YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 5

5
ယဇ်ပုရောဟိတ်မင်းဖြစ်သောခရစ်တော်
1လူ​တို့​အထဲမှ ရွေးကောက်​ခြင်း​ခံရ​သော​ယဇ်ပုရောဟိတ်​မင်း​မှန်သမျှ​သည် အပြစ်​ဖြေ​ရာ​ယဇ်​များ​နှင့်​ပူဇော်သက္ကာ​များ​ကို လူ​တို့​၏​ကိုယ်စား ဘုရားသခင်​ထံ​ပူဇော်​ဆက်ကပ်​ရန် ခန့်ထား​ခြင်း​ခံရ​၏။ 2သူ​ကိုယ်တိုင်​လည်း အားနည်း​ခြင်း​များ​ရှိ​သည်​ဖြစ်၍ အသိတရား​ကင်းမဲ့​လျက် လမ်းလွဲ​သော​သူ​တို့​ကို စာနာ​ထောက်ထား​နိုင်​၏။ 3ဤ​အကြောင်း​ကြောင့် သူ​သည် လူ​တို့​အတွက်​သာမက မိမိ​အတွက်​ပါ အပြစ်​ဖြေ​ရာ​ယဇ်​ကို​ပူဇော်​ရ​၏။#ဟေဗြဲ 7:27၊ ဝတ် 9:7။
4ထို့ပြင် ဤ​ဂုဏ်သရေ​ရှိ​သော​အရိုက်အရာ​ကို မည်သူမျှ မိမိ​ကိုယ်တိုင်​ခံယူ​ရရှိ​နိုင်​သည်​မ​ဟုတ်။ အာရုန်​ကဲ့သို့ ဘုရားသခင်​၏​ခေါ်ယူ​တော်မူ​ခြင်း​အားဖြင့်​သာ​ခံယူ​ရရှိ​နိုင်​၏။ 5ထိုနည်းတူ ခရစ်တော်​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​အရာ​၌ မိမိကိုယ်ကို​ချီးမြှောက်​သည်​မ​ဟုတ်။ “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ”#ဟေဗြဲ 1:5၊ ဆာ 2:7။​ဟု ကိုယ်တော်​အား​မိန့်​တော်မူ​သော​အရှင်​က ချီးမြှောက်​တော်မူ​ခြင်း​ဖြစ်​၏။ 6အခြား​ကျမ်းချက်​တွင်​လည်း “သင်​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏”#ဟေဗြဲ 5:10၊ 6:20၊ 7:17၊ ဆာ 110:4။​ဟု မိန့်​တော်မူ​သည့်​အတိုင်း​ဖြစ်​၏။
7ခရစ်တော်​သည် လူသား​အဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်တင်​နိုင်​သော​အရှင်​ထံ ကျယ်လောင်​သော​အော်ဟစ်​သံ​နှင့်​မျက်ရည်​တို့​ဖြင့် တောင်းလျှောက်​၍ အသနားခံ​သဖြင့် ထို​ကြည်ညို​မှု​ကြောင့် ဘုရားသခင်​သည် နားညောင်း​တော်မူ​၏။ 8ကိုယ်တော်​သည် သား​တော်​ဖြစ်​သော်လည်း ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​အားဖြင့် နာခံ​မှု​ကို​သင်ယူ​လျက် 9စုံလင်​ခြင်း​သို့​ရောက်​ပြီးလျှင် မိမိ​ကို​နာခံ​သော​သူ​အပေါင်း​တို့​အား ထာဝရ​ကယ်တင်​ခြင်း​ကို​ပေး​သော​အရှင်​ဖြစ်လာ​၍ 10မေလခိဇေဒက်​နှင့်​အလားတူ​သော ယဇ်ပုရောဟိတ်​မင်း​ဟု ဘုရားသခင်​၏​ခေါ်ဝေါ်​သမုတ်​တော်မူ​ခြင်း​ကို​ခံရ​၏။
မရင့်ကျက်မှုကိုဆိုဆုံးမခြင်း
11ထို​မေလခိဇေဒက်​နှင့်​ပတ်သက်၍ ငါ​တို့​တွင် ပြော​စရာ​စကား​များစွာ​ရှိ​သော်လည်း သင်​တို့​သည် နားဝေး​ကြ​သောကြောင့် ရှင်းပြ​ရန်​ခက်​၏။ 12အမှန်စင်စစ် သင်​တို့​သည် အချိန်​ကာလ​အရ ဆရာ​များ​ဖြစ်​သင့်​ပြီ​ဖြစ်​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​၏​အခြေခံ​ကို တစ်စုံတစ်ယောက်​က သင်​တို့​အား အစ​မှ​ပြန်​သင်ပေး​ရန်​လိုအပ်​နေ​၏။ သင်​တို့​၌​လိုအပ်​သည်​မှာ မာ​သော​အစာ​မ​ဟုတ်​ဘဲ နို့ရည်​သာ​ဖြစ်​၏။ 13နို့ရည်​ကို​သောက်သုံး​နေ​သော​သူ​တိုင်း​သည် ကလေး​သူငယ်​ဖြစ်​သောကြောင့် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​နှင့် ရင်းနှီး​ကျွမ်းဝင်​ခြင်း​မ​ရှိ။ 14မာ​သော​အစာ​မူကား အကောင်း​အဆိုး​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​ထိုးထွင်းဉာဏ်​ကို အတွေ့အကြုံ​အားဖြင့်​လေ့ကျင့်​ထား​သည့်​စုံလင်​ရင့်ကျက်​သော​သူ​များ​အတွက်​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲဩဝါဒစာ 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။