ကမ္ဘာဦးကျမ်း 42
42
ယောသပ်၏အစ်ကိုများ အီဂျစ်ပြည်သို့သွားကြခြင်း
1အီဂျစ်ပြည်တွင် စားနပ်ရိက္ခာရှိကြောင်း ယာကုပ်ကြားသိရ၏။ ထိုအခါ ယာကုပ်က သူ၏သားတို့အား “သင်တို့သည် တစ်ဦးကိုတစ်ဦး အဘယ်ကြောင့်ကြည့်၍သာနေကြသနည်း”ဟု ဆို၏။ 2တစ်ဖန် ယာကုပ်က “အီဂျစ်ပြည်၌စားနပ်ရိက္ခာရှိကြောင်း ငါကြားရပြီ။ ငါတို့သည်မသေဘဲ အသက်ရှင်မည့်အကြောင်း ထိုပြည်သို့ဆင်းသွား၍ အစားအစာကို ဝယ်ယူကြလော့”ဟု ဆို၏။ 3ထိုအခါ ယောသပ်၏အစ်ကိုဆယ်ယောက်တို့သည် ဂျုံစပါးဝယ်ယူရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။ 4ယောသပ်၏ညီဗင်္ယာမိန်ကိုကား “ဗင်္ယာမိန်အပေါ် အန္တရာယ်ကျရောက်ကောင်းကျရောက်လိမ့်မည်”ဟု စိုးရိမ်သဖြင့် ယာကုပ်သည် သူ့ကို အစ်ကိုတို့နှင့်အတူမလွှတ်ပေ။
5ခါနာန်ပြည်၌လည်း ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် အစ္စရေး၏သားတို့သည် အခြားသူများနှင့်အတူ အစားအစာဝယ်ယူရန် သွားကြ၏။ 6ထိုအချိန်၌ ယောသပ်သည် တိုင်းပြည်ကိုအုပ်စိုးသောဘုရင်ခံဖြစ်ပြီး ပြည်သူပြည်သားအပေါင်းတို့အား အစားအစာရောင်းချပေးသောသူဖြစ်၏။ ယောသပ်၏အစ်ကိုတို့သည်ရောက်လာ၍ သူ့ရှေ့၌ မြေမှာပျပ်ဝပ်ကြ၏။ 7ယောသပ်သည် မိမိ၏အစ်ကိုတို့ကိုမြင်သောအခါ သူတို့ကို မှတ်မိသော်လည်း မသိဟန်ဆောင်လျက် ကြမ်းတမ်းစွာပြောဆို၏။ ယောသပ်က သူတို့အား “သင်တို့ အဘယ်ကလာကြသနည်း”ဟု မေးလျှင် သူတို့က “အစားအစာဝယ်ယူရန် ခါနာန်ပြည်မှလာကြပါ၏”ဟု ပြန်လျှောက်ကြ၏။
8ယောသပ်သည် အစ်ကိုတို့ကိုမှတ်မိသော်လည်း သူတို့က ယောသပ်ကိုမမှတ်မိကြ။ 9ယောသပ်သည် သူတို့နှင့်ပတ်သက်၍ မြင်မက်ခဲ့သောအိပ်မက်ကို သတိရသဖြင့် သူတို့အား “သင်တို့သည် ဤပြည်၏အားနည်းချက်ကို စူးစမ်းရန်လာသောသူလျှိုများ ဖြစ်ကြ၏”ဟု ဆို၏။
10သူတို့ကလည်း “ထိုသို့မဟုတ်ပါ၊ သခင်၊ သခင့်အစေအပါးတို့သည် အစားအစာဝယ်ယူရန်သာ ရောက်လာကြခြင်းဖြစ်ပါ၏။ 11အကျွန်ုပ်တို့အားလုံးသည် ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြပါ၏။ အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သခင့်အစေအပါးအကျွန်ုပ်တို့သည် သူလျှိုမဟုတ်ပါ”ဟု ယောသပ်အားလျှောက်ကြ၏။ 12သို့သော် ယောသပ်က သူတို့အား “မဟုတ်ပါ။ သင်တို့သည် ဤပြည်၏အားနည်းချက်ကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆို၏။ 13ထိုအခါ သူတို့က “သခင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ခါနာန်ပြည်က ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ အငယ်ဆုံးသည် ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူနေခဲ့ပါ၏။ ကျန်တစ်ယောက်ကား မရှိတော့ပါ”ဟု လျှောက်ကြ၏။
14သို့သော် ယောသပ်က “သင်တို့ကိုငါပြောခဲ့သည့်အတိုင်း သင်တို့သည် သူလျှိုများဖြစ်ကြ၏။ 15သင်တို့သည် ဤသို့စစ်ဆေးခြင်းခံရမည်။ ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ သင်တို့၏အငယ်ဆုံးညီသည် ဤအရပ်သို့မရောက်လာလျှင် သင်တို့သည် ဤအရပ်မှမထွက်သွားရ။ 16သင်တို့၏စကားမှန်သည်၊ မမှန်သည်ကိုစစ်ဆေးရန် သင်တို့သည် အကျဉ်းချခံရမည်။ သို့သော် သင်တို့ထဲမှ တစ်ယောက်ကိုစေလွှတ်၍ သူသည် သင်တို့၏ညီကိုခေါ်ဆောင်လာပါစေ။ သို့မဟုတ်လျှင် သင်တို့သည် သူလျှိုများဖြစ်ကြသည်ဟု ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ ငါပြောသည်”ဟု သူတို့အား ဆိုပြီးလျှင် 17ယောသပ်သည် သူတို့ကိုသုံးရက် အကျဉ်းချထားလေ၏။
18သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။ 19သင်တို့သည် ရိုးသားသောသူများဖြစ်လျှင် သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို အကျဉ်းထောင်ထဲ၌ အကျဉ်းချခံစေ။ ကျန်သောသူတို့မူကား ပြန်သွားကြလော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူသွားကြလော့။ 20သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ရမည်။ သို့ပြုလျှင် သင်တို့၏စကားမှန်ကန်ကြောင်းအတည်ပြုမည်။ သင်တို့ သေရမည်မဟုတ်”ဟု ဆို၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
21ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
22ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
23ယောသပ်သည် သူတို့ကို စကားပြန်နှင့်ပြောသောကြောင့် သူတို့စကားကို ယောသပ်နားလည်ကြောင်း သူတို့မသိကြ။ 24ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။ 25ထို့နောက် သူတို့၏အိတ်များထဲ၌ ဂျုံစပါးအပြည့်ဖြည့်၍ သူတို့၏ငွေများကိုလည်း သူတို့၏အိတ်အသီးသီး၌ ပြန်ထည့်ပေးရန်နှင့် သူတို့အား လမ်းခရီးအတွက်စားနပ်ရိက္ခာထည့်ပေးရန် ယောသပ်အမိန့်ပေးသည့်အတိုင်း သူတို့အတွက် ပြုပေးလေ၏။ 26သူတို့သည် စားနပ်ရိက္ခာများကို မိမိတို့၏မြည်းများပေါ်တင်ပြီး ထိုအရပ်မှထွက်ခွာသွားကြ၏။
အစ်ကိုများ အိမ်ပြန်သွားကြခြင်း
27စခန်းချရာနေရာ၌ တစ်ယောက်သည် မိမိ၏မြည်းကိုအစာကျွေးရန် မိမိ၏အိတ်ကိုဖွင့်သောအခါ အိတ်ဝ၌ မိမိ၏ငွေကိုတွေ့၏။ 28ထိုအခါ သူက မိမိ၏ညီအစ်ကိုတို့အား “အကျွန်ုပ်၏ငွေကို ပြန်ထည့်ထားပါပြီ။ ကြည့်ပါ။ အကျွန်ုပ်၏အိတ်ထဲ၌ရှိပါ၏”ဟု ဆို၏။ သူတို့သည် စိတ်အားလျော့လျက် ကြောက်ရွံ့တုန်လှုပ်ကာ “ငါတို့၌ ဘုရားသခင်ပြုတော်မူသောဤအမှုကား မည်သို့နည်း”ဟု ညီအစ်ကိုအချင်းချင်းပြောဆိုကြ၏။
29သူတို့သည် ခါနာန်ပြည်ရှိ မိမိတို့ဖခင်ယာကုပ်ထံသို့ရောက်သောအခါ မိမိတို့၌ဖြစ်ပျက်ခဲ့သမျှတို့ကို ဖခင်အားပြောပြကြ၏။ 30သူတို့က “ထိုပြည်၏အရှင်သခင်သည် အကျွန်ုပ်တို့အား ကြမ်းတမ်းစွာပြောဆိုလျက် ထိုပြည်ကို စူးစမ်းရန်လာသောသူလျှိုများဟု ထင်မှတ်ပါ၏။ 31သို့သော်လည်း အကျွန်ုပ်တို့က သူ့အား ‘အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။ 32အကျွန်ုပ်တို့သည် ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောသားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ တစ်ယောက်ကား မရှိတော့ပါ။ အငယ်ဆုံးကား ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူ ခါနာန်ပြည်၌ နေခဲ့ပါသည်’ဟု လျှောက်ကြပါ၏။ 33ထိုပြည်၏အရှင်သခင်ကလည်း အကျွန်ုပ်တို့အား ‘သင်တို့သည် ရိုးသားသောသူများဖြစ်ကြောင်းကို ဤသို့ဖြင့် ငါသိရလိမ့်မည်။ သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို ငါ့ထံ၌ထားခဲ့လော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူ၍ ပြန်သွားကြလော့။ 34သို့သော် သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့။ ဤသို့ဖြင့် သင်တို့သည် သူလျှိုများမဟုတ်ဘဲ ရိုးသားသောသူများဖြစ်ကြောင်း ငါသိရလိမ့်မည်။ ထိုအခါ သင်တို့၏ညီအစ်ကိုကို သင်တို့ထံ ငါပြန်အပ်၍ သင်တို့သည် ဤပြည်၌ ရောင်းဝယ်ဖောက်ကားခွင့်ရလိမ့်မည်’ဟူ၍ မိန့်ဆိုပါသည်”ဟု ဆိုကြ၏။
35ထို့နောက် သူတို့သည် မိမိတို့အိတ်များကိုသွန်ချသောအခါ မိမိနှင့်ဆိုင်သောငွေထုပ်အသီးသီးသည် မိမိ၏အိတ်ထဲ၌ရှိ၏။ သူတို့နှင့်သူတို့၏ဖခင်သည် ထိုငွေထုပ်များကိုမြင်သောအခါ ကြောက်လန့်ကြ၏။
36သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။
37ထိုအခါ ရုဗင်က ဖခင်အား “အကျွန်ုပ်သည် ဗင်္ယာမိန်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်၏သားနှစ်ယောက်ကိုသတ်ပါလော့။ ဗင်္ယာမိန်ကို အကျွန်ုပ်လက်၌အပ်ပါ။ အကျွန်ုပ်သည် သူ့ကို အဖေ့ထံသို့ ပြန်ခေါ်ဆောင်လာပါမည်”ဟု ဆို၏။
38သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦးကျမ်း 42: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative