YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 22

22
ဣဇက်ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်ခြင်း
1ထို့နောက်တွင် ဘုရားသခင်​သည် အာဗြဟံ​ကို​စမ်းသပ်​တော်မူ​၏​။ ကိုယ်တော်​က “​အာဗြဟံ​”​ဟု ခေါ်​တော်မူ​လျှင် အာဗြဟံ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ 2ကိုယ်တော်​က​လည်း “​သင်​၏​သား​၊ သင်​ချစ်​သော သင်​၏​တစ်ဦးတည်း​သော​သား ဣဇက်​ကို​ခေါ်​၍ မောရိ​ပြည်​သို့​သွား​လော့​။ ထို​အရပ်​၌ သင့်​အား​ငါ​ပြ​မည့်​တောင်​တစ်​လုံး​ပေါ်တွင် သူ့​ကို​မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လော့​”​ဟု မိန့်​တော်မူ​၏​။
3အာဗြဟံ​သည် နံနက်​စောစောထ​၍ မြည်း​ပေါ်​ကုန်းနှီးတင်​ပြီးလျှင် သူ​၏​ငယ်သား​နှစ်​ယောက်​နှင့်​သူ​၏​သား​ဣဇက်​ကို မိမိ​နှင့်အတူ​ခေါ်​၍ မီးရှို့ရာယဇ်​အတွက်​ထင်း​ကို​ခွဲ​ပြီးမှ ထ​၍ မိမိ​အား​ဘုရားသခင်​မိန့်​တော်မူ​သော​အရပ်​သို့ သွား​လေ​၏​။ 4သုံး​ရက်​မြောက်​သော​နေ့​၌ အာဗြဟံ​သည် မျှော်ကြည့်​ရာ ထို​အရပ်​ကို အဝေး​မှ​မြင်​လေ​၏​။ 5ထိုအခါ အာဗြဟံ​က မိမိ​ငယ်သား​တို့​အား “​သင်​တို့​သည် ဤ​အရပ်​တွင် မြည်း​နှင့်အတူ​နေ​ခဲ့​ကြ​လော့​။ ငါ​နှင့်​သူငယ်​သည် ထို​အရပ်​သို့​သွား​၍ ရှိခိုးကိုးကွယ်​ခြင်း​ကို​ပြု​ပြီးမှ သင်​တို့​ထံသို့​ပြန်လာ​မည်​”​ဟု ဆို​၏​။ 6အာဗြဟံ​သည် မီးရှို့ရာယဇ်​အတွက် ထင်း​ကို​ယူ​၍ မိမိ​သား​ဣဇက်​အား​ထမ်း​စေ​ပြီးလျှင် မိမိ​လက်​၌ မီး​နှင့်​ဓား​ကို​ကိုင်ဆောင်​လျက် သူ​တို့​နှစ်​ယောက် အတူတူ​ဆက်သွား​ကြ​၏​။ 7ထိုအခါ ဣဇက်​က “​အဖေ​”​ဟု မိမိ​ဖခင်​အာဗြဟံ​ကို​ခေါ်​လျှင် အာဗြဟံ​က “​ပြော​ပါ ငါ့​သား​”​ဟု ပြန်ပြော​လေ​၏​။ ဣဇက်​က​လည်း “​ကြည့်​ပါ​။ မီး​ရှိ​၏​။ ထင်း​လည်း​ရှိ​၏​။ မီးရှို့ရာယဇ်​အတွက် သိုးသငယ်​ကား အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​လေ​၏​။ 8အာဗြဟံ​က​လည်း “​ငါ့​သား​၊ ဘုရားသခင်​ကိုယ်တော်တိုင် မီးရှို့ရာယဇ်​အတွက် သိုးသငယ်​ကို​အသင့်ပြင်ဆင်​တော်မူ​လိမ့်မည်​”​ဟု ဆို​ပြီးမှ သူ​တို့​နှစ်​ယောက်​သည် အတူတူ​ဆက်သွား​ကြ​၏​။
9ဘုရားသခင်​မိန့်​တော်မူ​သော​အရပ်​သို့​ရောက်​သောအခါ အာဗြဟံ​သည် ထို​အရပ်​တွင် ယဇ်ပလ္လင်​ကို​တည်​၍ ထင်း​များ​ကို​စီ​ပြီးလျှင် မိမိ​သား​ဣဇက်​ကို​ချည်နှောင်​လျက် ယဇ်ပလ္လင်​အပေါ်​ရှိ ထင်း​များ​ပေါ်တွင် သူ့​ကို​တင်​လေ​၏​။ 10ထို့နောက် အာဗြဟံ​သည် မိမိ​သား​ကို​သတ်​ရန် လက်​ကို​ဆန့်​၍ ဓား​ကို​ယူ​လေ​၏​။
11ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က “​အာဗြဟံ​၊ အာဗြဟံ​”​ဟု ကောင်းကင်​မှ​ခေါ်​လျှင် အာဗြဟံ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။
12ကောင်းကင်တမန်​က​လည်း “​သူငယ်​အပေါ် လက်​မ​ရောက်​စေ​နှင့်​။ သူ့​ကို ဘာမျှ​မ​ပြု​နှင့်​။ အကြောင်းမူကား သင်​သည် သင်​၏​သား​၊ သင်​၏​တစ်ဦးတည်း​သော​သား​ကို​ပင် ငါ့​အား​ပူဇော်​ရန်​မ​ငြင်းဆို​ခဲ့​သဖြင့် သင်​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​ကြောင်း ယခု ငါ​သိ​ပြီ​”​ဟု မြွက်ဆို​၏​။ 13အာဗြဟံ​သည် မျှော်ကြည့်​လိုက်​ရာ ချုံတော​၌​ဦးချို​ငြိ​နေ​သော သိုးထီး​တစ်​ကောင်​ကို​မြင်​လေ​၏​။ ထိုအခါ အာဗြဟံ​သည် သွား​၍ ထို​သိုးထီး​ကို​ဖမ်းယူ​ပြီးလျှင် မိမိ​သား​အစား ၎င်း​ကို​မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လေ​၏​။ 14ထို​အရပ်​ကို “​ထာဝရဘုရား ပြင်ဆင်​တော်မူ​မည်#22:14 မူရင်းစကားလုံး၏အသံထွက်အရ “ယာဝေယိရေ သို့မဟုတ် ယေဟောဝါယိရေ”။​”​ဟူသော​အမည်​ဖြင့် အာဗြဟံ​ခေါ်​သည့်​အတိုင်း ယနေ့​တိုင်အောင် “​ထာဝရဘုရား​၏​တောင်​ပေါ်၌ ပြင်ဆင်​ထား​ပေ​လိမ့်မည်​”​ဟု ဆို​လေ့​ရှိ​၏​။
15တစ်ဖန် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​နေ​၍ အာဗြဟံ​ကို ဒုတိယအကြိမ် ခေါ်​ပြီးလျှင် 16“​ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​မှာ ဤသို့​တည်း​။ သင်​သည် သင်​၏​သား​၊ သင်​၏​တစ်ဦးတည်း​သော​သား​ကို​ပင် ပူဇော်​ရန်​မ​ငြင်းဆို​ဘဲ ဤ​အမှု​ကို​ပြု​ခဲ့​သဖြင့် ငါ​သည် ကိုယ့်ကိုယ်ကို​တိုင်တည်​၍ ကျိန်ဆို​သည်​ကား 17ငါ​သည် သင့်​ကို အမှန်ပင်​ကောင်းချီးပေး​၍ သင်​၏​အမျိုးအနွယ်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲပွင့်​နှင့်အမျှ အလွန်​များပြား​စေ​မည်​။#ဟေဗြဲ 6:14။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​လိမ့်မည်​။ 18ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။#က 12:3၊ 18:18၊ 26:4၊ တ 3:25၊ ဂလ 3:8။ အကြောင်းမူကား သင်​သည် ငါ့​စကား​ကို​နားထောင်​သောကြောင့်​ဖြစ်​၏​”​ဟု မြွက်ဆို​၏​။
19ထို့နောက် အာဗြဟံ​သည် မိမိ​၏​ငယ်သား​တို့​ထံသို့​ပြန်လာ​၏​။ ထိုအခါ သူ​တို့​သည်​ထ​၍ ဗေရရှေဘ​အရပ်​သို့ အတူတကွ​ပြန်လာ​ကြ​၏​။ အာဗြဟံ​သည် ဗေရရှေဘ​အရပ်​၌ နေထိုင်​လေ​၏​။
ရေဗက္ကာ၏မိသားစု
20ဤ​အရာ​များ​ဖြစ်​ပြီးသည့်နောက် တစ်စုံတစ်ဦး​က အာဗြဟံ​အား “​ကြည့်​ပါ​။ မိလခါ​သည်​လည်း သင်​၏​ညီ​နာခေါ်​အတွက် သား​များ​ကို​မွေးဖွား​ပေး​လေ​ပြီ​။ 21သူ​၏​သားဦး​မှာ ဥဇ​၊ ဥဇ​၏​ညီ​များ​မှာ​ဗုဇ​၊ အာရံ​၏​ဖခင်​ကေမွေလ​၊ 22ခေသက်​၊ ဟာဇော​၊ ပိလဒါရှ​၊ ယိဒလပ်​နှင့် ဗေသွေလ တို့​ဖြစ်​ကြ​၏​”​ဟု ကြားပြော​လေ​၏​။ 23(​ဗေသွေလ​သည် ရေဗက္ကာ​၏​ဖခင်​ဖြစ်​၏​။​) မိလခါ​သည် အာဗြဟံ​၏​ညီ​နာခေါ်​အတွက် ထို​သား​ရှစ်​ယောက်​ကို​မွေးဖွား​လေ​၏​။ 24ရုမာ​အမည်​ရှိ​သော နာခေါ်​၏​မယားငယ်​သည်​လည်း တေဘ​၊ ဂါဟံ​၊ သဟာရှ​နှင့် မာခါ တို့​ကို​မွေးဖွား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 22: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ