ကမ္ဘာဦးကျမ်း 29
29
ယာကုပ်နှင့်ရာခေလတွေ့ဆုံခြင်း
1ထို့နောက် ယာကုပ်သည် ခရီးဆက်၍ အရှေ့ပြည်သားတို့နေရာအရပ်သို့ ရောက်သောအခါ 2ကွင်းပြင်၌ ရေတွင်းတစ်တွင်းကိုမြင်လေ၏။ ရေတွင်းအနီးတွင် သိုးအုပ်သုံးအုပ်လဲလျောင်းနေ၏။ အကြောင်းမှာ သိုးအုပ်တို့ကို ထိုရေတွင်း၌ ရေတိုက်လေ့ရှိကြသောကြောင့်ဖြစ်၏။ ထိုရေတွင်းဝကို ကျောက်တုံးကြီးဖြင့် ပိတ်ထား၏။ 3သိုးအုပ်အားလုံးကို ထိုရေတွင်း၌စုဝေးစေပြီးမှ သိုးထိန်းတို့သည် တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်၍ သိုးတို့ကိုရေတိုက်ပြီးလျှင် ကျောက်တုံးကို သူ့နေရာ တွင်းဝ၌ပြန်ထားလေ့ရှိကြ၏။ 4ယာကုပ်က သိုးထိန်းတို့အား “ငါ့ညီအစ်ကိုတို့၊ သင်တို့ အဘယ်အရပ်ကလာကြသနည်း”ဟု မေးရာ သူတို့က “ငါတို့သည် ဟာရန်မြို့မှလာကြသည်”ဟု ပြန်ဖြေကြ၏။ 5တစ်ဖန် ယာကုပ်က “နာခေါ်၏သားလာဗန်ကို သင်တို့သိကြသလော”ဟု မေးရာ သူတို့က “ငါတို့သိသည်”ဟု ပြန်ဖြေကြ၏။ 6“သူကျန်းမာပါသလော”ဟု မေးပြန်ရာ သူတို့က “ကျန်းမာပါသည်။ ကြည့်ပါ။ သူ၏သမီးရာခေလသည် သိုးများနှင့်လာနေပြီ”ဟု ပြန်ဖြေကြ၏။ 7ယာကုပ်ကလည်း “အချိန်စောပါသေး၏။ တိရစ္ဆာန်တို့ကိုစုဝေးရမည့်အချိန်လည်း မဟုတ်ပါ။ သိုးတို့ကိုရေတိုက်ပြီးလျှင် သွား၍ ထိန်းကျောင်းကြဦးလော့”ဟု ဆို၏။ 8သို့သော် သူတို့က “သိုးအုပ်အားလုံးကို စုဝေးစေ၍ ကျောက်တုံးကို တွင်းဝမှလှိမ့်ဖယ်ပြီးမှသာငါတို့သည် သိုးတို့ကို ရေတိုက်ရသည်။ သို့မဟုတ်လျှင် မတိုက်ရပါ”ဟု ပြန်ပြောကြ၏။
9ယာကုပ်သည် သူတို့နှင့်စကားပြောလျက်နေစဉ် ဖခင်၏သိုးတို့ကို ထိန်းကျောင်းသောရာခေလသည် သိုးများနှင့်အတူ ရောက်လာ၏။ 10ယာကုပ်သည် မိမိဦးရီးလာဗန်၏သမီးရာခေလနှင့် ဦးရီးလာဗန်၏သိုးများကိုမြင်သောအခါ ရေတွင်းအနီးသို့သွား၍ တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်ပြီးလျှင် ဦးရီးလာဗန်၏သိုးများကို ရေတိုက်လေ၏။ 11ထို့နောက် ယာကုပ်သည် ရာခေလကိုနမ်း၍ အော်ဟစ်ငိုကြွေးလေ၏။ 12ယာကုပ်က မိမိသည် ရာခေလဖခင်၏ဆွေမျိုးသားချင်းဖြစ်ပြီး ရေဗက္ကာ၏သားဖြစ်ကြောင်း ရာခေလကိုပြောပြလေ၏။ ထိုအခါ ရာခေလသည် ပြေးသွား၍ မိမိဖခင်အား ပြောပြလေ၏။
ယာကုပ်လှည့်စားခံရခြင်း
13လာဗန်သည် မိမိတူ ယာကုပ်အကြောင်းကိုကြားရသောအခါ သူနှင့်တွေ့ဆုံရန် ပြေးလာကာ သူ့ကိုပွေ့ဖက်၍နမ်းပြီးလျှင် မိမိအိမ်သို့ခေါ်သွား၏။ ယာကုပ်သည်လည်း အကြောင်းအရာအားလုံးကို လာဗန်အားပြောပြလေ၏။
14လာဗန်ကလည်း “သင်သည် အမှန်ပင် ငါ၏သွေးရင်းသားရင်း#29:14 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ၏အရိုး၊ ငါ၏အသား”။ဖြစ်၏”ဟု ဆို၏။ ယာကုပ်သည် လာဗန်နှင့်အတူ တစ်လနေထိုင်ပြီးနောက် 15လာဗန်က “သင်သည် ငါ၏ဆွေမျိုးသားချင်းဖြစ်သောကြောင့် အဖိုးအခမယူဘဲ ငါ့ကိုအစေခံရမည်လော။ သင်၏လုပ်အားခအတွက် မည်သည့်အရာပေးရမည်ကို ငါ့အားပြောလော့”ဟု ယာကုပ်အား ဆို၏။
16လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး၏အမည်မှာ လေအာ၊ အငယ်၏အမည်မှာ ရာခေလဖြစ်၏။ 17လေအာသည် မျက်လုံးမှေး#29:17 သို့မဟုတ် “မျက်လုံးနူးညံ့”။၏။ ရာခေလမူကား အဆင်းသဏ္ဌာန်လှပ၍ ချစ်စရာကောင်း၏။ 18ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
19လာဗန်ကလည်း “သူ့ကို အခြားသူနှင့်ထိမ်းမြားပေးသည်ထက် သင်နှင့်ထိမ်းမြားပေးသည်က ငါ့အတွက်ပို၍ကောင်း၏။ ငါနှင့်အတူနေထိုင်လော့”ဟု ဆို၏။ 20ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
21ထို့နောက်မှ ယာကုပ်သည် လာဗန်အား “အကျွန်ုပ်၏အချိန်ပြည့်ပြီဖြစ်၍ အကျွန်ုပ်သည် မယားထံသို့ဝင်နိုင်ရန် သူ့ကိုအကျွန်ုပ်နှင့်ထိမ်းမြားပေးပါ”ဟု ဆို၏။ 22ထို့ကြောင့် လာဗန်သည် ထိုအရပ်၌ရှိသောလူအပေါင်းတို့ကိုဖိတ်ခေါ်လျက် စားသောက်ပွဲကျင်းပလေ၏။ 23နေဝင်ချိန်၌ လာဗန်သည် မိမိသမီးလေအာကိုခေါ်၍ ယာကုပ်ထံပို့ဆောင်၏။ ယာကုပ်သည်လည်း သူ့ထံသို့ဝင်လေ၏။ 24(လာဗန်သည် မိမိကျွန်မဇိလပကို သမီးလေအာ၏ကျွန်မအဖြစ် လက်ဖွဲ့၏။)
25နံနက်အချိန်ရောက်သောအခါ ယာကုပ်သည် လေအာဖြစ်ကြောင်းမြင်လျှင် လာဗန်အား “အကျွန်ုပ်၌ ဦးရီးပြုသောဤအမှုကား မည်သို့နည်း။ အကျွန်ုပ်သည် ရာခေလကိုရဖို့ ဦးရီးကိုအစေခံခဲ့သည်မဟုတ်လော။ အကျွန်ုပ်ကို အဘယ်ကြောင့်လှည့်စားရသနည်း”ဟု ဆို၏။
26လာဗန်ကလည်း “ငါတို့အရပ်၌ သမီးအငယ်ကို သမီးအကြီးထက်အလျင် ထိမ်းမြားပေးလေ့မရှိ။ 27ဤရက်သတ္တပတ်ကို လွန်စေလော့။ သို့ပြုလျှင် သမီးနောက်တစ်ယောက်နှင့်လည်း သင့်ကိုထိမ်းမြားပေးဦးမည်။ ထို့အတွက် သင်သည် နောက်ထပ်ခုနစ်နှစ် ငါ့ကိုအစေခံရမည်”ဟု ဆို၏။
28ယာကုပ်သည်လည်း ထိုအတိုင်းပြု၏။ ထိုရက်သတ္တပတ်လွန်သောအခါ လာဗန်သည် မိမိသမီးရာခေလကို ယာကုပ်နှင့်ထိမ်းမြားပေးလေ၏။ 29(လာဗန်သည် မိမိကျွန်မဗိလဟာကို သမီးရာခေလ၏ကျွန်မအဖြစ် လက်ဖွဲ့၏။) 30ထိုအခါ ယာကုပ်သည် ရာခေလထံသို့လည်း ဝင်လေ၏။ သူသည် ရာခေလကို လေအာထက်ပို၍ချစ်၏။ ယာကုပ်သည် လာဗန်ကို နောက်ထပ် ခုနစ်နှစ်အစေခံလေ၏။
ယာကုပ်၏သားများ
31လေအာအမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍ သူ့အားသန္ဓေတည်ခွင့်ကိုပေးတော်မူ၏။ ရာခေလမူကား မြုံသောမိန်းမဖြစ်၏။ 32လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင်#29:32 “သားကိုကြည့်ပါ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်လေ၏။
33သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါအမုန်းခံရသည်ကို ထာဝရဘုရားကြားသောကြောင့် ဤသားကိုလည်း ငါ့အားပေးသနားတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ရှိမောင်#29:33 “ကြား”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်လေ၏။
34သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါ့ယောက်ျားအတွက် သားသုံးယောက်ကို ငါဖွားမြင်ပြီဖြစ်၍ ယခုတစ်ခါ သူသည် ငါ့ကိုတွယ်တာလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို လေဝိ#29:34 “တွယ်တာ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်လေ၏။
35သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ#29:35 “ချီးမွမ်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦးကျမ်း 29: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative