ယေဇကျေလအနာဂတ္တိကျမ်း 24
24
ဆူပွက်နေသောအိုးပုံဥပမာ
1နဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“အချင်းလူသား၊ ဤနေ့၊ ဤရက်ကို အမည်နှင့်တကွ ရေးမှတ်လော့။ ဤနေ့ရက်သည် ဂျေရုဆလင်မြို့ကို ဘေဘီလုံဘုရင်ဝိုင်းရံထားသောနေ့ဖြစ်၏။ 3ပုန်ကန်တတ်သောအမျိုးအား ဤပုံဥပမာဖြင့် ခိုင်းနှိုင်းပြလော့။ ဘုရားရှင်ထာဝရဘုရားက ‘အိုးထဲသို့ ရေလောင်းထည့်၍ မီးဖိုပေါ်တင်လော့။ 4အိုးထဲသို့ အသားတုံးများကို ထည့်လော့။ ပေါင်သား၊ ပခုံးသားအပါအဝင် အကောင်းဆုံးအသားများ အကောင်းဆုံးအရိုးများကို အပြည့်ထည့်လော့။ 5အကောင်းဆုံးသိုးကို ယူလော့။ အိုးအောက်၌ ထင်း#24:5 တိုက်ရိုက်ပြန်ဆိုလျှင် “အရိုးတို့ကို”။ပုံထားလော့။ အရိုးတို့ကို အသားနှင့်အတူ ပွက်ပွက်ဆူအောင် ပြုတ်လော့’ဟု မိန့်တော်မူ၏။ 6တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘လူအသက်သတ်သောမြို့သည် အမင်္ဂလာရှိ၏။ တိုက်ချွတ်မရအောင် အညစ်အကြေးကပ်နေသောအိုးထဲမှ အသားတုံးများကို မရွေးဘဲ တစ်တုံးပြီးတစ်တုံး ထုတ်လော့။ 7ထိုမြို့တွင် လူအသက်သတ်သောသွေး စွန်းလျက်ရှိ၏။ ထိုသွေးသည် မြေပေါ်တွင်ကျသည်မဟုတ်။ ရှင်းလင်းနေသောကျောက်ပေါ်တွင် ကျ၏။ မြေမှုန့်နှင့် ဖုံး၍မရ။ 8အမျက်ဒေါသကို နှိုးဆော်ရန်၊ လက်တုံ့ပြန်ရန် ထိုသွေးတို့ကို ရှင်းလင်းနေသောကျောက်ပေါ်တွင် ငါကျစေ၏။ ထို့ကြောင့် ဖုံးကွယ်ထား၍မရ’ဟု မိန့်တော်မူ၏။ 9တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘လူအသက်သတ်သောမြို့သည် အမင်္ဂလာရှိ၏။ ထိုမြို့ကို မီးပုံကြီး ဖြစ်စေမည်။ 10ထင်းကိုပုံ၍မီးမွှေးလော့။ အသားကို အမွှေးအကြိုင်များနှင့် ရော၍ပြုတ်လော့။ အရိုးများလည်း ကျွမ်းပါစေ’ဟု မိန့်တော်မူ၏။ 11‘အိုးပူလာ၍ ကြေးနီများနီရဲလာစေရန်၊ အိုးထဲရှိအညစ်အကြေးများ အရည်ပျော်လာပြီး ချေးတို့လောင်ကျွမ်းသွားစေရန် အိုးလွတ်တစ်လုံးကို မီးကျီးခဲပေါ်တင်လော့။ 12ထိုသို့ အပင်ပန်းခံကြိုးစားလုပ်ဆောင်သော်လည်း အထပ်ထပ်ကပ်ငြိနေသောချေးများ ကွာကျမည်မဟုတ်။ ထိုအညစ်အကြေးသည် မီးနှင့်ချွတ်၍ပင်မရနိုင်။ 13သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။ 14ငါထာဝရဘုရား မိန့်တော်မူပြီ။ ထိုသို့ပြုရမည့်နေ့ ရောက်လာပြီ။ ငါ့စိတ်ကို ငါမချုပ်တည်း၊ မသနား၊ စိတ်မပြောင်းလဲဘဲ သင့်အပြုအမူ၊ အကျင့်အကြံအတိုင်း သင့်ကိုစီရင်မည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
ယေဇကျေလဇနီးသေဆုံးခြင်းနိမိတ်
15တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 16“အချင်းလူသား၊ သင်ချစ်မြတ်နိုးသောသူကို တစ်ခဏအတွင်း ငါရုပ်သိမ်းပစ်မည်။ သင်မငိုကြွေးမမြည်တမ်းနှင့်။ မျက်ရည်မကျနှင့်။ 17တိတ်တိတ်လေးသာ ကြေကွဲလော့။ သေသွားသူအတွက် ငိုကြွေးမြည်တမ်းမနေနှင့်။ ခေါင်းပေါင်းပေါင်းထားလော့။ ဖိနပ်ကို စီးထားလော့။ နှုတ်ခမ်းကို ဖုံးမထားနှင့်။ အသုဘအစာကို မစားနှင့်”ဟု ငါ့အား မိန့်တော်မူ၏။
18နံနက်ရောက်သောအခါ လူတို့အား ငါပြောပြ၏။ နေဝင်ချိန်ရောက်သော် ငါ့ဇနီးဆုံးသွား၏။ နောက်တစ်နေ့မနက်တွင် မိန့်ဆိုသည့်အတိုင်း ငါပြု၏။ 19ထိုအခါ လူတို့က “သင်ဤသို့ပြုခြင်းသည် အကျွန်ုပ်တို့နှင့်ဆိုင်သလော။ အကျွန်ုပ်တို့အား ပြောပြပါလော့”ဟု ဆိုသဖြင့် 20ငါကလည်း သူတို့အား “ထာဝရဘုရား၏နှုတ်ကပတ်တော် ငါ့ထံသို့ရောက်လာ၍ 21‘အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင်တို့ဂုဏ်ယူအားထားရာ၊ သင်တို့နှစ်သက်မြတ်နိုးရာ၊ အလေးအမြတ်ထားရာ ငါ၏သန့်ရှင်းရာဌာနကို ငါညစ်ညူးစေမည်။ သင်တို့စွန့်ထားခဲ့သော သင်တို့၏သားသမီးတို့သည် ဓားဖြင့်သေရမည်။ 22ထိုအခါ သင်တို့သည် ငါပြုသည့်အတိုင်း ပြုကြလိမ့်မည်။ နှုတ်ခမ်းကို မဖုံး၊ အသုဘအစာကို မစား၊ 23ခေါင်းပေါင်းပေါင်း၍ ဖိနပ်ကိုလည်း စီးကြလိမ့်မည်။ ငိုကြွေးမြည်တမ်းမနေဘဲ ကိုယ့်အပြစ်ကြောင့် ရင်ကွဲနာကျလျက် အချင်းချင်းညည်းတွားပြကြလိမ့်မည်။ 24ယေဇကျေလ၏ဖြစ်ရပ်သည် သင်တို့အတွက် နိမိတ်ဖြစ်၏။ သူပြုသည့်အတိုင်း သင်တို့ပြုရမည်။ ထိုသို့ဖြစ်ပျက်သောအခါမှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်ဟူ၍ မိန့်တော်မူသည်ဟု ဆင့်ဆိုလော့။
25အချင်းလူသား၊ ယခုမူ သူတို့ဂုဏ်ယူအားထားရာခံတပ်ကြီး၊ သူတို့နှစ်သက်မြတ်နိုးရာ၊ ချစ်ခင်စွဲလမ်းရာနှင့် သူတို့သားသမီးတို့ကို ငါသိမ်းယူသွားမည့်နေ့ ရောက်လာလိမ့်မည်။ 26ထိုနေ့တွင် ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးသည် သင့်ထံလာ၍ ဤသတင်းကို ကြားပြောလိမ့်မည်။ 27ထိုအခါ သင်သည် တိတ်ဆိတ်မနေဘဲ နှုတ်ကိုဖွင့်၍ လွတ်မြောက်လာသူနှင့် စကားပြောလိမ့်မည်။ ဤသို့ဖြင့် သင်သည် သူတို့အဖို့ နိမိတ်လက္ခဏာ ဖြစ်လိမ့်မည်။ ထိုအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်ဆိုသည်”ဟု ပြန်ပြော၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 24: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative