YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 29

29
ယာကုပ်နှင့်ရာခေလတွေ့ဆုံခြင်း
1ထို့နောက် ယာကုပ်​သည် ခရီးဆက်​၍ အရှေ့​ပြည်သား​တို့​နေ​ရာ​အရပ်​သို့ ရောက်​သောအခါ 2ကွင်းပြင်​၌ ရေတွင်း​တစ်​တွင်း​ကို​မြင်​လေ​၏​။ ရေတွင်း​အနီး​တွင် သိုးအုပ်​သုံး​အုပ်​လဲလျောင်း​နေ​၏​။ အကြောင်းမှာ သိုးအုပ်​တို့​ကို ထို​ရေတွင်း​၌ ရေတိုက်​လေ့​ရှိ​ကြ​သောကြောင့်​ဖြစ်​၏​။ ထို​ရေတွင်းဝ​ကို ကျောက်တုံး​ကြီး​ဖြင့် ပိတ်​ထား​၏​။ 3သိုးအုပ်​အားလုံး​ကို ထို​ရေတွင်း​၌​စုဝေး​စေ​ပြီးမှ သိုးထိန်း​တို့​သည် တွင်း​ဝ​မှ​ကျောက်တုံး​ကို​လှိမ့်ဖယ်​၍ သိုး​တို့​ကို​ရေတိုက်​ပြီးလျှင် ကျောက်တုံး​ကို သူ့​နေရာ တွင်း​ဝ​၌​ပြန်ထား​လေ့​ရှိ​ကြ​၏​။ 4ယာကုပ်​က သိုးထိန်း​တို့​အား “​ငါ့​ညီအစ်ကို​တို့​၊ သင်​တို့ အဘယ်​အရပ်​က​လာ​ကြ​သနည်း​”​ဟု မေး​ရာ သူ​တို့​က “​ငါ​တို့​သည် ဟာရန်​မြို့​မှ​လာ​ကြ​သည်​”​ဟု ပြန်ဖြေ​ကြ​၏​။ 5တစ်ဖန် ယာကုပ်​က “​နာခေါ်​၏​သား​လာဗန်​ကို သင်​တို့​သိ​ကြ​သလော​”​ဟု မေး​ရာ သူ​တို့​က “​ငါ​တို့​သိ​သည်​”​ဟု ပြန်ဖြေ​ကြ​၏​။ 6“​သူ​ကျန်းမာ​ပါ​သလော​”​ဟု မေးပြန်​ရာ သူ​တို့​က “​ကျန်းမာ​ပါ​သည်​။ ကြည့်​ပါ​။ သူ​၏​သမီး​ရာခေလ​သည် သိုး​များ​နှင့်​လာ​နေ​ပြီ​”​ဟု ပြန်ဖြေ​ကြ​၏​။ 7ယာကုပ်​က​လည်း “​အချိန်စော​ပါ​သေး​၏​။ တိရစ္ဆာန်​တို့​ကို​စုဝေး​ရ​မည့်​အချိန်​လည်း မ​ဟုတ်​ပါ​။ သိုး​တို့​ကို​ရေတိုက်​ပြီးလျှင် သွား​၍ ထိန်းကျောင်း​ကြ​ဦး​လော့​”​ဟု ဆို​၏​။ 8သို့သော် သူ​တို့​က “​သိုးအုပ်​အားလုံး​ကို စုဝေး​စေ​၍ ကျောက်တုံး​ကို တွင်း​ဝ​မှ​လှိမ့်ဖယ်​ပြီးမှသာ​ငါ​တို့​သည် သိုး​တို့​ကို ရေတိုက်​ရ​သည်​။ သို့မဟုတ်လျှင် မ​တိုက်​ရ​ပါ​”​ဟု ပြန်ပြော​ကြ​၏​။
9ယာကုပ်​သည် သူ​တို့​နှင့်​စကားပြော​လျက်​နေစဉ် ဖခင်​၏​သိုး​တို့​ကို ထိန်းကျောင်း​သော​ရာခေလ​သည် သိုး​များ​နှင့်အတူ ရောက်လာ​၏​။ 10ယာကုပ်​သည် မိမိ​ဦးရီး​လာဗန်​၏​သမီး​ရာခေလ​နှင့် ဦးရီး​လာဗန်​၏​သိုး​များ​ကို​မြင်​သောအခါ ရေတွင်း​အနီး​သို့​သွား​၍ တွင်း​ဝ​မှ​ကျောက်တုံး​ကို​လှိမ့်ဖယ်​ပြီးလျှင် ဦးရီး​လာဗန်​၏​သိုး​များ​ကို ရေတိုက်​လေ​၏​။ 11ထို့နောက် ယာကုပ်​သည် ရာခေလ​ကို​နမ်း​၍ အော်ဟစ်​ငိုကြွေး​လေ​၏​။ 12ယာကုပ်​က မိမိ​သည် ရာခေလ​ဖခင်​၏​ဆွေမျိုးသားချင်း​ဖြစ်​ပြီး ရေဗက္ကာ​၏​သား​ဖြစ်ကြောင်း ရာခေလ​ကို​ပြောပြ​လေ​၏​။ ထိုအခါ ရာခေလ​သည် ပြေးသွား​၍ မိမိ​ဖခင်​အား ပြောပြ​လေ​၏​။
ယာကုပ်လှည့်စားခံရခြင်း
13လာဗန်​သည် မိမိ​တူ ယာကုပ်​အကြောင်း​ကို​ကြား​ရ​သောအခါ သူ​နှင့်​တွေ့ဆုံ​ရန် ပြေးလာ​ကာ သူ့​ကို​ပွေ့ဖက်​၍​နမ်း​ပြီးလျှင် မိမိ​အိမ်​သို့​ခေါ်သွား​၏​။ ယာကုပ်​သည်​လည်း အကြောင်းအရာ​အားလုံး​ကို လာဗန်​အား​ပြောပြ​လေ​၏​။
14လာဗန်​က​လည်း “​သင်​သည် အမှန်ပင် ငါ​၏​သွေးရင်းသားရင်း#29:14 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ၏အရိုး၊ ငါ၏အသား”။​ဖြစ်​၏​”​ဟု ဆို​၏​။ ယာကုပ်​သည် လာဗန်​နှင့်အတူ တစ်​လ​နေထိုင်​ပြီးနောက် 15လာဗန်​က “​သင်​သည် ငါ​၏​ဆွေမျိုးသားချင်း​ဖြစ်​သောကြောင့် အဖိုးအခမယူ​ဘဲ ငါ့​ကို​အစေခံ​ရ​မည်လော​။ သင်​၏​လုပ်အားခ​အတွက် မည်သည့်​အရာ​ပေး​ရ​မည်​ကို ငါ့​အား​ပြော​လော့​”​ဟု ယာကုပ်​အား ဆို​၏​။
16လာဗန်​၌ သမီး​နှစ်​ယောက်​ရှိ​၏​။ အကြီး​၏​အမည်​မှာ လေအာ​၊ အငယ်​၏​အမည်​မှာ ရာခေလ​ဖြစ်​၏​။ 17လေအာ​သည် မျက်လုံး​မှေး#29:17 သို့မဟုတ် “မျက်လုံးနူးညံ့”။​၏​။ ရာခေလ​မူကား အဆင်းသဏ္ဌာန်​လှပ​၍ ချစ်စရာ​ကောင်း​၏​။ 18ယာကုပ်​သည် ရာခေလ​ကို​ချစ်​သောကြောင့် “​ဦးရီး​၏​သမီး​အငယ်​ရာခေလ​ကို​ရ​ဖို့ ဦးရီး​ကို ခုနစ်​နှစ်​အစေခံ​ပါ​မည်​”​ဟု ဆို​၏​။
19လာဗန်​က​လည်း “​သူ့​ကို အခြား​သူ​နှင့်​ထိမ်းမြားပေး​သည်​ထက် သင်​နှင့်​ထိမ်းမြားပေး​သည်​က ငါ့​အတွက်​ပို၍​ကောင်း​၏​။ ငါ​နှင့်အတူ​နေထိုင်​လော့​”​ဟု ဆို​၏​။ 20ထို့ကြောင့် ယာကုပ်​သည် ရာခေလ​ကို​ရ​ရန်​အတွက် ခုနစ်​နှစ်​အစေခံ​လေ​၏​။ သူ​သည် ရာခေလ​ကို​ချစ်​သောကြောင့် ထို​ခုနစ်​နှစ်​သည် သူ့​အတွက် ရက်​အနည်းငယ်​ကဲ့သို့​ဖြစ်​၏​။
21ထို့နောက်မှ ယာကုပ်​သည် လာဗန်​အား “​အကျွန်ုပ်​၏​အချိန်​ပြည့်​ပြီ​ဖြစ်၍ အကျွန်ုပ်​သည် မယား​ထံသို့​ဝင်​နိုင်​ရန် သူ့​ကို​အကျွန်ုပ်​နှင့်​ထိမ်းမြား​ပေး​ပါ​”​ဟု ဆို​၏​။ 22ထို့ကြောင့် လာဗန်​သည် ထို​အရပ်​၌​ရှိ​သော​လူ​အပေါင်း​တို့​ကို​ဖိတ်ခေါ်​လျက် စားသောက်ပွဲ​ကျင်းပ​လေ​၏​။ 23နေဝင်ချိန်​၌ လာဗန်​သည် မိမိ​သမီး​လေအာ​ကို​ခေါ်​၍ ယာကုပ်​ထံ​ပို့ဆောင်​၏​။ ယာကုပ်​သည်​လည်း သူ့​ထံသို့​ဝင်​လေ​၏​။ 24(​လာဗန်​သည် မိမိ​ကျွန်မ​ဇိလပ​ကို သမီး​လေအာ​၏​ကျွန်မ​အဖြစ် လက်ဖွဲ့​၏​။​)
25နံနက်အချိန်​ရောက်​သောအခါ ယာကုပ်​သည် လေအာ​ဖြစ်ကြောင်း​မြင်​လျှင် လာဗန်​အား “​အကျွန်ုပ်​၌ ဦးရီး​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ အကျွန်ုပ်​သည် ရာခေလ​ကို​ရ​ဖို့ ဦးရီး​ကို​အစေခံ​ခဲ့​သည်​မ​ဟုတ်​လော​။ အကျွန်ုပ်​ကို အဘယ်ကြောင့်​လှည့်စား​ရ​သနည်း​”​ဟု ဆို​၏​။
26လာဗန်​က​လည်း “​ငါ​တို့​အရပ်​၌ သမီးအငယ်​ကို သမီးအကြီး​ထက်​အလျင် ထိမ်းမြားပေး​လေ့​မ​ရှိ​။ 27ဤ​ရက်သတ္တပတ်​ကို လွန်​စေ​လော့​။ သို့ပြုလျှင် သမီး​နောက်​တစ်​ယောက်​နှင့်​လည်း သင့်​ကို​ထိမ်းမြားပေး​ဦး​မည်​။ ထို့အတွက် သင်​သည် နောက်ထပ်​ခုနစ်​နှစ် ငါ့​ကို​အစေခံ​ရ​မည်​”​ဟု ဆို​၏​။
28ယာကုပ်​သည်​လည်း ထိုအတိုင်း​ပြု​၏​။ ထို​ရက်သတ္တပတ်​လွန်​သောအခါ လာဗန်​သည် မိမိ​သမီး​ရာခေလ​ကို ယာကုပ်​နှင့်​ထိမ်းမြားပေး​လေ​၏​။ 29(​လာဗန်​သည် မိမိ​ကျွန်မ​ဗိလဟာ​ကို သမီး​ရာခေလ​၏​ကျွန်မ​အဖြစ် လက်ဖွဲ့​၏​။​) 30ထိုအခါ ယာကုပ်​သည် ရာခေလ​ထံသို့​လည်း ဝင်​လေ​၏​။ သူ​သည် ရာခေလ​ကို လေအာ​ထက်​ပို၍​ချစ်​၏​။ ယာကုပ်​သည် လာဗန်​ကို နောက်ထပ် ခုနစ်​နှစ်​အစေခံ​လေ​၏​။
ယာကုပ်၏သားများ
31လေအာ​အမုန်းခံရ​သည်​ကို ထာဝရဘုရား​သိမြင်​၍ သူ့​အား​သန္ဓေတည်​ခွင့်​ကို​ပေး​တော်မူ​၏​။ ရာခေလ​မူကား မြုံ​သော​မိန်းမ​ဖြစ်​၏​။ 32လေအာ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ထာဝရဘုရား​သည် ငါ​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​ပြီ​။ အကယ်စင်စစ် ငါ့​ယောက်ျား​သည် ယခု​ငါ့​ကို​ချစ်​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ရုဗင်#29:32 “သားကိုကြည့်ပါ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။
33သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ငါ​အမုန်းခံရ​သည်​ကို ထာဝရဘုရား​ကြား​သောကြောင့် ဤ​သား​ကို​လည်း ငါ့​အား​ပေးသနား​တော်မူ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ရှိမောင်#29:33 “ကြား”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။
34သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ငါ့​ယောက်ျား​အတွက် သား​သုံး​ယောက်​ကို ငါ​ဖွားမြင်​ပြီ​ဖြစ်၍ ယခု​တစ်ခါ သူ​သည် ငါ့​ကို​တွယ်တာ​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို လေဝိ#29:34 “တွယ်တာ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။
35သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ဤ​တစ်ကြိမ်​တွင် ငါ​သည် ထာဝရဘုရား​ကို ချီးမွမ်း​မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ယုဒ#29:35 “ချီးမွမ်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။ ထို့နောက် သူ​သည် သားဖွား​ခြင်း​ရပ်တန့်​သွား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 29: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ