YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 1:6-24

ဂလာတိဩဝါဒစာ 1:6-24 MSBU

သင်​တို့​သည် ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ ခြားနား​သည့်​ကောင်းမြတ်​သော​သတင်း​ဘက်​သို့ ဤမျှလောက်​အလျင်အမြန်​လှည့်​သွား​ကြ​သည်​ကို ငါ​အလွန်​အံ့ဩ​မိ​၏။ ထိုသို့ဆိုသော် အခြား​ကောင်းမြတ်​သော​သတင်း​ရှိ​သည်​မ​ဟုတ်။ လူ​အချို့​တို့​သည် သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​၍ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို မှောက်လှန်​လို​ကြ​ခြင်း​သာ​ဖြစ်​၏။ သို့သော် ငါ​တို့​က​ဖြစ်စေ၊ ကောင်းကင်​မှ ကောင်းကင်​တမန်​က​ဖြစ်စေ သင်​တို့​အား ငါ​တို့​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ကွဲလွဲ​ခြားနား​သည့်​အရာ​ကို ဟောပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ ယခင်​က ငါ​တို့​ပြော​ခဲ့​သည့်​အတိုင်း ယခု​ထပ်မံ​၍ ငါ​ပြော​သည်​မှာ မည်သူမဆို သင်​တို့​လက်ခံ​ခဲ့​ပြီး​ဖြစ်​သည့် ကောင်းမြတ်​သော​သတင်း​နှင့် ကွဲလွဲ​ခြားနား​သည့်​အရာ​ကို ဟောပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ အကြောင်းမူကား ယခု ငါ​သည် လူ​တို့​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့မဟုတ် ဘုရားသခင်​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့တည်းမဟုတ် လူ​တို့​ကို​နှစ်သက်​စေရန် ကြိုးစား​နေ​သလော။ လူ​တို့​ကို​နှစ်သက်​စေရန် ငါ​ကြိုးစား​နေ​သေး​လျှင် ငါ​သည် ခရစ်တော်​၏​အစေအပါး​ဖြစ်​သည်​မ​ဟုတ်။ ညီအစ်ကို​တို့၊ ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​သည် လူ​က​ဖန်တီး​ထား​သော​အရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။ အကြောင်းမူကား ၎င်း​ကို လူ့​ထံမှ ငါ​ရရှိ​ခဲ့​သည်​မ​ဟုတ်။ သင်ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​အားဖြင့်​သာ ငါ​ရရှိ​ခဲ့​၏။ ဂျူး​ဘာသာဝင်​အဖြစ် ငါ​အသက်ရှင်​နေထိုင်​ခဲ့​စဉ်​အခါ​က ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို အတိုင်း​ထက်​အလွန်​ညှဉ်းဆဲ​၍ ထို​အသင်းတော်​ကို ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သည်​ကို​လည်းကောင်း၊ ငါ​သည် ဂျူး​ဘာသာ​တရား​၌ ငါ့​လူမျိုး​ထဲ​ရှိ​သက်တူရွယ်တူ​များ​ထက် သာလွန်​ပြီး ငါ့​ဘိုးဘေး​တို့​၏​ဓလေ့​ထုံးတမ်း​များ​နှင့်​ပတ်သက်၍ အလွန်​စိတ်အား​ထက်သန်​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​ကြားသိ​ထား​၏။ သို့သော် အမိ​ဝမ်း​ထဲ၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီးသန့်​ရွေးချယ်​ထား​၍ မိမိ​၏​ကျေးဇူး​တော်​အားဖြင့် ငါ့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​သည် မိမိ​၏​သား​တော်​အကြောင်း​ကို လူမျိုးခြား​တို့​တွင်​ဟောပြော​စေရန်​အတွက် ထို​သား​တော်​ကို ငါ့​အား​ဖော်ပြ​ရန် အလိုရှိ​တော်မူ​သောအခါ ငါ​သည် အသွေး​အသား​နှင့်​တိုင်ပင်​ခြင်း​ကို​မ​ပြု။ ငါ့​ထက်​အလျင်​ဦးစွာ တမန်တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့​လည်း မ​သွား​ဘဲ အာရေဗျ​ပြည်​သို့ ချက်ချင်း​ထွက်ခွာ​သွား​ပြီးလျှင် ဒမတ်စကပ်​မြို့​သို့ တစ်ဖန်​ပြန်လာ​ခဲ့​၏။ ထို့နောက် သုံး​နှစ်​လွန်​ပြီးမှ ကေဖ​နှင့်​အကျွမ်းဝင်​စေရန် ဂျေရုဆလင်​မြို့​သို့​သွား​၍ သူ​နှင့်အတူ တစ်ဆယ့်ငါး​ရက်​နေ​ခဲ့​၏။ သို့သော် အခြား​မည်သည့်​တမန်တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သခင်​ဘုရား​၏​ညီ​တော်​ယာကုပ်​ကို​သာ​တွေ့​ခဲ့​၏။ သင်​တို့​ထံသို့ ငါ​ရေး​နေ​သော​အကြောင်းအရာ​များ​တွင် မုသား​မ​ပါ​ကြောင်း ဘုရားသခင်​သိ​တော်မူ​၏။ ထို့နောက် ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​သို့ ငါ​သွား​ခဲ့​၏။ သို့ရာတွင် ခရစ်တော်​၌​တည်​သော ယုဒ​ပြည်​ရှိ အသင်းတော်​များ​သည် ငါ​နှင့်​လူ​ချင်း​မ​သိ​ကြ​သေး​ဘဲ “ယခင်​က ငါ​တို့​ကို​ညှဉ်းဆဲ​ခဲ့​သော​သူ​သည် တစ်ချိန်က သူ​ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သော​ယုံကြည်​ခြင်း​တရား​ကို ယခု ဟောပြော​လျက်​နေ​သည်”​ဟူ၍​သာ ကြား​ရ​ကြ​၏။ ထိုအခါ သူ​တို့​သည် ငါ့​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။