YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 43

43
အီဂျစ်ပြည်သို့ နောက်တစ်ဖန်သွားရန် ဆုံးဖြတ်ကြခြင်း
1ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ပို၍​ဆိုးရွား​လာ​၏​။ 2အီဂျစ်​ပြည်​မှ သူ​တို့​ယူဆောင်​လာ​သော​စားနပ်ရိက္ခာ​ကို​စား​၍​ကုန်​သောအခါ ဖခင်​က​သူ​တို့​အား “​တစ်ဖန်​သွား​၍ ငါ​တို့​အတွက် အစားအစာ​အနည်းငယ်​ကို ဝယ်ယူ​ကြ​လော့​”​ဟု ဆို​၏​။
3ယုဒ​က​လည်း “​ထို​သူ​က ‘​သင်​တို့​နှင့်အတူ သင်​တို့​ညီ မပါ​လာ​လျှင် ငါ့​မျက်နှာ​ကို သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု အကျွန်ုပ်​တို့​ကို အသေအချာ​သတိပေး​ထား​ပါ​၏​။ 4အကျွန်ုပ်​တို့​၏​ညီ​ကို အကျွန်ုပ်​တို့​နှင့်အတူ​လွှတ်​လျှင် အဖေ့​အတွက် အစားအစာ​ကို အကျွန်ုပ်​တို့​သွား​၍​ဝယ်ယူ​ပါ​မည်​။ 5မ​လွှတ်​လျှင် အကျွန်ုပ်​တို့​မ​သွား​ပါ​။ အကြောင်းမူကား ထို​သူ​က ‘​သင်​တို့​၏​ညီ​သည် သင်​တို့​နှင့်အတူ​မ​ပါလာ​လျှင် ငါ့​မျက်နှာ​ကို သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု အကျွန်ုပ်​တို့​အား​ပြော​ပါ​၏​”​ဟု ဖခင်​အား​ဆို​လေ​၏​။ 6အစ္စရေး​က​လည်း “​သင်​တို့​သည် သင်​တို့​၌​ညီ​နောက်တစ်ယောက်​ရှိ​သေး​ကြောင်း ထို​သူ​အား​ပြော​ပြီး အဘယ်ကြောင့် ငါ့​ကို​ဒုက္ခရောက်​စေ​သနည်း​”​ဟု ဆို​၏​။ 7သူ​တို့​က​လည်း “​ထို​သူ​က ‘​သင်​တို့​၏​ဖခင်​အသက်ရှင်​သေး​သလော​။ သင်​တို့​၌​ညီ​ရှိ​သလော​’​ဟု ဆို​လျက် အကျွန်ုပ်​တို့​အကြောင်း​၊ အကျွန်ုပ်​တို့​၏​ဆွေမျိုးသားချင်း​အကြောင်း​ကို စေ့စေ့စပ်စပ်​မေးမြန်း​သောကြောင့် အကျွန်ုပ်​တို့​သည် ထို​စကား​များ​အလိုက် သူ့​ကို​ပြန်ဖြေ​ရ​ပါ​၏​။ ‘​သင်​တို့​ညီ​ကို​ခေါ်ဆောင်​ခဲ့​လော့​’​ဟု သူ​ပြော​လိမ့်မည်​ကို အကျွန်ုပ်​တို့​အမှန်သိ​နိုင်​ပါ​မည်လော​”​ဟု ပြန်ပြော​ကြ​၏​။
8ယုဒ​က​လည်း မိမိ​၏​ဖခင်​အစ္စရေး​အား “​အဖေ​မှစ၍ အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​ကလေး​တို့​သည် မ​သေ​ဘဲ အသက်ရှင်​မည့်​အကြောင်း သူငယ်​ကို အကျွန်ုပ်​နှင့်အတူ​လွှတ်​ပါ​လော့​။ အကျွန်ုပ်​တို့​သည်​ထ​၍ သွား​ကြ​ပါ​မည်​။ 9သူ့​အတွက် အကျွန်ုပ်​အာမခံ​ပါ​၏​။ သူ့​ကို အကျွန်ုပ်​တာဝန်ယူ​ပါ​မည်#43:9 တိုက်ရိုက်ပြန်ဆိုလျှင် “သူ့ကို အကျွန်ုပ်ထံမှ တောင်းပါ”။​။ အကယ်၍ အကျွန်ုပ်​သည် သူ့​ကို​အဖေ့​ထံသို့ ပြန်​မ​ခေါ်လာ​၊ အဖေ့​ထံ​ပြန်​မ​အပ်​လျှင် အကျွန်ုပ်​သည် အဖေ့​၏​အပြစ်တင်​ခြင်း​ကို တစ်သက်လုံး​ခံယူ​ပါ​မည်​။ 10အကျွန်ုပ်​တို့​သည် ဤမျှလောက်​တုံ့ဆိုင်း​မ​နေ​ခဲ့​လျှင် နှစ်ကြိမ်​ပြန်ရောက်​နိုင်​လောက်​ပြီ​”​ဟု ဆို​လေ​၏​။
11ထိုအခါ သူ​တို့​၏​ဖခင်​အစ္စရေး​က သူ​တို့​အား “​သို့ဖြစ်လျှင် ဤသို့​ပြု​ကြ​လော့​။ လိမ်းဆေး​အနည်းငယ်​၊ ပျားရည်​အနည်းငယ်​၊ နံ့သာမျိုး​၊ မုရန်စေး​၊ အခွံမာသီး​၊ ဗာဒံသီး စသည့် ဤ​ပြည်​မှ​ထွက်​သော အကောင်းဆုံးအရာ​တို့​ကို သင်​တို့​အိတ်​များ​၌​ထည့်​၍ ထို​သူ​အဖို့​လက်ဆောင်​အဖြစ်​ယူသွား​ကြ​လော့​။ 12သင်​တို့​လက်​ထဲ၌ ငွေ​နှစ်ဆ​ယူသွား​ကြ​လော့​။ သင်​တို့​၏​အိတ်​ဝ​တွင် ပြန်ထည့်​ပေး​လိုက်​သော​ငွေ​ကို​လည်း ပြန်​ယူသွား​ကြ​လော့​။ မှား​၍​ထည့်ပေး​လိုက်​ခြင်း​ဖြစ်​ကောင်း​ဖြစ်​မည်​။ 13သင်​တို့​၏​ညီ​ကို​ခေါ်ဆောင်​ပြီး တစ်ဖန် ထို​သူ​ထံသို့ ထ​သွား​ကြ​လော့​။ 14အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင်​တို့​ကို သနားစုံမက်​တော်မူ​၍ ထို​သူ​သည် သင်​တို့​၏​ညီအစ်ကို​ရှိမောင်​နှင့်​ဗင်္ယာမိန်​ကို သင်​တို့​နှင့်အတူ​ပြန်လွှတ်​ပေး​ပါစေသော​။ ငါ​သည် သား​များ​ကို​ဆုံးရှုံး​လျှင်​လည်း ဆုံးရှုံး​ရ​ပါ​တော့​မည်​”​ဟု ဆို​လေ​၏​။
အီဂျစ်ပြည်သို့ နောက်တစ်ဖန်သွားကြခြင်း
15ထို့ကြောင့် သူ​တို့​သည် လက်ဆောင်​တို့​ကို​ယူဆောင်​သွား​၍ သူ​တို့​လက်​ထဲ၌ ငွေ​နှစ်ဆ​နှင့်တကွ ဗင်္ယာမိန်​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​သည် ထ​၍​အီဂျစ်​ပြည်​သို့​ဆင်းသွား​ကာ ယောသပ်​ရှေ့​၌ အခစားဝင်​ကြ​၏​။
16ယောသပ်​သည် သူ​တို့​နှင့်အတူ ဗင်္ယာမိန်​ကို​မြင်​သောအခါ မိမိ​အိမ်ထိန်း​အား “​ဤ​သူ​တို့​ကို အိမ်​သို့​ခေါ်သွား​လော့​။ တိရစ္ဆာန်​ကို​သတ်​၍​ပြင်ဆင်​ချက်ပြုတ်​ထား​လော့​။ ဤ​သူ​တို့​သည် ငါ​နှင့်အတူ နေ့လယ်​စာ စားသောက်​ကြ​လိမ့်မည်​”​ဟု မှာကြား​လေ​၏​။ 17သို့ဖြစ်၍ အိမ်ထိန်း​သည် ယောသပ်​မှာကြား​သည့်​အတိုင်း ပြု​၏​။ သူ​တို့​ကို​လည်း ယောသပ်​၏​အိမ်​သို့​ခေါ်ဆောင်​သွား​၏​။
18သူ​တို့​ကို ယောသပ်​အိမ်​သို့​ခေါ်ဆောင်​သွား​သောကြောင့် သူ​တို့​သည် ကြောက်ရွံ့​လျက် “​ယခင်တစ်ကြိမ်​တွင် ငါ​တို့​အိတ်​ထဲ၌​ပြန်ထည့်​ပေး​လိုက်​သည့်​ငွေ​နှင့်​ပတ်သက်၍ သူ​သည် ငါ​တို့​ကို​ရန်ရှာ​ပြီး ငါ​တို့​ကို​နှိပ်စက်​တော့​မည်​။ ငါ​တို့​နှင့် ငါ​တို့​၏​မြည်း​တို့​ကို​လည်း ဖမ်းဆီး​ပြီး​ကျွန်​ပြု​တော့​မည်”​ဟု ပြောဆို​ကြ​ပြီးလျှင် 19ယောသပ်​၏​အိမ်ထိန်း​အနား​သို့​သွား​၍ အိမ်​တံခါးဝ​တွင် သူ​နှင့်​စကားပြော​ကြ​၏​။
20သူ​တို့​က “​အို အကျွန်ုပ်​တို့​၏​သခင်​၊ စင်စစ် အကျွန်ုပ်​တို့​သည် အစားအစာ​ဝယ်​ရန် ယခင်တစ်ခါ ရောက်လာ​ခဲ့​ပါ​၏​။ 21အပြန်​တွင် အကျွန်ုပ်​တို့​သည် စခန်းချ​ရာ​နေရာ​သို့​ရောက်​၍ အကျွန်ုပ်​တို့​၏​အိတ်​များ​ကို​ဖွင့်​သောအခါ အသီးသီး​၏​ငွေ​သည် မိမိ​တို့​အိတ်​ဝ​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​၏​ငွေ​သည် အလျှင်းမလျော့​ပါ​။ ထို​ငွေ​ကို အကျွန်ုပ်​တို့ ပြန်ယူဆောင်​လာ​ခဲ့​ပါ​၏​။ 22အစားအစာ​ဝယ်ယူ​ရန် နောက်ထပ်​ငွေ​ကို​လည်း အကျွန်ုပ်​တို့​ယူဆောင်​လာ​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​၏​အိတ်​များ​ထဲ၌ အကျွန်ုပ်​တို့​၏​ငွေ​ကို မည်သူ​ပြန်ထည့်​ထား​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ပါ​”​ဟု သူ့​အား ပြောဆို​ကြ​၏​။
23ထိုအခါ အိမ်ထိန်း​က “​စိတ်အေးအေးထား​ပါ​။ မ​ကြောက်​နှင့်​။ သင်​တို့​၏​ဘုရားသခင်​၊ သင်​တို့​အဖ​၏​ဘုရားသခင်​သည် သင်​တို့​၏​အိတ်​များ​ထဲ၌ သင်​တို့​အတွက်​ဘဏ္ဍာ​ကို ထည့်ပေး​တော်မူ​ပြီ​။ သင်​တို့​၏​ငွေ​ကို​ကား ငါ​ရရှိ​ပြီ​”​ဟု ဆို​ပြီးလျှင် ရှိမောင်​ကို သူ​တို့​ထံသို့​ခေါ်ဆောင်​ခဲ့​၏​။ 24အိမ်ထိန်း​သည် သူ​တို့​ကို​ယောသပ်​အိမ်​ထဲသို့​ခေါ်ဆောင်​သွား​ပြီးမှ ရေ​ပေး​၍ သူ​တို့​သည် ခြေ​ဆေး​ကြ​၏​။ သူ​တို့​၏​မြည်း​များ​ကို​လည်း အစာ​ကျွေး​၏​။ 25သူ​တို့​သည် ယောသပ်​အိမ်​၌ နေ့လယ်စာ​စား​ရ​မည်​ကို ကြားသိ​ထား​သဖြင့် ယောသပ်​ရောက်​မ​လာ​မီ လက်ဆောင်​ကို​ပြင်ဆင်​ထား​ကြ​၏​။ 26ယောသပ်​အိမ်​သို့​ပြန်ရောက်​သောအခါ သူ​တို့​သည် မိမိ​တို့​၏​လက်ဆောင်​ကို အိမ်​ထဲသို့​ယူဆောင်​လာ​၍ ယောသပ်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​။
27ထိုအခါ ယောသပ်​သည် သူ​တို့​အား သာကြောင်းမာကြောင်း​နှုတ်ခွန်းဆက်​ပြီးလျှင် “​အသက်ကြီး​ပြီ​ဟု သင်​တို့​ပြော​သည့် သင်​တို့​၏​ဖခင်​သည် ကျန်းမာ​ပါ​၏​လော​။ အသက်ရှင်​သေး​၏​လော​”​ဟု မေး​လေ​၏​။
28သူ​တို့​က​လည်း “​သခင့်​အစေအပါး​အကျွန်ုပ်​တို့​၏​ဖခင်​သည် ကျန်းမာ​ပါ​၏​။ အသက်ရှင်​ပါ​သေး​၏​”​ဟု ပြန်လျှောက်​ပြီးလျှင် ဦးညွှတ်​ပျပ်ဝပ်​ကြ​၏​။
29ယောသပ်​သည် လှမ်းကြည့်​၍ မိမိ​မိခင်​၏​သား​၊ မိမိ​၏​ညီ ဗင်္ယာမိန်​ကို​မြင်​သောအခါ “​ဤ​သူ​သည် သင်​တို့​ပြော​သည့် သင်​တို့​၏​ညီ​အငယ်ဆုံး​လော​”​ဟု ဆို​ပြီး “​ငါ့​သား​၊ ဘုရားသခင် သင့်​ကို​သနား​တော်မူ​ပါစေသော​”​ဟု ဆို​လေ​၏​။ 30ယောသပ်​သည် မိမိ​ညီ​ကို အလွန်​ကရုဏာသက်​သောကြောင့် အလျင်အမြန်​ထွက်သွား​၍ ငိုကြွေး​ရန်​နေရာ​ရှာ​ပြီး အတွင်းခန်း​ထဲသို့​ဝင်​၍ ငိုကြွေး​လေ​၏​။ 31ထို့နောက် သူ​သည် မျက်နှာ​သစ်​၍ အပြင်​သို့​ထွက်လာ​ပြီးလျှင် စိတ်​ကို​ထိန်း​လျက် “​အစားအစာ​ပြင်ဆင်​လော့​”​ဟု အမိန့်ပေး​၏​။
32ထိုအခါ ယောသပ်​အတွက်​တစ်​ပွဲ​၊ ယောသပ်​၏​ညီအစ်ကို​တို့​အတွက်​တစ်​ပွဲ​၊ ယောသပ်​နှင့်အတူ​စား​သော​အီဂျစ်​လူမျိုး​တို့​အတွက်​တစ်​ပွဲ သီးသန့်စီ​ပြင်ဆင်​ကြ​၏​။ အကြောင်းမှာ အီဂျစ်​လူမျိုး​တို့​သည် ဟေဗြဲ​လူမျိုး​တို့​နှင့်အတူ အစားအစာ​မ​စား​ရ​။ အတူတူ​စား​ခြင်း​သည် အီဂျစ်​လူမျိုး​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။ 33ယောသပ်​ရှေ့​၌ ယောသပ်​၏​ညီအစ်ကို​တို့​ကို အကြီးဆုံး​မှ​အငယ်ဆုံး​တိုင်အောင် အသက်အရွယ်​အလိုက် နေရာချ​ထား​၏​။ သူ​တို့​သည် အချင်းချင်း​တစ်ယောက်​ကို​တစ်ယောက်​ကြည့်​လျက် အံ့အားသင့်​နေ​ကြ​၏​။ 34ယောသပ်​သည် မိမိ​စားပွဲ​မှ​အစားအစာ​များ​ကို ညီအစ်ကို​တို့​ထံသို့​ပေးလိုက်​၏​။ ဗင်္ယာမိန်​ရ​သော​အစားအစာ​သည် အစ်ကို​အသီးသီး​တို့​ထက် ငါး​ဆ​များ​၏​။ သူ​တို့​သည် ယောသပ်​နှင့်အတူ စားသောက်​ပျော်ပါး​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 43: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ