော်မူ​လျှင် ငါ​တို့​သည်​ထိုသို့​ပြု​ကြ​မည်။
4အလင်း​သို့​တစ်ခါ​ရောက်​၍ ကောင်းကင်​နှင့်ဆိုင်သော​ကောင်းချီး​လက်ဆောင်​ကို မြည်းစမ်း​ရ​လျက် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​စပ်ဆိုင်​သူ​ဖြစ်လာ​ကာ 5ဘုရားသခင်​၏​ကောင်းမြတ်​သော​နှုတ်ကပတ်တော်​နှင့် တမလွန်​ကာလ​၏​တန်ခိုး​လက္ခဏာ​တို့​ကို မြည်းစမ်း​ရ​ပြီးမှ 6ရွေ့လျော​ဖောက်ပြန်​သော​သူ​တို့​သည် ဘုရားသခင်​၏​သား​တော်​ကို သူတို့​ကိုယ်တိုင် လက်ဝါးကပ်တိုင်​ပေါ်၌​ပြန်​တင်​၍ အရှက်ကွဲ​စေ​သော​သူ​များ​ဖြစ်​ကြ​သောကြောင့် သူ​တို့​ကို အသစ်​တစ်ဖန်​နောင်တရ​ခြင်း​သို့​မ​ရောက်​စေ​နိုင်​ရာ။ 7အကြောင်းမူကား မြေကြီး​သည် မိမိ​အပေါ်​အကြိမ်ကြိမ်​ကျ​သော​မိုး​ရေ​ကို​သောက်​လျက် ထွန်ယက်​စိုက်ပျိုး​သော​သူ​တို့​အတွက် အသုံးဝင်​သည့်​အသီးအနှံ​များ​ကို​ဖြစ်ထွန်း​စေ​ပါက ဘုရားသခင်​ထံမှ​ကောင်းချီး​မင်္ဂလာ​ကို​ခံစား​ရ​၏။ 8သို့ရာတွင် ဆူးပင်​နှင့်​ဆူးလေပင်​များ​ကို​ပေါက်​စေ​လျှင် အသုံး​မ​ဝင်​သဖြင့် မကြာမီ ကျိန်​ခြင်း​ခံရ​လျက် နောက်ဆုံး​၌ မီးရှို့​ခြင်း​ခံရ​၏။
9ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​သည် ဤသို့​ပြောဆို​ကြ​သော်လည်း သင်​တို့​အတွက်​မူကား ကယ်တင်​ခြင်း​နှင့်​ယှဉ်တွဲ​သည့် ပို၍​ကောင်း​သော​အရာ​များ​ရှိ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​ကြ​၏။ 10အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​၏​လုပ်ဆောင်​မှု​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ကို ယခင်​က သင်​တို့​လုပ်ကျွေး​ပြုစု​သကဲ့သို့ ယခု​လည်း လုပ်ကျွေး​ပြုစု​လျက် ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ သင်​တို့​ပြ​သော​ချစ်​ခြင်း​မေတ္တာ​တို့​ကို​လည်းကောင်း မေ့လျော့​သည့်​တိုင်အောင် တရားမျှတ​မှု​ကင်းမဲ့​တော်မူ​သည်​မ​ဟုတ်။ 11သင်​တို့​တစ်ဦးစီ​သည် မျှော်လင့်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​ရှိ​ကြ​ရန် ထိုသို့​သော​စိတ်အား​ထက်သန်​မှု​ကို အဆုံး​တိုင်အောင်​ပြ​မည့်​အကြောင်း ငါ​တို့​အလိုရှိ​ကြ​၏။ 12ဤသည်ကား သင်​တို့​သည် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ယုံကြည်​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​တို့​အားဖြင့် ကတိ​တော်​ကို​အမွေ​ဆက်ခံ​သော​သူ​တို့​အား အတုယူ​သူ​များ​ဖြစ်​ကြ​မည့်​အကြောင်း​တည်း။
ကတိတော်ကိုခံစားရရှိခြင်း
13ဘုရားသခင်​သည် အာဗြဟံ​အား ကတိ​ပေး​တော်မူ​သောအခါ တိုင်တည်​ပြောဆို​ရန် မိမိ​ထက် ကြီးမြတ်​သော​သူ​မ​ရှိ​သောကြောင့် မိမိကိုယ်ကို​တိုင်တည်​ပြောဆို​၍ 14“ငါ​သည် အမှန်ပင် သင့်​ကို အစဉ်အမြဲ​ကောင်းချီး​ပေး​၍ သင်​၏​အမျိုးအနွယ်​ကို တိုးပွား​များပြား​စေ​မည်”#က 22:17။​ဟု မိန့်​တော်မူ​၏။ 15ဤသို့ဖြင့် အာဗြဟံ​သည် စိတ်ရှည်​စွာ​စောင့်ဆိုင်း​သဖြင့် ကတိ​တော်​ကို​ခံစား​ရရှိ​ခဲ့​၏။
16လူ​တို့​သည် မိမိ​တို့​ထက် ကြီးမြတ်​သော​သူ​ကို တိုင်တည်​ပြောဆို​ကြ​ပြီး ထိုသို့​အတည်ပြု​ပြောဆို​သော​ကတိ​သစ္စာ​သည် အငြင်းပွား​မှု​အားလုံး​ကို ရပ်စဲ​စေ​တတ်​၏။ 17ထိုနည်းတူ ဘုရားသခင်​သည် မိမိ​အကြံအစည်​တော်​မ​ပြောင်းလဲ​နိုင်​ကြောင်း ကတိ​တော်​ကို​အမွေ​ဆက်ခံ​သူ​များ​အား ပိုမို​ထင်ရှား​စွာ​ပြ​လို​၍ ကတိ​သစ္စာ​ပြု​ခြင်း​ဖြင့် အာမခံ​တော်မူ​၏။ 18ဤသည်ကား ရှေ့၌​ပြင်ဆင်​ထား​သော​မျှော်လင့်​ခြင်း​ကို ဆွတ်ခူး​နိုင်​ရန်​အတွက် ထွက်ပြေး​လာ​သော​ငါ​တို့​သည် ဘုရားသခင်​မုသား​မ​သုံး​နိုင်​သော​အရာ​တည်းဟူသော မ​ပြောင်းလဲ​နိုင်​သည့်​အရာ​နှစ်​ပါး​အားဖြင့် ကြီးမား​သော​နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​မည့်​အကြောင်း​တည်း။ 19ထို​မျှော်လင့်​ခြင်း​သည် ငါ​တို့​၏​စိတ်ဝိညာဉ်​အတွက် ခိုင်ခံ့​မြဲမြံ​သော​ကျောက်ဆူး​ကဲ့သို့ ငါ​တို့​၌​ရှိ​၍ ဗိမာန်​တော်​ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ဝင်​ရောက်​၏။ 20ယေရှု​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​မင်း​ဖြစ်လာ​ပြီး ထို​ကန့်လန့်ကာ​အတွင်း​သို့ ရှေ့ဆောင်​လမ်းခင်း​ပေး​သူ​အဖြစ် ငါ​တို့​ကိုယ်စား​ဝင်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲဩဝါဒစာ 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ