YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 17:1-14

ကမ္ဘာဦးကျမ်း 17:1-14 MSBU

အာဗြံ​သည် အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​သောအခါ ထာဝရဘုရား​သည် အာဗြံ​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ ငါ့​ရှေ့မှောက်​၌ အသက်ရှင်​လျှောက်လှမ်း​လော့​။ အပြစ်တင်စရာမရှိ​အောင်​နေ​လော့​။ ငါ​နှင့်​သင်​ကြား​၌ ပဋိညာဉ်​ကို​ပြု​၍ သင့်​ကို​အလွန်တရာ​တိုးပွား​စေ​မည်​”​ဟု မိန့်​တော်မူ​လျှင် အာဗြံ​သည် ပျပ်ဝပ်​လျက်​နေ​၏​။ ဘုရားသခင်​က “​ကြည့်ရှု​လော့​။ ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သင်​နှင့်အတူ​ရှိ​စေ​မည်​။ သင်​သည် များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​မည်​။ သင်​၏​အမည်​ကို နောက်တစ်ဖန် အာဗြံ​ဟု​မ​ခေါ်​ရ​။ သင်​၏​အမည်​သည် အာဗြဟံ​ဖြစ်​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင့်​ကို များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​စေ​ပြီ​။ ငါ​သည် သင့်​ကို အလွန့်အလွန်​ပွားများ​စေ​မည်​။ သင့်​ကို လူမျိုး​အများ​ဖြစ်​စေ​မည်​။ သင့်​ထဲမှ ရှင်ဘုရင်​များ​ပေါ်ပေါက်​လာ​ကြ​လိမ့်မည်​။ ငါ​သည် သင်​မှစ၍ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​၏​ဘုရားသခင်​ဖြစ်​မည့်​အကြောင်း ငါ​၏​ပဋိညာဉ်​ကို ငါ​နှင့်​သင်​ကြား​၌​လည်းကောင်း​၊ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း တည်​စေ​၍ သူ​တို့​၏​မျိုးဆက်​အစဉ်အဆက်​တို့​၌ ထာဝရ​ပဋိညာဉ်​ဖြစ်​စေ​မည်​။ သင်​တည်းခိုနေထိုင်​သော​ပြည်​ဖြစ်​သည့် ခါနာန်​ပြည်​တစ်ပြည်လုံး​ကို သင်​နှင့်​နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​အား အစဉ်အမြဲ​ပိုင်ဆိုင်​ရာ​အဖြစ် ငါ​ပေး​မည်​။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က အာဗြဟံ​အား “​သင်​မူကား သင်​မှစ၍ နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​တို့​သည် မျိုးဆက်​အစဉ်အဆက် ငါ​၏​ပဋိညာဉ်​ကို စောင့်ထိန်း​ရ​မည်​။ ငါ​နှင့်​သင်​တို့​ကြား​၌​လည်းကောင်း​၊ နောင်လာမည့်​သင်​၏​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း သင်​တို့​စောင့်ထိန်း​ရ​မည့် ငါ​၏​ပဋိညာဉ်​ကား ဤသို့​တည်း​။ သင်​တို့​တွင်​ရှိ​သော​ယောက်ျား​တိုင်း အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ သင်​တို့​သည် သင်​တို့​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ ၎င်း​သည် ငါ​နှင့်​သင်​တို့​ကြား​၌​ပြု​သော ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​ရ​မည်​။ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် သင်​တို့​တွင်​ရှိ​သော​ယောက်ျား​တိုင်း​သည် အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​တစ်စုံတစ်ဦး​ထံမှ ငွေ​ဖြင့်​ဝယ်​ထား​သည့် သင်​၏​အမျိုးအနွယ်​မ​ဟုတ်​သော​သူ​ဖြစ်စေ ရှစ်​ရက်​သား​အရွယ်​၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ သင်​၏​အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်စေ​၊ သင်​၏​ငွေ​ဖြင့်​ဝယ်ထား​သော​သူ​ဖြစ်စေ အရေဖျားလှီး​ခြင်း​ကို မုချ​ခံရ​မည်​။ ဤသို့အားဖြင့် ငါ​၏​ပဋိညာဉ်​သည် ထာဝရ​ပဋိညာဉ်​အဖြစ် သင်​တို့​၏​အသား​တွင်​တည်​လိမ့်မည်​။ အရေဖျားမလှီး​ထား​သော​ယောက်ျား​တည်းဟူသော မိမိ​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ထား​သော​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ ထို​သူ​သည် ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။