YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 28

28
ပါဒန်အာရံပြည်သို့ ယာကုပ်ထွက်ခွာသွားခြင်း
1ထိုအခါ ဣဇက်​သည် ယာကုပ်​ကို​ခေါ်​၍ “​သင်​သည် ခါနာန်​အမျိုးသမီး​နှင့် အိမ်ထောင်​မ​ပြု​ရ​။ 2ထ​၍ ပါဒန်အာရံ​ပြည်​ရှိ သင့်​မိခင်​၏​အဖေ ဗေသွေလ​၏​အိမ်​သို့ သွား​လော့​။ ထို​အရပ်​ရှိ သင့်​ဦးရီး​လာဗန်​၏​သမီး​တစ်ယောက်ယောက်​နှင့်​အိမ်ထောင်ပြု​လော့​။ 3သင်​သည် လူမျိုးကြီး​ဖြစ်လာ​သည့်​တိုင်အောင် အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင့်​ကို​ကောင်းချီးပေး​၍ သင့်​ကို တိုးပွား​များပြား​စေ​တော်မူ​ပါစေသော​။ 4သင်​တည်းခိုနေထိုင်​သော​ပြည်​ဖြစ်​သည့် အာဗြဟံ​အား ဘုရားသခင်​ပေး​တော်မူ​သော​ပြည်​ကို သင်​ပိုင်ဆိုင်​ရ​မည့်​အကြောင်း အာဗြဟံ​အား ပေး​တော်မူ​သော​ကောင်းချီးမင်္ဂလာ​ကို ကိုယ်တော်​သည် သင်​နှင့်တကွ သင်​နှင့်အတူ​ရှိ​သော သင်​၏​သားမြေး​တို့​အား ပေး​တော်မူ​ပါစေသော​”​ဟု ကောင်းချီးပေး​လျက် မှာကြား​လေ​၏​။ 5ထိုသို့ ဣဇက်​သည် ယာကုပ်​ကို​လွှတ်လိုက်​သဖြင့် သူ​သည် ပါဒန်အာရံ​ပြည်​ရှိ အာရံ​လူမျိုး​ဗေသွေလ​၏​သား လာဗန်​ထံသို့​ထွက်ခွာ​သွား​လေ​၏​။ လာဗန်​သည် ယာကုပ်​နှင့်​ဧသော​တို့​၏​မိခင်​ရေဗက္ကာ​၏​အစ်ကို​ဖြစ်​၏​။
6ဣဇက်​သည် ယာကုပ်​ကို​ကောင်းချီးပေး​၍ ပါဒန်အာရံ​ပြည်​မှ​အမျိုးသမီး​နှင့်​အိမ်ထောင်ပြု​ရန် ထို​ပြည်​သို့​လွှတ်လိုက်​သည်​ကို​လည်းကောင်း​၊ သူ့​ကို​ကောင်းချီးပေး​သောအခါ ခါနာန်​အမျိုးသမီး​နှင့်​အိမ်ထောင်​မ​ပြု​ရ​ဟု မှာကြား​သည်​ကို​လည်းကောင်း​၊ 7ယာကုပ်​သည် မိခင်​နှင့်​ဖခင်​၏​စကား​ကို​နားထောင်​၍ ပါဒန်အာရံ​ပြည်​သို့​ထွက်ခွာ​သွား​သည်​ကို​လည်းကောင်း ဧသော​သိမြင်​လေ​၏​။ 8ဖခင်​ဣဇက်​သည် ခါနာန်​အမျိုးသမီး​တို့​အား မနှစ်မြို့​သည်​ကို​လည်း ဧသော​သိမြင်​လေ​၏​။ 9ထို့ကြောင့် ဧသော​သည် ဣရှမေလ​ထံသို့​သွား​၍ မိမိ​၌​ရှိ​သော​မယား​တို့​အပြင် အာဗြဟံ​သား​ဣရှမေလ​၏​သမီး​၊ နဗာယုတ်​၏​နှမ မဟာလတ်​နှင့် အိမ်ထောင်ပြု​လေ​၏​။
ဗေသလအရပ်၌ ယာကုပ်အိပ်မက်မက်ခြင်း
10ယာကုပ်​သည် ဗေရရှေဘ​အရပ်​မှ​ထွက်ခွာ​၍ ဟာရန်​ပြည်​သို့​သွား​လေ​၏​။ 11တစ်နေရာ​သို့​ရောက်​သောအခါ နေဝင်​သွား​သောကြောင့် ထို​နေရာ​တွင် ညအိပ်နား​လေ​၏​။ သူ​သည် ထို​နေရာ​မှ​ကျောက်​ကို​ယူ​ပြီးလျှင် ခေါင်းအုံး​လုပ်​၍ ထို​အရပ်​၌ပင်​အိပ်​လေ​၏​။ 12ထိုအခါ သူ​အိပ်မက်မက်​သည်​မှာ မြေကြီး​ပေါ်တွင်​လှေကား​တစ်​စင်း​ထောင်​ထား​လျက်​ရှိ​၍ ၎င်း​၏​ထိပ်​သည် မိုးကောင်းကင်​အထိ​ရောက်​၏​။ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် ထို​လှေကား​ပေါ်တွင် တက်​လျက်​၊ ဆင်း​လျက်​ရှိ​ကြ​၏​။ 13ထာဝရဘုရား​သည် သူ့​အနား​တွင်#28:13 သို့မဟုတ် “လှေကားအထက်တွင်”။​ရပ်​နေ​၍ “​ငါ​သည် သင့်​ဖခင်​အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​ဖြစ်​၏​။ သင်​အိပ်​နေ​သော​မြေ​ကို သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​။ 14သင်​၏​သားစဉ်မြေးဆက်​သည် မြေမှုန့်​ကဲ့သို့​များပြား​၍ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် အရပ်ရပ်​သို့​ပျံ့နှံ့​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့်​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​အားဖြင့်​လည်းကောင်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။ 15ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ သင်​သွား​လေရာရာ​၌ သင့်​ကို​စောင့်ရှောက်​၍ ဤ​ပြည်​သို့ သင့်​ကို ပြန်ခေါ်လာ​ဦး​မည်​။ အကယ်စင်စစ် သင့်​အား​ငါ​ကတိပေး​သည့်​အရာ မ​ပြည့်စုံ​မ​ချင်း ငါ​သည် သင့်​ကို​စွန့်ပစ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။
16ယာကုပ်​သည် အိပ်ပျော်​ရာ​မှ​နိုး​လာ​သောအခါ “​အကယ်စင်စစ် ထာဝရဘုရား​သည် ဤ​အရပ်​၌ ရှိ​တော်မူ​၏​။ သို့ပါလျက် ငါ​မ​သိ​ခဲ့​ပါ​တကား​”​ဟု ဆို​၏​။ 17သူ​သည် ကြောက်ရွံ့​၍ “​ဤ​အရပ်​သည် အံ့ဩဖွယ်​ကောင်း​လှ​ပါ​သည်​တကား​။ ဤ​အရပ်​ကား အခြား​မ​ဟုတ်​၊ ဘုရားသခင်​၏​အိမ်​တော်​ပေတည်း​။ ဤ​အရပ်​ကား ကောင်းကင်​တံခါးဝ​ပေတည်း​”​ဟု ဆို​၏​။
18ယာကုပ်​သည် နံနက်​စောစောထ​၍ သူ​ခေါင်းအုံး​ခဲ့​သော​ကျောက်​ကို​ယူ​ကာ မှတ်တိုင်​အဖြစ်​စိုက်ထူ​ပြီးလျှင် ထိပ်ဖျား​၌ ဆီ​ကို​လောင်း​လေ​၏​။ 19သူ​သည် ထို​အရပ်​၏​အမည်​ကို ဗေသလ#28:19 “ဘုရားသခင်၏အိမ်တော်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။ ယခင်က ထို​မြို့​၏​အမည်​မှာ လုဇ​ဖြစ်​၏​။ 20ထို့နောက် ယာကုပ်​က “​ဘုရားသခင်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​၍ အကျွန်ုပ်​သွား​သော​ဤ​ခရီး​တွင် အကျွန်ုပ်​ကို​စောင့်ရှောက်​လျက် စားစရာ​အစာ​နှင့် ဝတ်​စရာ​အဝတ်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​သဖြင့် 21အကျွန်ုပ်​သည် အကျွန်ုပ်​ဖခင်​၏​အိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်လာ​ရ​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​မည်​။ 22မှတ်တိုင်​အဖြစ် အကျွန်ုပ်​စိုက်ထူ​သော ဤ​ကျောက်​သည်​လည်း ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​မည်​။ အကျွန်ုပ်​အား​ပေးသနား​တော်မူ​သော​အရာ​ရှိသမျှ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို ကိုယ်တော်​အား မုချ​ပူဇော်​ပါ​မည်​”​ဟု ဆို​လျက် ကတိသစ္စာ​ပြု​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 28: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ