YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 33

33
ယာကုပ်နှင့်ဧသောတို့တွေ့ဆုံကြခြင်း
1ယာကုပ်​သည်​မျှော်ကြည့်​ရာ ဧသော​သည် လူ​လေး​ရာ​နှင့်အတူ​လာ​နေ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် သူ​သည် ကလေး​တို့​ကို လေအာ​၊ ရာခေလ​နှင့် ကျွန်မ​နှစ်​ယောက်​တို့​အား အသီးသီး​ခွဲပေး​ပြီးလျှင် 2ကျွန်မ​နှစ်​ယောက်​နှင့်​သူ​တို့​၏​ကလေး​များ​ကို ရှေ့ဆုံး​၌​လည်းကောင်း​၊ လေအာ​နှင့်​သူ​၏​ကလေး​များ​ကို အလယ်​၌​လည်းကောင်း​၊ ရာခေလ​နှင့်​ယောသပ်​ကို နောက်ဆုံး​၌​လည်းကောင်း ထား​လေ​၏​။ 3ထို့နောက် သူ​ကိုယ်တိုင် သူ​တို့​ရှေ့​မှ​သွား​၍ ခုနစ်​ကြိမ်​တိုင်တိုင် မြေ​မှာ​ပျပ်ဝပ်​ရင်း အစ်ကို​ထံသို့​ချဉ်းကပ်​လေ​၏​။
4ဧသော​သည် ပြေးလာ​၍​သူ​နှင့်​တွေ့ဆုံ​ပြီး သူ့​ကို​ပွေ့ဖက်​လျက်​၊ လည်ချင်းယှက်​လျက် နမ်း​လေ​၏​။ ထို့နောက် သူ​တို့​သည် ငိုကြွေး​ကြ​၏​။ 5ဧသော​သည် မျှော်ကြည့်​၍ မိန်းမ​များ​၊ ကလေး​များ​ကို​မြင်​သောအခါ “​သင်​နှင့်အတူ​ပါလာ​သော ဤ​သူ​တို့​ကား မည်သူ​တို့​နည်း​”​ဟု မေး​သော် ယာကုပ်​က “​သခင်​၏​အစေအပါး​အား ဘုရားသခင်​ပေးသနား​တော်မူ​သော​ကလေး​များ ဖြစ်​ကြ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။ 6ထိုအခါ ကျွန်မ​တို့​နှင့်​သူ​တို့​၏​ကလေး​များ​သည် ချဉ်းကပ်​၍​ပျပ်ဝပ်​ကြ​၏​။ 7ထို့နောက် လေအာ​နှင့်​သူ​၏​ကလေး​များ​သည်​လည်း ချဉ်းကပ်​၍ ပျပ်ဝပ်​ကြ​၏​။ ထို့နောက်မှ ယောသပ်​နှင့်​ရာခေလ​သည် ချဉ်းကပ်​၍ ပျပ်ဝပ်​ကြ​၏​။ 8ဧသော​က “​ငါ​တွေ့​ခဲ့​သော ဤ​တိရစ္ဆာန်​အစုစု#33:8 တိုက်ရိုက်ပြန်ဆိုလျှင် “ဤတပ်စခန်းအားလုံး”။​တို့​ကား အဘယ်နည်း​”​ဟု မေး​လျှင် ယာကုပ်​က “​အကျွန်ုပ်​သခင်​၏​ရှေ့​၌ မျက်နှာရ​ရန်​အတွက်​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။ 9သို့သော် ဧသော​က “​ငါ့​ညီ​၊ ငါ​၌​အလုံအလောက်​ရှိ​၏​။ သင်​ပိုင်ဆိုင်​သော​အရာ သင့်​ထံ၌​ရှိ​ပါစေ​”​ဟု ဆို​လေ​၏​။
10ယာကုပ်​က​လည်း “​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌ မျက်နှာရ​ပါ​လျှင် အကျွန်ုပ်​ပေး​သော​လက်ဆောင်​ကို လက်ခံ​ပါ​လော့​။ အကယ်စင်စစ် သခင်​၏​မျက်နှာ​ကို အကျွန်ုပ်​ဖူးမြင်​ရ​သည်​မှာ ဘုရားသခင်​၏​မျက်နှာ​တော်​ကို​ဖူးမြင်​ရ​သကဲ့သို့​ဖြစ်​ပါ​၏​။ သခင်​သည်​လည်း အကျွန်ုပ်​ကို ကြည်ဖြူ​စွာ​လက်ခံ​ပါ​ပြီ​။ 11သခင့်​ထံ အကျွန်ုပ်​ယူဆောင်​လာ​သော အကျွန်ုပ်​၏​ကောင်းချီးမင်္ဂလာ​ကို လက်ခံ​ပါ​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​အား​ပေးသနား​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၌ အလုံးစုံ​ရှိ​ပါ​၏​”​ဟု ဆို​လျက် သူ့​ကို​တိုက်တွန်း​သဖြင့် သူ​သည်​လက်ခံ​လေ​၏​။
12ထို့နောက် ဧသော​က “​ငါ​တို့​ဆက်၍​ခရီးပြု​ကြ​စို့​။ သင့်​ရှေ့​မှ ငါ​သွား​မည်​”​ဟု ဆို​၏​။
13သို့သော် ယာကုပ်​က “​ကလေး​များ​သည်​နုနယ်​ပါ​၏​။ နို့စို့သားငယ်​ရှိ​သော သိုးဆိတ်​တို့​နှင့်​နွား​တို့​သည်​လည်း အကျွန်ုပ်​၌​ရှိ​ကြောင်း သခင်​သိ​ပါ​၏​။ ထို​တိရစ္ဆာန်​တို့​ကို တစ်ရက်မျှ​အပြင်းနှင်​လျှင် ၎င်း​တို့​အားလုံး​သည် သေ​ကြ​ပါ​လိမ့်မည်​။ 14သခင်​သည် သခင့်​အစေအပါး​ရှေ့​မှ သွား​နှင့်​ပါ​။ အကျွန်ုပ်​မူကား စိရ​ပြည်​ရှိ သခင့်​ထံသို့ ရောက်​သည်​အထိ ကလေးသူငယ်​တို့​နှင့် အကျွန်ုပ်​ရှေ့​၌​သွား​သော​တိရစ္ဆာန်​တို့ သွား​နိုင်​သမျှ​အတိုင်း တဖြည်းဖြည်း​လိုက်လာ​ပါ​မည်​”​ဟု လျှောက်​လေ​၏​။
15ဧသော​က​လည်း “​ငါ​၌​ရှိ​သော​လူ​အချို့​ကို သင်​နှင့်​ထားခဲ့​ပါရစေ​”​ဟု ဆို​လျှင် ယာကုပ်​က “​အဘယ်​အတွက်​နည်း​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌ ဤမျှ​မျက်နှာရ​ပါ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။
16ထို့ကြောင့် ဧသော​သည် ထို​နေ့​၌ပင် စိရ​ပြည်​လမ်း​အတိုင်း​ပြန်သွား​လေ​၏​။ 17ယာကုပ်​မူကား သုကုတ်​အရပ်​သို့​ခရီးပြု​၍ ထို​အရပ်​၌ အိမ်​ကို​ဆောက်​လေ​၏​။ မိမိ​တိရစ္ဆာန်​များ​အတွက်​လည်း ယာယီတဲ​များ​ကို​ဆောက်​လေ​၏​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို သုကုတ်#33:17 “ယာယီတဲ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။
18ယာကုပ်​သည် ပါဒန်အာရံ​ပြည်​မှ ထွက်ခွာ​ပြီးနောက် ခါနာန်​ပြည်​ရှိ ရှေခင်​မြို့​သို့ ကောင်းမွန်​စွာ​ရောက်ရှိ​လာ​ပြီး ထို​မြို့​၏​အရှေ့ဘက်​၌ စခန်းချ​လေ​၏​။ 19သူ​သည် ရှေခင်​၏​ဖခင်​ဖြစ်​သော ဟာမော်​၏​သား​တို့​ထံမှ ငွေ​တစ်ရာ​ဖြင့်​မြေ​ကွက်​ကို​ဝယ်ယူ​ပြီး ထို​အရပ်​၌​တဲထိုး​လေ​၏​။ 20ထို့နောက် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ဧလ​ဧလော​အစ္စရေး#33:20 “အစ္စရေး၏ဘုရားတည်းဟူသောဘုရားသခင်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 33: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။