YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 17

17
အရေဖျားလှီးခြင်းပဋိညာဉ်
1အာဗြံ​သည် အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​သောအခါ ထာဝရဘုရား​သည် အာဗြံ​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ ငါ့​ရှေ့မှောက်​၌ အသက်ရှင်​လျှောက်လှမ်း​လော့​။ အပြစ်တင်စရာမရှိ​အောင်​နေ​လော့​။ 2ငါ​နှင့်​သင်​ကြား​၌ ပဋိညာဉ်​ကို​ပြု​၍ သင့်​ကို​အလွန်တရာ​တိုးပွား​စေ​မည်​”​ဟု မိန့်​တော်မူ​လျှင်
3အာဗြံ​သည် ပျပ်ဝပ်​လျက်​နေ​၏​။ ဘုရားသခင်​က 4“​ကြည့်ရှု​လော့​။ ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သင်​နှင့်အတူ​ရှိ​စေ​မည်​။ သင်​သည် များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​မည်​။#ရော 4:17။ 5သင်​၏​အမည်​ကို နောက်တစ်ဖန် အာဗြံ#17:5 “ချီးမြှောက်ခြင်းခံရသောဖခင်”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု​မ​ခေါ်​ရ​။ သင်​၏​အမည်​သည် အာဗြဟံ#17:5 “လူအမြောက်အမြားတို့၏ဖခင်”ဟူသောအဓိပ္ပာယ်ရှိ၏။​ဖြစ်​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင့်​ကို များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​စေ​ပြီ​။ 6ငါ​သည် သင့်​ကို အလွန့်အလွန်​ပွားများ​စေ​မည်​။ သင့်​ကို လူမျိုး​အများ​ဖြစ်​စေ​မည်​။ သင့်​ထဲမှ ရှင်ဘုရင်​များ​ပေါ်ပေါက်​လာ​ကြ​လိမ့်မည်​။ 7ငါ​သည် သင်​မှစ၍ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​၏​ဘုရားသခင်​ဖြစ်​မည့်​အကြောင်း ငါ​၏​ပဋိညာဉ်​ကို ငါ​နှင့်​သင်​ကြား​၌​လည်းကောင်း​၊ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း တည်​စေ​၍ သူ​တို့​၏​မျိုးဆက်​အစဉ်အဆက်​တို့​၌ ထာဝရ​ပဋိညာဉ်​ဖြစ်​စေ​မည်​။ 8သင်​တည်းခိုနေထိုင်​သော​ပြည်​ဖြစ်​သည့် ခါနာန်​ပြည်​တစ်ပြည်လုံး​ကို သင်​နှင့်​နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​အား အစဉ်အမြဲ​ပိုင်ဆိုင်​ရာ​အဖြစ် ငါ​ပေး​မည်​။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။
9တစ်ဖန် ဘုရားသခင်​က အာဗြဟံ​အား “​သင်​မူကား သင်​မှစ၍ နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​တို့​သည် မျိုးဆက်​အစဉ်အဆက် ငါ​၏​ပဋိညာဉ်​ကို စောင့်ထိန်း​ရ​မည်​။ 10ငါ​နှင့်​သင်​တို့​ကြား​၌​လည်းကောင်း​၊ နောင်လာမည့်​သင်​၏​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း သင်​တို့​စောင့်ထိန်း​ရ​မည့် ငါ​၏​ပဋိညာဉ်​ကား ဤသို့​တည်း​။ သင်​တို့​တွင်​ရှိ​သော​ယောက်ျား​တိုင်း အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ 11သင်​တို့​သည် သင်​တို့​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ ၎င်း​သည် ငါ​နှင့်​သင်​တို့​ကြား​၌​ပြု​သော ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​ရ​မည်​။ 12သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် သင်​တို့​တွင်​ရှိ​သော​ယောက်ျား​တိုင်း​သည် အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​တစ်စုံတစ်ဦး​ထံမှ ငွေ​ဖြင့်​ဝယ်​ထား​သည့် သင်​၏​အမျိုးအနွယ်​မ​ဟုတ်​သော​သူ​ဖြစ်စေ ရှစ်​ရက်​သား​အရွယ်​၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ 13သင်​၏​အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်စေ​၊ သင်​၏​ငွေ​ဖြင့်​ဝယ်ထား​သော​သူ​ဖြစ်စေ အရေဖျားလှီး​ခြင်း​ကို မုချ​ခံရ​မည်​။ ဤသို့အားဖြင့် ငါ​၏​ပဋိညာဉ်​သည် ထာဝရ​ပဋိညာဉ်​အဖြစ် သင်​တို့​၏​အသား​တွင်​တည်​လိမ့်မည်​။ 14အရေဖျားမလှီး​ထား​သော​ယောက်ျား​တည်းဟူသော မိမိ​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ထား​သော​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ ထို​သူ​သည် ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။
15တစ်ဖန် ဘုရားသခင်​က အာဗြဟံ​အား “​သင်​၏​မယား စာရဲ#17:15 “မင်းသမီး”ဟူသောအဓိပ္ပာယ်ရှိ၏။ ကို​ကား သူ​၏​အမည်​ကို စာရဲ ဟု​မ​ခေါ်​ရ​။ သူ​၏​အမည်​မှာ စာရာ#17:15 “မင်းသမီး”ဟူသောအဓိပ္ပာယ်ရှိ၏။ ဖြစ်​ရ​မည်​။ 16ငါ​သည် သူ့​ကို​ကောင်းချီးပေး​မည်​။ ထိုမျှမက သူ့​အားဖြင့် သင့်​အား သား​ကို​ပေး​မည်​။ ငါ​သည် သူ့​ကို​ကောင်းချီးပေး​သဖြင့် သူ​သည် လူမျိုး​များ​၏​မိခင်​ဖြစ်လာ​မည်​။ သူ့​အားဖြင့် လူမျိုး​တကာ​တို့​၏​ရှင်ဘုရင်​များ​ပေါ်ထွန်း​လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
17ထိုအခါ အာဗြဟံ​သည် ပျပ်ဝပ်​လျက် “​အသက်​တစ်ရာ​ရှိ​သော​သူ​သည် သား​ကို​ရ​နိုင်​ပါ​မည်လော​။ အသက်​ကိုးဆယ်​ရှိ​သော​စာရာ​သည်​လည်း သားဖွား​နိုင်​ပါ​မည်လော​”​ဟု စိတ်​ထဲ၌​တွေး​လျက် ရယ်​လေ​၏​။ 18ထို့နောက် အာဗြဟံ​က “​ဣရှမေလ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အသက်ရှင်​ပါစေသော​”​ဟု ဘုရားသခင်​အား လျှောက်​လေ​၏​။
19ဘုရားသခင်​က​လည်း “​မှန်​ပေ​၏​။ သို့သော် သင်​၏​မယား​စာရာ​သည် သင့်​အတွက် သား​ကို​မွေးဖွား​လိမ့်မည်​။ သင်​သည် သူ​၏​အမည်​ကို ဣဇက်#17:19 “သူရယ်သည်”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု မှည့်ခေါ်​ရ​မည်​။ ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သူ​၌​တည်​စေ​၍ နောင်လာမည့် သူ​၏​သားစဉ်မြေးဆက်​တို့​အတွက် ထာဝရ​ပဋိညာဉ်​ဖြစ်​စေ​မည်​။ 20ဣရှမေလ​အတွက် သင်​လျှောက်​သော​အရာ​ကို​လည်း ငါ​ကြား​ရ​ပြီ​။ ကြည့်ရှု​လော့​။ ငါ​သည် သူ့​ကို​ကောင်းချီးပေး​မည်​။ သူ့​ကို​ပွားများ​စေ​၍ အလွန့်အလွန်​တိုးပွား​စေ​မည်​။ သူ​သည် ခေါင်းဆောင်​တစ်ဆယ့်​နှစ်​ပါး​တို့​၏​ဖခင် ဖြစ်လာ​လိမ့်မည်​။ ငါ​သည် သူ့​ကို​ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ 21သို့သော် ငါ​သည် နောင်​နှစ် သတ်မှတ်​ထား​သော​ဤ​အချိန်​တွင် သင့်​အတွက် စာရာ​မွေးဖွား​မည့်​ဣဇက်​၌ ငါ​၏​ပဋိညာဉ်​ကို​တည်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။ 22ဘုရားသခင်​သည် အာဗြဟံ​နှင့်​စကားပြော​တော်မူ​ပြီးနောက် သူ့​ထံမှ အထက်​သို့​တက်သွား​တော်မူ​၏​။
23ထိုအခါ အာဗြဟံ​သည် မိမိ​သား​ဣရှမေလ​မှစ၍ မိမိ​အိမ်​၌​မွေးဖွား​သော​သူ​များ​၊ မိမိ​ငွေ​ဖြင့်​ဝယ်ထား​သော​သူ​များ​စသည့် အာဗြဟံ​၏​အိမ်သူအိမ်သား​များ​ထဲမှ ယောက်ျား​အားလုံး​ကို​ခေါ်​၍ မိမိ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ထို​နေ့​၌​ပင် သူ​တို့​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​မင်္ဂလာ​ကို ပေး​လေ​၏​။ 24အာဗြဟံ​သည် မိမိ​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​ခံ​သောအခါ အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​ပြီ​ဖြစ်​၏​။ 25သူ​၏​သား​ဣရှမေလ​ကား မိမိ​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​ခံ​သောအခါ အသက်​တစ်ဆယ့်​သုံး​နှစ်​ရှိ​ပြီ​ဖြစ်​၏​။ 26အာဗြဟံ​နှင့် သူ​၏​သား​ဣရှမေလ​သည် ထို​နေ့​၌​ပင် အရေဖျားလှီး​ခြင်း​ကို​ခံ​ကြ​၏​။ 27သူ​၏​အိမ်​၌​မွေးဖွား​သော​သူ​များ​၊ တိုင်းတစ်ပါးသား​ထံမှ ငွေ​ဖြင့်​ဝယ်ထား​သော​သူ​များ​စသည့် သူ​၏​အိမ်သူအိမ်သား​ယောက်ျား​အားလုံး​သည် သူ​နှင့်အတူ အရေဖျားလှီး​ခြင်း​ကို​ခံ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦးကျမ်း 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ