YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 32

32
ဧသောနှင့်တွေ့ဆုံရန် ပြင်ဆင်ခြင်း
1ယာကုပ်​သည် ခရီး​ဆက်သွား​ရာ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် သူ​နှင့်​လာတွေ့​ကြ​၏​။ 2ယာကုပ်​သည် သူ​တို့​ကို​မြင်​သောအခါ “​ဤ​နေရာ​သည် ဘုရားသခင်​၏​တပ်စခန်း​ဖြစ်​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို မဟာနိမ် ဟု​ခေါ်​၏​။ 3ထို့နောက် ယာကုပ်​သည် စိရ​ပြည်​၊ ဧဒုံ​အရပ်​ရှိ မိမိ​အစ်ကို​ဧသော​ထံသို့ စေတမန်​တို့​ကို ရှေ့ပြေး​အဖြစ်​စေလွှတ်​၍ 4“​သင်​တို့​သည် ငါ​၏​သခင်​ဧသော​အား သခင်​၏​အစေအပါး​ယာကုပ်​က ‘​အကျွန်ုပ်​သည် လာဗန်​ထံ၌ ယခု​ထိတိုင် တည်းခို​နေထိုင်​ခဲ့​ပါ​၏​။ 5အကျွန်ုပ်​တွင် နွား​များ​၊ မြည်း​များ​၊ သိုးဆိတ်​များ​နှင့် ကျွန်ယောက်ျား​များ​၊ ကျွန်မိန်းမ​များ​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌​မျက်နှာရ​မည့်​အကြောင်း လူ​လွှတ်​၍ အကျွန်ုပ်​၏​သခင်​အား ကြိုတင်​ကြားလျှောက်​ပါ​၏​’​ဟူ၍ ပြော​ရ​မည်​”​ဟု မှာကြား​လိုက်​လေ​၏​။
6စေတမန်​တို့​သည် ယာကုပ်​ထံသို့​ပြန်ရောက်​လာ​၍ “​အကျွန်ုပ်​တို့​သည် သခင်​၏​အစ်ကို​ဧသော​ထံသို့​ရောက်​ခဲ့​ပါ​ပြီ​။ သူ​သည်​လည်း သခင်​နှင့်​တွေ့ဆုံ​ရန် လူ​လေး​ရာ​နှင့်အတူ လာ​နေ​ပါ​သည်​”​ဟု လျှောက်​ကြ​၏​။ 7ထိုအခါ ယာကုပ်​သည် အလွန်​ကြောက်​၍ စိတ်ပူပန်​သဖြင့် မိမိ​နှင့်အတူ​ရှိ​သော​လူ​တို့​ကို​လည်းကောင်း​၊ သိုးဆိတ်​၊ နွား​နှင့် ကုလားအုတ်​တို့​ကို​လည်းကောင်း အုပ်စု​နှစ်​စု​ခွဲ​ထား​၏​။ 8ယာကုပ်​က “​အကယ်၍ ဧသော​သည် တစ်​စု​ကို​လာ​၍​တိုက်ခိုက်​လျှင် ကျန်​တစ်​စု​သည် လွတ်​လိမ့်မည်​”​ဟု ဆို​၏​။
9ထို့နောက် ယာကုပ်​က “​အကျွန်ုပ်​အဖ​အာဗြဟံ​၏​ဘုရား​၊ အကျွန်ုပ်​အဖ​ဣဇက်​၏​ဘုရား​၊ အကျွန်ုပ်​အား ‘​သင့်​ပြည်​၊ သင့်​ဆွေမျိုးသားချင်း​တို့​ထံသို့ ပြန်သွား​လော့​။ ငါ​သည် သင့်​ကို​ကောင်းစား​စေ​မည်​’​ဟု မိန့်​တော်မူ​သော​ထာဝရဘုရား​၊ 10ကိုယ်တော်​၏​အစေအပါး​အပေါ်​ထား​တော်မူ​သော မေတ္တာကရုဏာ​တော်​အလုံးစုံ​၊ သစ္စာ​တော်​အလုံးစုံ​ကို အကျွန်ုပ်​မခံထိုက်​ပါ​။ အကျွန်ုပ်​သည် ဤ​ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ခဲ့​စဉ်က တောင်ဝှေး​တစ်​ချောင်း​သာ​ပါ​ပါ​၏​။ ယခု​မူကား အုပ်စု​နှစ်​စု​ဖြစ်လာ​ပါ​ပြီ​။ 11အကျွန်ုပ်​အစ်ကို​ဧသော​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကြောင်းမူကား သူ​သည်​လာ​၍ အကျွန်ုပ်​ကို​လည်းကောင်း​၊ ကလေး​နှင့်​မိခင်​တို့​ကို​လည်းကောင်း တိုက်ခိုက်​မည်​ကို​အကျွန်ုပ်​ကြောက်​ပါ​၏​။ 12သို့သော် ကိုယ်တော်​က ‘​ငါ​သည် သင့်​ကို​အမှန်ပင်​ကောင်းစား​စေ​၍ သင်​၏​သားစဉ်မြေးဆက်​တို့​ကို မ​ရေတွက်​နိုင်​အောင် များပြား​သော​ပင်လယ်​သဲပွင့်​ကဲ့သို့​ဖြစ်​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။
13ယာကုပ်​သည် ထို​ည​တွင် ထို​အရပ်​၌​ညအိပ်နား​ပြီးလျှင် အစ်ကို​ဧသော​အား လက်ဆောင်​ပေး​ရန် မိမိ​၏​လက်​ရှိ​ဥစ္စာ​ထဲမှ 14ဆိတ်မ​အကောင်​နှစ်ရာ​၊ ဆိတ်ထီး​အကောင်​နှစ်ဆယ်​၊ သိုးမ​အကောင်​နှစ်ရာ​၊ သိုးထီး​အကောင်​နှစ်ဆယ်​၊ 15နို့တိုက်​ကုလားအုတ်​အကောင်​သုံးဆယ်​နှင့် ၎င်း​တို့​၏​သားပေါက်​များ​၊ နွားမ​အကောင်​လေးဆယ်​၊ နွားထီး​ဆယ်​ကောင်​၊ မြည်းမ​အကောင်​နှစ်ဆယ်​နှင့် မြည်းထီး​ဆယ်​ကောင်​တို့​ကို​ယူ​၍ 16၎င်း​တို့​ကို သူ့​အမျိုး​နှင့်​သူ အုပ်လိုက် အုပ်လိုက် မိမိ​ကျွန်​တို့​လက်​သို့​အပ်​လေ​၏​။ ထို့နောက် ထို​ကျွန်​တို့​အား “​ငါ့​ရှေ့​မှ ကူးသွား​နှင့်​ကြ​လော့​။ တိရစ္ဆာန်​တစ်​အုပ်​နှင့်​တစ်အုပ်​ကို ခပ်လှမ်းလှမ်းခွာ​ထား​လော့​”​ဟု ဆို​၏​။
17ထို့ပြင် ရှေ့ဆုံး​မှ​သွား​သော​သူ​အား “​ငါ့​အစ်ကို​ဧသော​သည် သင့်​ကို​တွေ့​၍ ‘​သင်​သည် မည်သူ​၏​လူ​ဖြစ်​သနည်း​။ မည်သည့်​အရပ်​သို့​သွား​မည်နည်း​။ သင့်​ရှေ့​၌​ရှိ​သော​ဤ​အရာ​တို့​ကား မည်သူ​၏​ဥစ္စာ​ဖြစ်​သနည်း​’​ဟု သင့်​ကို​မေး​လျှင် 18‘​သခင့်​အစေအပါး ယာကုပ်​၏​ဥစ္စာ​ဖြစ်​ပါ​၏​။ ဤ​အရာ​တို့​သည် သခင်​ဧသော​အား ဆက်သ​လိုက်​သော​လက်ဆောင်​ဖြစ်​ပါ​၏​။ သူ​သည်​လည်း အကျွန်ုပ်​တို့​နောက်မှ လိုက်လာ​ပါ​၏​’​ဟူ၍ လျှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။
19ဒုတိယ​လူ​၊ တတိယ​လူ​နှင့် တိရစ္ဆာန်အုပ်​နောက်မှ​လိုက်​သော​သူ​အပေါင်း​တို့​ကို​လည်း “​သင်​တို့​သည် ဧသော​ကို​တွေ့​သောအခါ ထို​အတိုင်း​လျှောက်​ရ​မည်​။ 20ထို့ပြင် ‘​အရှင့်​အစေအပါး ယာကုပ်​သည်​လည်း အကျွန်ုပ်​တို့​နောက်မှ လိုက်လာ​ပါ​၏​’​ဟူ၍ လျှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ယာကုပ်​က “​ငါ့​အလျင်​ရောက်​နှင့်​သော​လက်ဆောင်​ဖြင့် သူ့​ကို​စိတ်ပြေ​စေ​ပြီးမှ သူ​နှင့်​ငါ​တွေ့ဆုံ​မည်​။ သို့ပြုလျှင် သူ​သည် ငါ့​ကို​လက်ခံ​ကောင်း​လက်ခံ​လိမ့်မည်​”​ဟု တွေးထင်​သောကြောင့်​ဖြစ်​၏​။
21ထိုသို့ ယာကုပ်​သည် မိမိ​ထက်​အလျင် လက်ဆောင်​ကို တစ်ဖက်ကမ်း​သို့​ပို့​လိုက်​၏​။ သူ​ကိုယ်တိုင်​မူကား ထို​ည​တွင် စခန်း​ထဲ၌ ညအိပ်နား​လေ​၏​။ 22သို့သော် ထို​ည​တွင် သူ​သည် ထ​၍ မိမိ​၏​မယား​နှစ်​ယောက်​၊ မိမိ​၏​ကျွန်မ​နှစ်​ယောက်​နှင့် မိမိ​၏​သား​တစ်ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်ဆောင်​၍ ယဗ္ဗုတ်​ရေဆိပ်​မှ ဖြတ်ကူး​၏​။ 23ထိုသို့ သားမယား​တို့​ကို ချောင်း​တစ်ဖက်ကမ်း​သို့​ဖြတ်ကူး​စေ​ပြီးလျှင် မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​တို့​ကို​လည်း တစ်ဖက်ကမ်း​သို့​ပို့​လိုက်​၏​။
ကောင်းကင်တမန်နှင့်ယာကုပ်နပန်းလုံးခြင်း
24ယာကုပ်​သည် တစ်ယောက်တည်း​ကျန်​ခဲ့​၏​။ ထိုအခါ လူ​တစ်​ယောက်​သည် အရုဏ်တက်​ချိန်​အထိ ယာကုပ်​နှင့်​နပန်းလုံး​လေ​၏​။ 25ထို​သူ​သည် ယာကုပ်​ကို မ​နိုင်​မှန်း​သိမြင်​သောအခါ ယာကုပ်​၏​တင်ပါးဆုံ​အဆစ်​ကို​ထိုး​၏​။ ထို့ကြောင့် ထို​သူ​နှင့်​နပန်းလုံး​စဉ်တွင် ယာကုပ်​၏​တင်ပါးဆုံ​အဆစ်​သည် လွဲ​လေ​၏​။ 26ထို​သူ​က “​အရုဏ်တက်​ပြီ​ဖြစ်၍ ငါ့​ကို​လွှတ်​ပါ​”​ဟု ဆို​၏​။ သို့သော် ယာကုပ်​က “​အကျွန်ုပ်​ကို​ကောင်းချီး​မ​ပေး​လျှင် အရှင့်​ကို အကျွန်ုပ်​မ​လွှတ်​ပါ​”​ဟု ဆို​၏​။ 27ထို​သူ​က​လည်း “​သင့်​နာမည်​ကား အဘယ်နည်း​”​ဟု မေး​လျှင် “​ယာကုပ် ဖြစ်​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။ 28ထိုအခါ ထို​သူ​က “​သင်​၏​အမည်​ကို ယာကုပ် ဟု​မ​ခေါ်​တော့​ဘဲ အစ္စရေး#32:28 “ဘုရားသခင်နှင့်ပြိုင်သောသူ”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု​ခေါ်​ရ​မည်​။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်​လည်းကောင်း​၊ လူ​နှင့်​လည်းကောင်း ပြိုင်​၍​နိုင်​လေ​ပြီ​”​ဟု ဆို​၏​။ 29ယာကုပ်​က​လည်း “​အရှင်​၏​အမည်​ကို သိ​ပါရစေ​”​ဟု ဆို​လျှင် ထို​သူ​က “​အဘယ်ကြောင့် ငါ​၏​အမည်​ကို​မေး​သနည်း​”​ဟု ဆို​ပြီး ထို​အရပ်​၌ ယာကုပ်​ကို ကောင်းချီးပေး​လေ​၏​။
30ထို့ကြောင့် ယာကုပ်​က “​ငါ​သည် ဘုရားသခင်​ကို မျက်နှာချင်းဆိုင်​မြင်​ရ​လျက်​နှင့် အသက်​ချမ်းသာ​ရာ​ရ​သေး​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို ပေနွေလ#32:30 “ဘုရားသခင်၏မျက်နှာတော်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။ 31ပေနွေလ​အရပ်​ကို ယာကုပ်​လွန်သွား​သောအခါ နေ​ထွက်​ပြီ​ဖြစ်​၏​။ သူ​သည် သူ​၏​တင်ပါးဆုံ​အဆစ်လွဲ​သွား​သောကြောင့် ထော့နဲ့​ထော့နဲ့​ဖြင့်​သွား​လေ​၏​။ 32ထိုသို့ ယာကုပ်​၏​တင်ပါးဆုံ​အဆစ်​၌​ရှိ​သော​အကြော​ကို ထိုး​သောကြောင့် ယနေ့​တိုင်အောင် အစ္စရေး​အမျိုးသား​တို့​သည် တင်ပါးဆုံ​အဆစ်​၌​ရှိ​သော​အကြော​ကို မ​စား​ကြ​ချေ​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 32: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။