YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 38:13-24

ကမ္ဘာဦးကျမ်း 38:13-24 MSBU

ထိုအခါ တစ်စုံတစ်ဦး​က တာမာ​အား “​သင်​၏​ယောက္ခမ​သည် သိုး​မွေး​ညှပ်​ရန် တိမနတ်​မြို့​သို့​သွား​နေ​သည်​”​ဟု ကြားပြော​လေ​၏​။ ရှေလ​ကြီးပြင်း​လာ​ပြီ​ဖြစ်​သော်လည်း တာမာ​က မိမိ​ကို ရှေလ​နှင့်​မ​ပေးစား​ကြောင်း သိမြင်​သဖြင့် မိမိ​ကိုယ်​ပေါ်​မှ မုဆိုးမ​အဝတ်​ကို​ချွတ်​၍ မိမိကိုယ်ကို​ခြုံပဝါ​ဖြင့် ဖုံးအုပ်​ခြုံရုံ​ပြီးလျှင် တိမနတ်​မြို့​သို့​သွား​ရာ​လမ်း​ရှိ ဧနိမ်​မြို့​အဝင်ဝ​၌ ထိုင်​နေ​၏​။ ယုဒ​သည် သူ့​ကို​မြင်​သောအခါ သူ​သည် မိမိ​၏​မျက်နှာ​ကို​ဖုံး​ထား​သောကြောင့် ပြည့်တန်ဆာ​ဟု ထင်မှတ်​လေ​၏​။ ယုဒ​သည် သူ့​ကို မိမိ​၏​ချွေးမ​ဖြစ်ကြောင်း​မ​သိ​သောကြောင့် လမ်းဘေး​ရှိ​တာမာ​ထံသို့​လှည့်လာ​ပြီး “​လာ​ပါ​။ သင့်​ထံသို့ ငါ​ဝင်​လို​၏​”​ဟု ဆို​လေ​၏​။ ထိုအခါ တာမာ​က “​သင်​သည် ကျွန်မ​ထံသို့​ဝင်​လျှင် ကျွန်မ​အား မည်သည့်​အရာ​ကို​ပေး​မည်နည်း​”​ဟု မေး​လေ​၏​။ ယုဒ​က​လည်း “​သိုးဆိတ်​တို့​ထဲမှ ဆိတ်သငယ်​တစ်​ကောင်​ကို​ပို့ပေး​မည်​”​ဟု ဆို​သော် သူ​က “​သင်​မ​ပို့ပေး​မီ အာမခံပစ္စည်း​ကို​သာ ပေး​ထား​ပါ​”​ဟု ဆို​၏​။ ယုဒ​က “​သင့်​အား မည်သည့်​အာမခံပစ္စည်း​ကို ငါ​ပေး​ရ​မည်နည်း​”​ဟု မေး​လျှင် သူ​က “​သင်​၏​တံဆိပ်​၊ သင်​၏​ကြိုး​၊ သင်​ကိုင်ဆောင်​သော​တောင်ဝှေး​”​ဟု ဆို​၏​။ ယုဒ​သည်​လည်း ထို​ပစ္စည်း​တို့​ကို သူ့​အား​ပေး​ပြီး သူ့​ထံသို့​ဝင်​သဖြင့် သူ​သည် ယုဒ​နှင့်​ကိုယ်ဝန်ရ​လေ​၏​။ တာမာ​သည် ထ​သွား​၍ မိမိ​ကိုယ်​ပေါ်​မှ ခြုံပဝါ​ကို​ချွတ်​ပြီးလျှင် မုဆိုးမ​အဝတ်​ကို​ပြန်ဝတ်​၏​။ ထို့နောက် ယုဒ​သည် ထို​မိန်းမ​လက်​မှ အာမခံပစ္စည်း​ကို​ပြန်ယူ​ရန် ဆိတ်သငယ်​တစ်​ကောင်​ကို မိမိ​၏​မိတ်ဆွေ​အဒုလံ​မြို့သား​နှင့်​ပို့လိုက်​၏​။ သို့ရာတွင် သူ​သည် ထို​မိန်းမ​ကို​ရှာ​မ​တွေ့​သဖြင့် သူ​က ထို​အရပ်​၌​ရှိ​သော​လူ​တို့​အား “​ဧနိမ်​မြို့​လမ်း​ဘေး​၌​ထိုင်​လေ့​ရှိ​သော ဗိမာန်ပြည့်တန်ဆာ​သည် အဘယ်မှာ​နည်း​”​ဟု မေး​၏​။ သူ​တို့​က​လည်း “​ဤ​အရပ်​၌ ဗိမာန်ပြည့်တန်ဆာ​မ​ရှိ​”​ဟု ပြန်ပြော​ကြ​၏​။ ထိုအခါ သူ​သည် ယုဒ​ထံသို့​ပြန်လာ​၍ “​ထို​မိန်းမ​ကို ရှာ​မ​တွေ့​ပါ​။ ထို​အရပ်​၌​ရှိ​သော​လူ​တို့​က​လည်း ‘​ဤ​အရပ်​၌ ဗိမာန်ပြည့်တန်ဆာ​မ​ရှိ​’​ဟူ၍ ဆို​ကြ​ပါ​သည်​”​ဟု ပြော​လေ​၏​။ ထိုအခါ ယုဒ​က “​ထို​ပစ္စည်း​တို့​ကို သူ​ယူထား​ပါလေစေ​။ ထိုသို့​မ​ဟုတ်​လျှင် ငါ​တို့​သည် မထီမဲ့မြင်ပြုစရာ​ဖြစ်​လိမ့်မည်​။ ကြည့်​ပါ​။ ငါ​သည် ဤ​ဆိတ်သငယ်​ကို​ပို့လိုက်​သော်လည်း သင်​သည် သူ့​ကို​ရှာ​မ​တွေ့​ခဲ့​ချေ​”​ဟု ဆို​လေ​၏​။ သုံး​လ​ခန့်​ကြာ​ပြီးနောက် တစ်စုံတစ်ဦး​က ယုဒ​အား “​သင်​၏​ချွေးမ​တာမာ​သည် ပြည့်တန်ဆာအလုပ်လုပ်​၏​။ ကြည့်​လော့​။ ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့်​လည်း ကိုယ်ဝန်ရ​နေ​ပြီ​”​ဟု ကြားပြော​၏​။ ထို့ကြောင့် ယုဒ​က “​သူ့​ကို​အပြင်ထုတ်​၍ မီးရှို့​သတ်​စေ​”​ဟု ဆို​၏​။