YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရမှတ်စာ 1

1
ကုရုမင်းကြီး၏အမိန့်တော်
1ယေရမိ​၏​နှုတ်​အားဖြင့် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား ပြည့်စုံ​စေရန် ပါးရှား​ဘုရင် ကုရု​မင်းကြီး နန်းစံ​သော​ပထမ​နှစ်​တွင် ထာဝရဘုရား​သည် ပါးရှား​ဘုရင်​ကုရု​မင်းကြီး​၏​စိတ်​ကို နှိုးဆော်​တော်မူ​သဖြင့် သူ​သည် မိမိ​နိုင်ငံ​တစ်ဝန်းလုံး​သို့ လိုက်လံကြေညာ​စေ​၍ စာ​ဖြင့်​လည်း မှတ်တမ်းတင်​ထား​သော​စကား​ကား ဤသို့​ဖြစ်​၏​။
2ပါးရှား​ဘုရင်​ကုရု​မင်းကြီး​က “​ကောင်းကင်ဘုံရှင် ဘုရားသခင်​ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အလုံးစုံ​ကို ငါ့​အား ပေး​တော်မူ​ပြီ​။ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​တွင် ကိုယ်တော့်​အဖို့ အိမ်​တော်​ကို​တည်​ရန် ငါ့​ကို ခန့်ထား​တော်မူ​ပြီ​။ 3သင်​တို့​တွင် မည်သူ​သည် ဘုရားသခင်​၏​လူ​ဖြစ်​သနည်း​။ ထို​သူ​နှင့်အတူ ဘုရားသခင်​ရှိ​တော်မူ​ပါစေသော​။ သူ​သည် ယုဒ​ပြည် ဂျေရုဆလင်​မြို့​သို့​တက်သွား​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို တည်ဆောက်​ပါစေ​။ ဘုရားသခင်​သည် ဂျေရုဆလင်​မြို့​တွင်​စံပယ်​တော်မူ​၏​။ 4အရပ်ရပ်​၌​ကြွင်းကျန်​သူ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​အဖို့ ရွှေ​ငွေ​၊ ပစ္စည်းဥစ္စာ​၊ တိရစ္ဆာန်​တို့​မှစ၍ စေတနာ​အလျောက်​ပေးလှူ​သော​ပူဇော်သက္ကာ​တို့​ကို မိမိ​တို့​နေထိုင်​ရာ​အရပ်​မှ ကူညီထောက်ပံ့​ပါစေ​”​ဟု မိန့်မှာ​၏​။
ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်လာခွင့်ရခြင်း
5ထိုအခါ ယုဒ​အမျိုး​နှင့် ဗင်္ယာမိန်​အမျိုး​တို့​၏​ဘိုးဘေး​အကြီးအမှူး​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​နှင့်တကွ မိမိ​တို့​၏​စိတ်​ကို ဘုရားသခင်​နှိုးဆော်​သော​သူ​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​ရှိ​ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ရန် ထ​၍​သွား​ကြ​လေ​၏​။ 6ထို​သူ​တို့​ဝန်းကျင်​၌​ရှိ​သော​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​စေတနာ​အလျောက် ရွှေ​ငွေ​အသုံးအဆောင်​များ​၊ ပစ္စည်းဥစ္စာ​များ​၊ တိရစ္ဆာန်​များ​၊ အဖိုးတန်​လက်ဆောင်​များ​ဖြင့် ပါဝင်​ပေးလှူ​ကြ​၏​။ 7နေဗုခဒ်နေဇာ​မင်းကြီး သိမ်းယူ​၍ သူ့​ဘုရား​ဗိမာန်​တွင်​ထားရှိ​သော ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို​လည်း ကုရု​မင်းကြီး​က ထုတ်ပေး​၏​။ 8ပါးရှား​ဘုရင် ကုရု​မင်းကြီး​သည် ထို​အိမ်​တော်​အသုံးအဆောင်​တို့​ကို ဘဏ္ဍာစိုး​မိသရေဒတ်​အား ထုတ်ယူ​စေ​၏​။ မိသရေဒတ်​သည်​လည်း ရေတွက်​ပြီး ယုဒ​ခေါင်းဆောင် ရှေရှဗာဇာ​အား ပေးအပ်​လိုက်​၏​။ 9ထို​အိမ်​တော်​အသုံးအဆောင်​တို့​၏​အရေအတွက်​မှာ ရွှေ​အင်တုံ အခု​သုံးဆယ်​၊ ငွေ​အင်တုံ အခု​တစ်ထောင်​၊ ဓား​နှစ်ဆယ့်​ကိုး​လက်​၊ 10ရွှေ​ဖလား အလုံး​သုံးဆယ်​၊ ငွေ​ဖလား​အမျိုးမျိုး အလုံး​လေး​ရာ့​တစ်ဆယ်​၊ အခြား​အသုံးအဆောင် အမျိုး​တစ်ထောင်​အပါအဝင် 11စုစုပေါင်း​ရွှေ​ငွေ​အသုံးအဆောင် ငါး​ထောင်​လေး​ရာ ရှိ​၏​။ ဘေဘီလုံ​မြို့​မှ ဂျေရုဆလင်​မြို့​သို့ သုံ့ပန်း​တို့ ပြန်လာ​ကြ​သောအခါ ရှေရှဗာဇာ​သည် ထို​အသုံးအဆောင်​ရှိသမျှ​ကို​ပါ ယူဆောင်​လာ​ခဲ့​၏​။

လက်ရှိရွေးချယ်ထားမှု

ဧဇရမှတ်စာ 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ