YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရမှတ်စာ 9

9
အစ္စရေးလူမျိုးတို့ တစ်ပါးအမျိုးသားတို့နှင့်စုံဖက်ခြင်း
1ထို့နောက်တွင် အကြီးအကဲ​တို့​သည် ငါ့​ထံ​လာ​၍ “​အစ္စရေး​ပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​အပါအဝင် လေဝိ​သား​တို့​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​သော​ပြည်သားရင်း​များ​ဖြစ်​သည့် ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ မောဘ​လူမျိုး​၊ အီဂျစ်​လူမျိုး​၊ အာမောရိ​လူမျိုး​တို့​နှင့် ကင်းရှင်း​စွာ​မ​နေ​ကြ​။ 2ထို​သူ​တို့​၏​သမီး​များ​ကို လက်ထပ်ယူ​ပြီး မိမိ​သား​တို့​နှင့်​လည်း ပေးစား​ကြ​၏​။ ဤသို့ဖြင့် သန့်ရှင်း​သော​အမျိုးအနွယ်​သည် ထို​ပြည်သား​တို့​နှင့်​ရောနှော​လေ​ပြီ​။ ဤ​သစ္စာမဲ့မှု​ကို အကြီးအကဲ​များ​၊ မင်းအရာရှိ​များ​က ထိပ်ဆုံး​မှ​ပြု​ကြ​၏”​ဟု ဆို​ကြ​၏​။ 3ထို​အကြောင်း​ကို​ကြား​လျှင် ငါ​သည် အတွင်းအင်္ကျီ​၊ အပြင်​ဝတ်လုံ​ကို​ဆွဲဆုတ်​ပြီး ဆံပင်​၊ မုတ်ဆိတ်​တို့​ကို ဆွဲနုတ်​ကာ လက်မှိုင်ချ​လျက်​ထိုင်​နေ​မိ​၏​။
အစ္စရေးလူမျိုးတို့အပြစ်အတွက် ဧဇရဝန်ချတောင်းပန်ခြင်း
4ညနေ​ပူဇော်သက္ကာ​ချိန်​တိုင်အောင် ငါ​သည် လက်မှိုင်ချ​လျက်​ထိုင်​နေ​စဉ်တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ ပြန်လာ​သော​သူ​တို့​၏​ဖောက်ပြန်မှားယွင်းမှု​ကြောင့် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​အမိန့်​တော်​ကို ကြောက်ရွံ့​သော​သူ​တို့​သည် ငါ့​ထံ စုရုံး​ရောက်လာ​ကြ​၏​။ 5ညနေ​ပူဇော်သက္ကာ​ချိန်​ရောက်​လျှင် ငါ​သည် ထို​ဆုတ်ဖြဲ​ထား​သော​အင်္ကျီ​နှင့် ဝတ်လုံ​ကို​ဝတ်​လျက်ပင် စိတ်ပျက်​ရာ​မှ​ထ​၍ ဒူးထောက်​ကာ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ လက်​ကို​ဖြန့်​လျက် 6“​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် အလွန်​ရှက်​လှ​ပါ​၏​။ အသရေပျက်​လျက် ရှိ​ပါ​၏​။ ကိုယ်တော့်​ကို မ​မျှော်ကြည့်​ဝံ့​ပါ​။ အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​များ​သည် ဦးခေါင်း​ကို​ပင် ကျော်လွန်​၍ မိုးကောင်းကင်​ထိ​တိုင် ရောက်​ပါ​ပြီ​။ 7အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​လက်ထက်​မှစ၍ ယနေ့​တိုင်အောင် အကျွန်ုပ်​တို့​သည် အပြစ်​ကြီး​လှ​ပါ​၏​။ အကျွန်ုပ်​တို့​၏​အပြစ်​များ​ကြောင့် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ ယဇ်ပုရောဟိတ်​များ​သည် ယခု​မြင်​ရ​သည့်​အတိုင်း တစ်ပါးအမျိုးသား​၏​ဘုရင်​တို့​လက်​ထဲသို့​ရောက်သွား​ရ​ပြီး ဓား​ဖြင့်​သတ်ဖြတ်​ခြင်း​၊ သုံ့ပန်း​ဖြစ်​ခြင်း​၊ လုယက်​ခြင်း​နှင့် အရှက်ခွဲ​ခြင်း​တို့​ကို ခံရ​ကြ​ပါ​၏​။ 8သို့သော် တစ်ခဏချင်း​တွင် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို ခံစား​ရ​၍ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထဲမှ​ကြွင်းကျန်​သူ​တို့​ကို လွတ်မြောက်​စေ​ပြီး ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​တွင် လုံခြုံ​ရာ#9:8 တိုက်ရိုက်ပြန်ဆိုလျှင် “ငုတ်တိုင်”။​ကို ပေး​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​ကို မျက်စိ​အလင်း​ပေး​တော်မူ​ပြီ​။ ကျွန်ခံ​ရ​ရာ​တွင် အနည်းငယ်​သက်သာ​ခွင့်​ကို ပေး​တော်မူ​ပါ​ပြီ​။ 9အကျွန်ုပ်​တို့​သည် ကျွန်​များ​သာ ဖြစ်​ပါ​၏​။ သို့သော် အကျွန်ုပ်​တို့​၏​ဘုရားသခင်​သည် အကျွန်ုပ်​တို့​ကို ကျွန်ခံ​ရာ​၌ စွန့်ပစ်​မ​ထား​ဘဲ ပါးရှား​ဘုရင်​ရှေ့​တွင် မေတ္တာကရုဏာ​ပြ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​အသက်​ကို ကာကွယ်​စောင့်ရှောက်​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​စေ​၍ ပြိုပျက်​ရာ​များ​ကို​လည်း ပြန်လည်​ပြုပြင်​စေ​တော်မူ​ပြီ​။ ယုဒ​ပြည် ဂျေရုဆလင်​မြို့​တွင် ကျွန်ုပ်​တို့​ကို တံတိုင်း​သဖွယ် အကာအကွယ်​ပေး​တော်မူ​ပါ​ပြီ​။ 10အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ဤသို့​ဖြစ်ပျက်​ပြီးမှ ယခု အကျွန်ုပ်​တို့ မည်သို့​လျှောက်​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​သည် ပညတ်တော်​ကို စွန့်ပယ်​ကြ​ပါ​ပြီ​။ 11ကိုယ်တော်​၏​အစေအပါး​ပရောဖက်​များ​အားဖြင့် ကိုယ်တော်​က ‘​သင်​တို့​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​သည် ပြည်သား​တို့​၏​မစင်ကြယ်​ခြင်း​နှင့် သူ​တို့​၏​စက်ဆုပ်​ရွံရှာဖွယ်​ရာ​များ​ဖြင့် ပြည်​တစ်ပြည်လုံး​ကို ပြည့်​စေ​ခြင်း​တို့​ကြောင့် ညစ်ညူး​သော​ပြည်​ဖြစ်​၏​။ 12သို့ဖြစ်၍ သင်​တို့​၏​သမီး​များ​ကို သူ​တို့​၏​သား​များ​နှင့် မ​ပေးစား​ကြ​နှင့်​။ သူ​တို့​၏​သမီး​များ​ကို​လည်း သင်​တို့​၏​သား​များ​နှင့် မ​ပေးစား​ကြ​နှင့်​။ သူ​တို့ အစဉ်​အေးအေးချမ်းချမ်း​နေ​ရ​ဖို့​၊ ကောင်းစား​ဖို့ သင်​တို့​မ​ပြု​ကြ​နှင့်​။ သို့မှ သင်​တို့​သည် အင်အားကြီး​မည်​။ ကောင်း​သော​ပြည်​ထွက်​အစားအစာ​များ​ကို စား​ရ​မည်​။ သင်​တို့​၏​သားမြေး​တို့​သည်​လည်း ထို​ပြည်​ကို အစဉ်​ပိုင်ဆိုင်​နိုင်​လိမ့်မည်​’​ဟု မိန့်ဆို​တော်မူ​ပြီ​။ 13အကျွန်ုပ်​တို့​ပြု​သော​ဆိုးညစ်မှု​များ​၊ အပြစ်​ကြီး​များ​ကြောင့် ဤသို့​ခံရ​သော်လည်း အကျွန်ုပ်​တို့​၏​ဘုရားသခင်​သည် အကျွန်ုပ်​တို့​ခံထိုက်​သည်​ထက်​လျော့​၍ အပြစ်ဒဏ်​ပေး​တော်မူ​၏​။ ဤမျှလောက် လွတ်မြောက်​ခွင့်​ပေး​တော်မူ​သည်​ကို​ပင် 14အကျွန်ုပ်​တို့​သည် ပညတ်တော်​များ​ကို ထပ်မံ​ချိုးဖောက်​၍ စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​သော​လူမျိုး​နှင့် ထိမ်းမြား​မည်​ဆို​လျှင် အကျွန်ုပ်​တို့​သည် အသက်​ဘေး​မှ​မ​လွတ်​၊ ကြွင်းကျန်သူ​တစ်ယောက်မျှ​မ​ရှိ​သည့်​တိုင်အောင် ကိုယ်တော်​သည် အမျက်ထွက်​၍ ဖျက်ဆီး​တော်မူ​မည်​မ​ဟုတ်​လော​။ 15အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ယနေ့ လွတ်မြောက်​၍ ကြွင်းကျန်​သော​သူ​များ ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​သည် အပြစ်​ရှိ​လျက်ပင် ကိုယ်တော့်​ရှေ့​တွင် ရပ်​နေ​ခွင့်​ရ​ပါ​ပြီ​။ သို့သော် ကိုယ့်​အပြစ်​ကြောင့် ရှေ့​တော်​တွင် ရပ်​နေ​နိုင်​သူ တစ်ဦးမျှ​မ​ရှိ​ပါ​”​ဟု တောင်းလျှောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဧဇရမှတ်စာ 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ