YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 23

23
စာရာကိုသင်္ဂြိုဟ်ခြင်း
1စာရာ​အသက်ရှင်​ခဲ့​သော​နှစ်ကာလ​မှာ တစ်ရာ​နှစ်ဆယ့်​ခုနစ်​နှစ် ဖြစ်​၏​။ 2စာရာ​သည် ခါနာန်​ပြည်​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​၌ သေဆုံး​၏​။ အာဗြဟံ​သည် စာရာ​အတွက် ငိုကြွေး​မြည်တမ်း​ရန် လာ​လေ​၏​။
3ထို့နောက် အာဗြဟံ​သည် မိမိ​မယား​၏​အလောင်း​နား​မှ​ထ​၍ ဟေသ​အမျိုးသား​တို့​အား 4“​အကျွန်ုပ်​သည် သင်​တို့​တွင် တိုင်းတစ်ပါးသား​ဧည့်သည်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​မယား​၏​အလောင်း​ကို ထုတ်သွား​၍​သင်္ဂြိုဟ်​ရန် သင်​တို့​ပိုင်​သော​သင်္ချိုင်းမြေ​ကို အကျွန်ုပ်​အား ရောင်း​ပေး​ပါ​”​ဟု ဆို​၏​။
5ဟေသ​အမျိုးသား​တို့​က​လည်း အာဗြဟံ​အား 6“အကျွန်ုပ်​တို့​သခင်​၊ အကျွန်ုပ်​တို့​စကား​ကို​နားထောင်​ပါ​။ သခင်​သည် အကျွန်ုပ်​တို့​တွင် ဘုရားသခင်​နှင့်ဆိုင်သော​မင်း​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​၏​အကောင်းဆုံး​သင်္ချိုင်းမြေ​တွင် သခင့်​မယား​၏​အလောင်း​ကို​သင်္ဂြိုဟ်​ပါ​။ အကျွန်ုပ်​တို့​၏​သင်္ချိုင်းမြေ​တွင် သခင့်​မယား​၏​အလောင်း​သင်္ဂြိုဟ်​မည်​ကို တားမြစ်​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​ပါ​”​ဟု ပြန်ပြော​ကြ​၏​။
7ထိုအခါ အာဗြဟံ​သည်​ထ​၍ ထို​ပြည်သား​များ​ဖြစ်​ကြ​သည့် ဟေသ​အမျိုးသား​တို့​ရှေ့​တွင် ပျပ်ဝပ်​ကာ 8“​အကျွန်ုပ်​မယား​၏​အလောင်း​ကို အကျွန်ုပ်​ထံ​မှ​ထုတ်သွား​၍ သင်္ဂြိုဟ်​မည်​ကို သင်​တို့​စိတ်စေတနာ​ရှိ​လျှင် အကျွန်ုပ်​စကား​ကို​နားထောင်​ကြ​ပါ​။ ဇောဟာ​၏​သား ဧဖရုန်​နှင့်​တွေ့ဆုံ​၍ 9သူ​၏​လယ်​အစွန်​ရှိ သူ​ပိုင်ဆိုင်​သည့်​မပ္ပေလ​လိုဏ်ဂူ​ကို အကျွန်ုပ်​အား​ရောင်း​ပေး​ရန် အကျွန်ုပ်​အတွက် ပြောပေး​ကြ​ပါ​။ ၎င်း​ကို ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် သင်​တို့​ရှေ့​တွင် တန်ရာတန်ကြေး​အပြည့်​ဖြင့် အကျွန်ုပ်​အား​ရောင်း​ပေး​စေ​ပါ​”​ဟု သူ​တို့​အား ပြော​လေ​၏​။
10ဧဖရုန်​သည် ဟေသ​အမျိုးသား​တို့​အလယ်​တွင် ထိုင်​လျက်​ရှိ​၏​။ သို့ဖြစ်၍ ဟိတ္တိ​လူမျိုး​ဧဖရုန်​သည် မြို့​တံခါး​သို့ ရောက်လာ​သော ဟေသ​အမျိုးသား​အပေါင်း​တို့​ရှေ့​၌ အာဗြဟံ​အား 11“​ထိုသို့​မ​ဟုတ်​ပါ​။ သခင်​၊ အကျွန်ုပ်​စကား​ကို​နားထောင်​ပါ​။ ထို​လယ်​နှင့် ထို​လယ်​ထဲ​ရှိ​လိုဏ်ဂူ​ကို သခင့်​အား​အကျွန်ုပ်​ပေး​ပါ​၏​။ အကျွန်ုပ်​အမျိုးသားချင်း​တို့​ရှေ့​၌ပင် သခင့်​အား အကျွန်ုပ်​ပေး​ပါ​၏​။ သခင့်​မယား​၏​အလောင်း​ကို သင်္ဂြိုဟ်​ပါ​”​ဟု ပြန်ပြော​လေ​၏​။
12အာဗြဟံ​သည်​လည်း ထို​ပြည်သား​တို့​ရှေ့​တွင် ပျပ်ဝပ်​ပြီးလျှင် 13ထို​ပြည်သား​တို့​ရှေ့မှောက်​၌ ဧဖရုန်​အား “​ထိုသို့ဆိုလျှင် အကျွန်ုပ်​စကား​ကို​နားထောင်​ပါ​။ လယ်​၏​တန်ဖိုးငွေ​ကို အကျွန်ုပ်​ပေး​ပါ​မည်​။ အကျွန်ုပ်​ထံမှ​လက်ခံ​ပါ​။ သို့မှသာ ထို​အရပ်​၌ အကျွန်ုပ်​မယား​၏​အလောင်း​ကို သင်္ဂြိုဟ်​ပါ​မည်​”​ဟု ဆို​၏​။
14ဧဖရုန်​က​လည်း အာဗြဟံ​အား
15“​အကျွန်ုပ်​သခင်​၊ အကျွန်ုပ်​စကား​ကို​နားထောင်​ပါ​။ ငွေ​လေး​ရာ​ရှယ်ကယ်#23:15 “3 ပိဿာ သို့မဟုတ် 4.6 ကီလိုဂရမ်”။​တန်ဖိုးရှိ​သော​မြေ​သည် သခင်​နှင့်​အကျွန်ုပ်​ကြား​၌ အဘယ်ဆိုဖွယ်​ရှိ​သနည်း​။ သခင့်​မယား​၏​အလောင်း​ကို သင်္ဂြိုဟ်​ပါ​လော့​”​ဟု ပြန်ပြော​လျှင် 16အာဗြဟံ​သည် ဧဖရုန်​၏​စကား​ကို​နားထောင်​လေ​၏​။ ထိုသို့ ဟေသ​အမျိုးသား​တို့​ရှေ့မှောက်​၌ ဧဖရုန်​တန်ဖိုးဖြတ်​သည့် ငွေ​အချိန်​လေး​ရာ​ရှယ်ကယ်​ကို အာဗြဟံ​သည် ကုန်သည်​တို့​၏​စံနှုန်း​အတိုင်း​ချိန်တွယ်​၍ သူ့​အား​ပေး​လေ​၏​။ 17ဤသို့ဖြင့် မံရေ​မြို့​အရှေ့​၊ မပ္ပေလ​အရပ်​၌​ရှိ​သော ဧဖရုန်​၏​လယ်​၊ ထို​လယ်​နှင့်တကွ လယ်​ထဲရှိ​လိုဏ်ဂူ​နှင့် လယ်​၏​လယ်စပ်​ပတ်လည်​ရှိ သစ်ပင်​အားလုံး​တို့​ကို 18မြို့​တံခါး​သို့ ရောက်လာ​သော ဟေသ​အမျိုးသား​အပေါင်း​တို့​ရှေ့​တွင် အာဗြဟံ​ပိုင်​သော​ဥစ္စာ​အဖြစ် အတည်ပြု​ကြ​၏​။ 19ထို့နောက်တွင် အာဗြဟံ​သည် ခါနာန်​ပြည်​၊ ဟေဗြုန် ခေါ် မံရေ​မြို့​အရှေ့​၊ မပ္ပေလ​လယ်​၌​ရှိ​သော​လိုဏ်ဂူ​ထဲ၌ မိမိ​မယား​စာရာ​ကို သင်္ဂြိုဟ်​လေ​၏​။ 20ဤသို့ဖြင့် ဟေသ​အမျိုးသား​တို့​သည် ထို​လယ်​နှင့်တကွ လယ်​ထဲရှိ​လိုဏ်ဂူ​ကို အာဗြဟံ​၏​ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် အတည်ပြု​ကြ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ