YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 9

9
နောဧနှင့်ပဋိညာဉ်ဖွဲ့ခြင်း
1ဘုရားသခင်​သည် နောဧ​နှင့် သူ​၏​သား​တို့​ကို​ကောင်းချီးပေး​လျက် “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​ကြ​လော့​။ 2တောရိုင်းတိရစ္ဆာန်​ရှိသမျှ​၊ မိုးကောင်းကင်​ငှက်​ရှိသမျှ​၊ မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​ရှိသမျှ​နှင့် ပင်လယ်​ငါး​ရှိသမျှ​တို့​သည် သင်​တို့​ကို ကြောက်ရွံ့​ထိတ်လန့်​ကြ​လိမ့်မည်​။ ထို​တိရစ္ဆာန်​တို့​ကို သင်​တို့​လက်​သို့ ငါ​အပ်​ပြီ​။ 3အသက်ရှင်​၍ လှုပ်ရှားသွားလာတတ်သောသတ္တဝါ​ရှိသမျှ​သည် သင်​တို့​၏​စားစရာ​ဖြစ်​လိမ့်မည်​။ စိမ်းလန်း​သော​အပင်​တို့​ကို သင်​တို့​အား ငါ​ပေး​သကဲ့သို့ ခပ်သိမ်း​သော​အရာ​တို့​ကို သင်​တို့​အား ငါ​ပေး​၏​။ 4သို့သော် အသက်​တည်းဟူသော အသွေး​ပါရှိ​သည့်​အသား​ကို မ​စား​ရ​။ 5အကယ်စင်စစ် သင်​တို့​၏​အသက်​သွေးကြွေး​ကို ငါ​ပြန်တောင်း​မည်​။ တောရိုင်းတိရစ္ဆာန်​ဖြစ်​လျှင်လည်း ၎င်း​တို့​၏​အသက်​ကို​ငါ​ပြန်တောင်း​မည်​။ လူ​အချင်းချင်း​ဖြစ်​လျှင်လည်း ထို​လူ​၏​အသက်​ကို ငါ​ပြန်တောင်း​မည်​။ 6လူ​၏​အသက်​ကို​သတ်​သော​သူ​သည် လူ့​လက်​ဖြင့်​အသတ်​ခံရ​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။ 7သင်​တို့​သည် များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ပေါ်မှာ ပြည့်နှက်​ကြ​လော့​။ မြေကြီး​ပေါ်မှာ တိုးပွား​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။
8တစ်ဖန် ဘုရားသခင်​က နောဧ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သား​တို့​အား 9“​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​၌​လည်းကောင်း​၊ နောင်လာမည့် သင်​တို့​၏​သားစဉ်မြေးဆက်​တို့​၌​လည်းကောင်း​၊ 10သင်​တို့​နှင့်အတူ​ရှိ​သည့် သက်ရှိသတ္တဝါ​အပေါင်း​တည်းဟူသော ငှက်​များ​၊ ယဉ်ပါးသောတိရစ္ဆာန်​များ​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​သော တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​၌​လည်းကောင်း​၊ သင်္ဘော​ထဲမှ​ထွက်လာ​သော​သူ​ရှိသမျှ​နှင့် တောရိုင်းတိရစ္ဆာန်​ရှိသမျှ​တို့​၌​လည်းကောင်း ငါ​၏​ပဋိညာဉ်​ကို ငါ​တည်​စေ​မည်​။ 11သင်​တို့​၌​တည်​စေ​သော ငါ​၏​ပဋိညာဉ်​မှာ ‘​သတ္တဝါ​အပေါင်း​တို့​သည် ရေလွှမ်းမိုးမှု​အားဖြင့် မည်သည့်​အခါ​မျှ ဖယ်ရှား​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်​။ မြေကြီး​ကို​ဖျက်ဆီး​မည့်​ရေလွှမ်းမိုး​ခြင်း​သည် မည်သည့်​အခါ​မျှ ဖြစ်ပေါ်​တော့​မည်​မ​ဟုတ်​’​ဟူ၍ ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။
12တစ်ဖန် ဘုရားသခင်​က “​ငါ​နှင့် သင်​တို့​ကြား​၌​လည်းကောင်း​၊ သင်​တို့​နှင့်အတူ​ရှိ​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌​လည်းကောင်း ခေတ်ကာလ​အစဉ်အဆက် ငါ​ပြု​သော​ပဋိညာဉ်​၏​အမှတ်လက္ခဏာ​မှာ ဤသို့​ဖြစ်​၏​။ 13ငါ​၏​သက်တံ​ကို မိုးတိမ်​၌ ငါ​ထား​၏​။ ထို​သက်တံ​သည် ငါ​နှင့်​မြေကြီး​ကြား​၌​ပြု​သော ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​။ 14ငါ​သည် မြေကြီး​အထက်​မိုးကောင်းကင်​၌ မိုးတိမ်​တက်လာ​စေ​၍ ထို​မိုးတိမ်​၌ သက်တံ​ထင်ရှား​သောအခါ 15ငါ​နှင့်​သင်​တို့​ကြား​၌​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌​လည်းကောင်း​၊ ငါ​ပြု​သော​ပဋိညာဉ်​ကို​အောက်မေ့​သဖြင့် သတ္တဝါ​အပေါင်း​တို့​ကို​ဖျက်ဆီး​မည့် ရေလွှမ်းမိုး​ခြင်း ဖြစ်​တော့​မည်​မ​ဟုတ်​။ 16မိုးတိမ်​၌ သက်တံ​ပေါ်လာ​သောအခါ ထို​သက်တံ​ကို​ငါ​ကြည့်​၍ ဘုရားသခင်​နှင့် မြေကြီး​ပေါ်​ရှိ သတ္တဝါ​အမျိုးမျိုး​တည်းဟူသော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌ ငါ​ပြု​သော ထာဝရ​ပဋိညာဉ်​ကို ငါ​အောက်မေ့​မည်​”​ဟု မိန့်​တော်မူ​၏​။ 17ထို့နောက် ဘုရားသခင်​က “​ဤသည်ကား ငါ​နှင့် မြေကြီး​ပေါ်​ရှိ​သတ္တဝါ​အပေါင်း​တို့​ကြား​၌ ငါ​တည်​စေ​သော​ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​၏​”​ဟု နောဧ​အား မိန့်​တော်မူ​၏​။
နောဧမိသားစုအကြောင်း ကြိုတင်ဟောပြောခြင်း
18သင်္ဘော​ထဲမှ​ထွက်လာ​သော နောဧ​၏​သား​များ​မှာ ရှေမ​၊ ဟာမ​၊ ယာဖက် တို့​ဖြစ်​ကြ​၏​။ ဟာမ​သည် ခါနာန်​၏​ဖခင်​ဖြစ်​၏​။ 19ဤ​သူ​သုံး​ယောက်​တို့​သည် နောဧ​၏​သား​များ​ဖြစ်​ကြ​ပြီး သူ​တို့​မှတစ်ဆင့် ကမ္ဘာမြေ​တစ်ခွင်လုံး​သို့ လူ​တို့ ပြန့်ပွား​သွား​ကြ​၏​။
20နောဧ​သည် စိုက်ပျိုးရေးသမား​ဖြစ်လာ​၍ စပျစ်ခြံ​ကို စိုက်ပျိုး​လေ​၏​။ 21သူ​သည် စပျစ်ဝိုင်​ကို​သောက်​၍​ယစ်မူး​သဖြင့် မိမိ​တဲ​ထဲ၌ ဝတ်လစ်စားလစ်​နေ​လေ​၏​။ 22ခါနာန်​၏​ဖခင် ဟာမ​သည် မိမိ​ဖခင်​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို​မြင်​၍ အပြင်​မှာ​ရှိ​သော​အစ်ကို​နှစ်​ယောက်​တို့​အား ပြောပြ​လေ​၏​။ 23ရှေမ​နှင့်​ယာဖက်​တို့​သည် အဝတ်​ကို​ယူ​၍ မိမိ​တို့​ပခုံး​ပေါ်မှာ​တင်​ပြီးလျှင် ကျောခိုင်း​ဝင်လာ​ကြ​ပြီး မိမိ​တို့​ဖခင်​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို ဖုံး​ပေး​ကြ​၏​။ သူ​တို့​သည် မျက်နှာ​ကို​လွှဲ​ထား​သည်​ဖြစ်၍ မိမိ​တို့​ဖခင်​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို မ​မြင်​ရ​ပေ​။
24နောဧ​သည် အမူးပြေ​၍ မိမိ​အား အငယ်ဆုံး​သား​ပြု​သော​အမှု​ကို​သိ​သောအခါ 25“​ခါနာန်​သည် ကျိန်​ခြင်း​ကို​ခံရ​ပါစေ​။ အစ်ကို​တို့​၏​ကျွန်​တို့​၌ ကျွန်​ဖြစ်​ပါစေ​”​ဟု ဆို​၏​။ 26တစ်ဖန် နောဧ​က “​ရှေမ​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ ခါနာန်​သည် ရှေမ​၏​ကျွန်​ဖြစ်​ပါစေ​။ 27ဘုရားသခင်​သည် ယာဖက်​ကို ကြီးပွား​စေ​တော်မူ​ပါစေသော​။ သူ​သည် ရှေမ​၏​တဲ​တို့​၌ နေ​ရ​ပါစေ​။ ခါနာန်​မူကား သူ​၏​ကျွန်​ဖြစ်​ပါစေ​”​ဟု ဆို​လေ​၏​။
28ရေလွှမ်းမိုး​ပြီးသည့်နောက် နောဧ​သည် အနှစ်​သုံး​ရာ့​ငါးဆယ်​အသက်ရှင်​၏​။ 29နောဧ​သည် နှစ်ပေါင်း​ကိုး​ရာ့​ငါးဆယ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ