YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 1:2-14

ဟေဗြဲဩဝါဒစာ 1:2-14 MSBU

ဤ​နောက်ဆုံး​သော​နေ့ရက်​များ​တွင် ငါ​တို့​ကို သား​တော်​အားဖြင့် စကား​ပြော​တော်မူ​၏။ ဘုရားသခင်​သည် ထို​သား​တော်​အား အရာ​ခပ်သိမ်း​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​ခန့်ထား​၍ လောကဓာတ်​တို့​ကို​လည်း သား​တော်​အားဖြင့် ဖန်ဆင်း​တော်မူ​၏။ သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။ သား​တော်​သည် ကောင်းကင်​တမန်​တို့​၏​ဘွဲ့နာမ​ထက် ထူးမြတ်​သော​ဘွဲ့​နာမ​ကို ဆက်ခံ​ရရှိ​သည်​နှင့်အမျှ သူ​တို့​ထက် ကြီးမြတ်​သော​အရှင်​ဖြစ်​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ငါ​သည် သူ​၏​အဖ​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​ရ​လိမ့်မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။ တစ်ဖန် သားဦး​ကို ဤ​ကမ္ဘာ​လောက​ထဲသို့ ခေါ်ဆောင်​လာ​သောအခါ “ဘုရားသခင်​၏​ကောင်းကင်​တမန်​အပေါင်း​တို့​သည် ထို​အရှင်​ကို ရှိခိုး​ရ​မည်”​ဟု မိန့်​တော်မူ​ပြီး ကောင်းကင်​တမန်​များ​နှင့်​ပတ်သက်၍ “ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​တို့​ကို လေ​ကဲ့သို့​လည်းကောင်း၊ မိမိ​၏​အမှု​ကို​ထမ်းဆောင်​သူ​တို့​အား မီးလျှံ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​၏”​ဟု မိန့်​တော်မူ​၏။ သို့သော် သား​တော်​နှင့်​ပတ်သက်၍​မူကား “အို ဘုရားသခင်၊ ကိုယ်တော်​၏​ပလ္လင်​သည် ကမ္ဘာ​အဆက်ဆက်​တည်​၍ ဖြောင့်မှန်​သော​အုပ်ချုပ်မှု​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​အုပ်ချုပ်မှု​ဖြစ်​ပါ​၏။ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​တော်မူ​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်​ပေး​တော်မူ​၏။” တစ်ဖန် “အို ထာဝရ​ဘုရား၊ ကိုယ်တော်​သည် အစအဦး​၌ မြေကြီး​ကို​တည်​တော်မူ​၍ ကောင်းကင်​တို့​သည်​လည်း ကိုယ်တော်​၏​လက်ရာ​တော်​ဖြစ်​ပါ​၏။ ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏။ ထိုအရာ ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့​ဟောင်းနွမ်း​ကြ​လိမ့်မည်။ ကိုယ်တော်​သည် ထို​အရာ​တို့​ကို ခြုံထည်​ကဲ့သို့​လိပ်​တော်မူ​သဖြင့် ၎င်း​တို့​သည် ဝတ်ရုံ​ကဲ့သို့​ပြောင်းလဲ​ကြ​လိမ့်မည်။ ကိုယ်တော်​မူကား ပြောင်းလဲ​တော်​မ​မူ​ပါ။ ကိုယ်တော်​၏​သက်တမ်း​သည်​လည်း ကုန်ဆုံး​မည်​မ​ဟုတ်​ပါ”​ဟု မိန့်​တော်မူ​၏။ ထို့ပြင် ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့”​ဟု မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။ ကောင်းကင်​တမန်​အားလုံး​တို့​သည် ကယ်တင်​ခြင်း​ကို​အမွေ​ဆက်ခံ​မည့်​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် စေလွှတ်​ခြင်း​ခံရ​သည့် အစေခံ​ဝိညာဉ်​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။