ယေဇကျေလအနာဂတ္တိကျမ်း 23
23
ပြည့်တန်ဆာညီအစ်မနှစ်ယောက်
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“အချင်းလူသား၊ တစ်မိတည်းဖွားသော ညီအစ်မနှစ်ယောက်ရှိ၏။ 3သူတို့သည် အီဂျစ်ပြည်တွင် အပျိုဖြန်းဘဝကတည်းက ပြည့်တန်ဆာအလုပ်ကို လုပ်ကြ၏။ သူတို့၏သားမြတ်ကို အပွတ်သပ်ခံပြီး သူတို့၏အပျိုရည်ကို ပျက်စီးစေကြ၏။ 4အစ်မကား အဟောလ၊ ညီမကား အဟောလိဗဟု အမည်တွင်၏။ သူတို့ကို ငါပိုင်၏။ သူတို့၌ သားသမီးများရှိ၏။ အဟောလအမည်ရှိသောသူသည် ရှမာရိမြို့၊ အဟောလိဗအမည်ရှိသောသူသည် ဂျေရုဆလင်မြို့ဖြစ်၏။
5အဟောလသည် ငါ့အပိုင်ဖြစ်လျက်နှင့် ပြည့်တန်ဆာလုပ်၏။ သူချစ်သော အိမ်နီးချင်းအဆီးရီးယားလူမျိုးကိုစွဲမက်၍ သူ့ထံချဉ်းကပ်၏။ 6အဆီးရီးယားလူမျိုးတို့သည် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသောဘုရင်ခံများ၊ ခန့်ညားသောမင်းအရာရှိလုလင်ပျိုများ၊ မြင်းစီးသူရဲများ ဖြစ်ကြ၏။ 7သူသည် အဆီးရီးယားမင်းအရာရှိအပေါင်းတို့နှင့် ဖောက်ပြန်မှားယွင်း၏။ သူတပ်မက်သောသူအပေါင်းတို့၏ရုပ်တုများနောက်သို့လိုက်၍ မိမိကိုယ်ကိုညစ်ညူးစေ၏။ 8အီဂျစ်ပြည်တွင်ပြုခဲ့သော ပြည့်တန်ဆာအလုပ်ကိုမစွန့်။ အပျိုဖြန်းဘဝကပင် ယောက်ျားတို့သည် သူနှင့်အိပ်၏။ သူ၏အပျိုရည်ကိုဖျက်ဆီးပြီး သူနှင့်ဖောက်ပြန်မှားယွင်းကြ၏။ 9ထို့ကြောင့် သူချစ်သောသူတို့လက်သို့၊ သူတပ်မက်သော အဆီးရီးယားလူတို့လက်သို့ သူ့ကိုငါအပ်လိုက်ပြီ။ 10သူတို့က သူ့ကို အဝတ်အချည်းစည်းဖြစ်စေကြ၏။ သူ၏သားသမီးတို့ကို ဖမ်းခေါ်သွား၍ သူ့ကိုဓားနှင့်ကွပ်မျက်ကြ၏။ ထိုသို့ အပြစ်ဒဏ်စီရင်ခံရ၍ သူသည် မိန်းမတကာတို့တွင် နာမည်ပျက်သောမိန်းမဖြစ်လေ၏။
11ထိုအဖြစ်အပျက်ကို သူ့ညီမအဟောလိဗ မြင်သော်လည်း ရာဂစိတ်အားကြီး၍ သူ့အစ်မထက် သာ၍အကျင့်ပျက်ပြား၏။ ပြည့်တန်ဆာလုပ်၍ သူ့အစ်မထက် သာ၍ဖောက်ပြန်မှားယွင်း၏။ 12သူသည် အဆီးရီးယားအမျိုးသား ဘုရင်ခံများ၊ မင်းအရာရှိများ၊ စစ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်စစ်သူရဲများ၊ မြင်းစီးသူရဲများ စသည့် ခန့်ညားချောမောသော လုလင်ပျိုအပေါင်းတို့ကို တပ်မက်၏။ 13သူသည် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေသည်ကို ငါမြင်၏။ သူတို့နှစ်ယောက်စလုံး အကျင့်တူ၏။ 14သူသည် အထပ်ထပ်ဖောက်ပြန်မှားယွင်း၏။ နံရံပေါ်တွင် ထွင်းထုထားသော ယောက်ျားပုံများ၊ အနီရောင်ရေးချယ်ထားသော ခါလဒဲလူမျိုးတို့၏ရုပ်ပုံများ၊ 15ခါးပတ်စည်း၍ ခေါင်းပေါင်းတွဲလောင်းကျနေသော တပ်မှူးပုံများ၊ ခါလဒဲပြည်ဖွား ဘေဘီလုံစစ်သည်တို့၏ပုံများ စသည်တို့ကို မြင်သောအခါ 16တပ်မက်သောစိတ်ဝင်၍ ခါလဒဲပြည်ရှိ ထိုသူတို့ထံသို့ တမန်များကို စေလွှတ်လေ၏။ 17ဘေဘီလုံအမျိုးသားတို့သည်လည်း သူ့ထံရောက်လာ၍ သူနှင့်အတူ အိပ်ကြ၏။ သူနှင့်ဖောက်ပြန်မှားယွင်းပြီး သူ့ကိုညစ်ညူးစေ၏။ ထိုသူတို့ကို ရွံရှာသွားသည်အထိ သူ့ကိုညစ်ညူးစေကြ၏။ 18သူသည် ပေါ်ပေါ်ထင်ထင်ဖောက်ပြန်မှားယွင်း၏။ အဝတ်အချည်းစည်းနေ၏။ ထို့ကြောင့် ငါသည် သူ့အစ်မကို စွန့်ထားခဲ့သကဲ့သို့ သူ့ကိုလည်း စွန့်ထားခဲ့ပြီ။ 19သို့သော် သူသည် အပျိုဖြန်းဘဝက အီဂျစ်ပြည်၌ ပြည့်တန်ဆာပြုခဲ့သည်ကို သတိရလျက် အထပ်ထပ်ဖောက်ပြန်မှားယွင်း၏။ 20မြည်းကဲ့သို့၊ မြင်းကဲ့သို့ တဏှာရာဂစိတ်ကြီးသောလင်ငယ်များကို သူတပ်မက်၏။ 21ဤသို့ သင်သည် အီဂျစ်ပြည်တွင် အပျိုစင်သားမြတ်ကို အပွတ်သပ်ခံခဲ့၍ အပျိုဖြန်းဘဝကပြုခဲ့သော ညစ်ညမ်းမှုကိုသာ သင်တမ်းတနေ၏။
22ထို့ကြောင့် အို အဟောလိဗ၊ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင်စွန့်ထားခဲ့သော သင့်ချစ်သူများကို ငါနှိုးဆွမည်။ သင့်ကိုဝိုင်းဝန်းတိုက်ခိုက်ရန် 23ဘေဘီလုံပြည်ရှိ ခါလဒဲလူမျိုးများမှစ၍၊ ပေကုပ်လူမျိုး၊ ရှောလူမျိုး၊ ကောလူမျိုးတို့နှင့်တကွ သူတို့နှင့်အတူနေထိုင်သော အဆီးရီးယားလူမျိုးများ စသည့် ခန့်ညားသောမင်းအရာရှိလုလင်ပျိုများ၊ စစ်ဗိုလ်များ၊ နာမည်ကျော်ကြားသောတပ်မှူးများ၊ မြင်းစီးသူရဲများအားလုံးတို့ကို ငါခေါ်လာမည်။ 24သူတို့သည် စစ်ရထားများ၊ လှည်းများ၊ လူအလုံးအရင်းများနှင့်တကွ သင့်ကိုလာတိုက်လိမ့်မည်။ ဒိုင်းများ၊ လွှားများ၊ သံခမောက်များပါလျက် သင့်ကိုဝိုင်းရံတပ်စွဲကြလိမ့်မည်။ သင့်ကိုအပြစ်ပေးရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့၏စီရင်ချက်အတိုင်း သင့်ကိုစီရင်လိမ့်မည်။ 25သဝန်တိုသောစိတ်ကြောင့် သင့်ကိုငါအမျက်ထွက်သည်ဖြစ်၍ သူတို့သည် အမျက်ပြင်းစွာဖြင့် သင့်ကိုစီရင်လိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကို ဖြတ်ပစ်လိမ့်မည်။ ကြွင်းကျန်သောသူတို့သည် ဓားဘေးဖြင့် သေဆုံးရလိမ့်မည်။ သင့်သားသမီးတို့ကို ဖမ်းခေါ်သွားလိမ့်မည်။ ကြွင်းကျန်သောသူတို့သည် မီးရှို့ခံရမည်။ 26သင့်အဝတ်များကို ချွတ်ပစ်ပြီး သင်၏အဖိုးတန်ရတနာတို့ကို သိမ်းယူသွားလိမ့်မည်။ 27အီဂျစ်ပြည်၌သင်ပြုခဲ့သော ဖောက်ပြန်မှားယွင်းမှု၊ ညစ်ညမ်းမှုတို့ကို ငါအဆုံးသတ်စေမည်ဖြစ်၍ သင်သည် အီဂျစ်ပြည်ကို အမှတ်ရတော့မည်မဟုတ်၊ မျှော်ကြည့်တော့မည်မဟုတ်’ဟု မိန့်တော်မူ၏။
28တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်မုန်းတီးသောသူတို့လက်သို့၊ သင်စွန့်ပစ်သွားခဲ့သောသူတို့လက်သို့ သင့်ကိုငါအပ်မည်။ 29သူတို့သည် သင့်ကိုမုန်းသဖြင့် သင့်ချွေးနှဲစာရှိသမျှကိုယူ၍ သင့်ကို အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။ သင်သည် အရှက်မရှိ ပြည့်တန်ဆာလုပ်ခဲ့ပုံများ၊ ညစ်ညမ်းသောအမှုပြုခဲ့ပုံများ၊ ဖောက်ပြန်မှားယွင်းခဲ့ပုံများကို ငါဖော်ထုတ်မည်။ 30လူမျိုးတကာတို့နှင့်ဖောက်ပြန်မှားယွင်းပြီး သူတို့၏ရုပ်တုများဖြင့် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေသောကြောင့် သင့်ကို ဤသို့ငါစီရင်မည်။ 31သင်သည် သင့်အစ်မလိုက်သောလမ်းအတိုင်း လိုက်သဖြင့် သူ၏ခွက်ဖလားကို သင့်လက်သို့ ငါအပ်မည်’ဟု မိန့်တော်မူ၏။
32ဘုရားရှင်ထာဝရဘုရားက ‘ဇောက်နက်၍ အဝကျယ်ပြီး များစွာဆံ့သော သင့်အစ်မ၏ခွက်ဖလားကို သင်သောက်ရမည်။ သင်သည် လှောင်ပြောင်စရာ၊ အထင်အမြင်သေးစရာ ဖြစ်ရလိမ့်မည်’ဟု မိန့်တော်မူ၏။ 33‘သင့်အစ်မရှမာရိသောက်သော ထိတ်လန့်စရာခွက်၊ အထီးကျန်စေသောခွက်ကို သင်သည် သောက်ပြီး မူးယစ်ကြေကွဲရလိမ့်မည်။ 34သင်သည် ထိုခွက်ကို တစ်စက်မကျန်သောက်ပြီး အစိတ်စိတ်အမွှာမွှာခွဲပစ်မည်။ ထိုခွက်အပိုင်းအစဖြင့်လည်း သင့်သားမြတ်ကို လှီးဖြတ်လိမ့်မည်။ ထိုသို့ ငါမိန့်ဆိုပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
35တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ငါ့ကိုမေ့လျော့ပြီး လျစ်လျူရှုထား၏။ ထို့ကြောင့် သင်ပြုသောညစ်ညမ်းမှု၊ ဖောက်ပြန်မှားယွင်းမှုများ၏အကျိုးဆက်ကို သင်ပြန်ခံရမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ 36တစ်ဖန် ထာဝရဘုရားက ငါ့အား “အချင်းလူသား၊ အဟောလနှင့် အဟောလိဗကို စီရင်လော့။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်တို့ကို ပြောကြားလော့။ 37သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၏။ လူအသက်သတ်၏။ ရုပ်တုများနှင့် ဖောက်ပြန်၏။ ငါ့အဖို့ ဖွားမြင်သောသားသမီးများကိုပင် ထိုရုပ်တုတို့၏အစာအဖြစ် ပူဇော်ကြ၏။ 38ထိုမျှသာမက ငါ့ကို သူတို့ပြုသောအမှုဟူမူကား ထိုနေ့တွင်ပင် သန့်ရှင်းရာဌာနကိုညစ်ညူးစေ၍ ဥပုသ်နေ့ကိုရှုတ်ချကြ၏။ 39သူတို့သည် သားသမီးများကိုသတ်ပြီး ရုပ်တုများအားပူဇော်သည့်နေ့တွင်ပင် သန့်ရှင်းရာဌာနထဲသို့ဝင်၍ ညစ်ညူးစေကြ၏။ ငါ့အိမ်တော်တွင်း၌ ဤသို့ပြုကြပါသည်တကား။
40ထို့ပြင် တမန်ကိုစေလွှတ်၍ ရပ်ဝေးမှယောက်ျားတို့ကို ခေါ်၏။ ထိုယောက်ျားတို့ရောက်လာသောအခါ သင်သည် ရေမိုးချိုးလျက်၊ မျက်လုံးတို့ကို ခြယ်သလျက်၊ အဆင်တန်ဆာများ ဆင်ယင်လျက်၊ 41တင့်တယ်သောညောင်စောင်းပေါ်တွင်ထိုင်လျက်၊ ငါ့အားပူဇော်ရမည့် နံ့သာပေါင်းနှင့်ဆီကို စားပွဲတွင်တင်ထား၏။ 42ထိုနေရာတွင် ပျော်ပါးနေသောလူအုပ်ကြီး ဆူညံနေ၏။ တောကန္တာရမှ သေသောက်ကြူးသော သာမန်ယောက်ျားသားတို့သည် သူတို့လက်တွင် လက်ကောက်များ၊ သူတို့ခေါင်းတွင် တင့်တယ်သောသရဖူများကို ဆင်ယင်ပေးကြလေပြီ။ 43ထိုအခါ ငါက ပြည့်တန်ဆာဝါရင့်နေသော ဤမိန်းမနှင့်ပတ်သက်၍ ‘ဤယောက်ျားတို့သည် ဤမိန်းမနှင့်ပင် ဖောက်ပြန်မှားယွင်းနေကြပေဦးမည်’ဟု ဆိုမိ၏။ 44ယောက်ျားတို့သည် ပြည့်တန်ဆာမထံဝင်သကဲ့သို့ပင် ညစ်ညမ်းသောမိန်းမများဖြစ်သည့် အဟောလနှင့်အဟောလိဗထံ ဝင်ကြလေ၏။ 45သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူအသက်သတ်သောမိန်းမ ဖြစ်ကြသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်သူ၊ လူအသက်ကိုသတ်သူတို့ကိုစီရင်သည့်အတိုင်း ဖြောင့်မတ်သောသူတို့က သူတို့ကို စီရင်လိမ့်မည်။
46ဘုရားရှင်ထာဝရဘုရားက ‘သူတို့ထံသို့ လူအလုံးအရင်းကို ချီလာစေပြီး သူတို့ကို ထိတ်လန့်စေမည်၊ လုယူဖျက်ဆီးစေမည်။ 47လူအလုံးအရင်းတို့သည် သူတို့ကို ကျောက်ခဲနှင့် ပေါက်သတ်ကြလိမ့်မည်၊ ဓားဖြင့် ခုတ်သတ်လိမ့်မည်။ သူတို့၏သားသမီးများကိုလည်း သတ်၍ အိမ်များကိုလည်း မီးရှို့ပစ်လိမ့်မည်။ 48အခြားသောမိန်းမအပေါင်းတို့သည် သင်တို့ပြုသကဲ့သို့ ညစ်ညမ်းသောအမှုကိုမပြုဘဲ သင်ခန်းစာယူနိုင်ရန် ပြည်ထဲရှိ ညစ်ညမ်းမှုတို့ကို ငါအဆုံးသတ်ပစ်မည်။ 49သူတို့သည် သင်ပြုခဲ့သောညစ်ညမ်းမှုအပြစ်ကို ပြန်ခံစေမည်။ ရုပ်တုနောက်လိုက်သည့်အပြစ်တို့ကို သင်ပြန်ခံရမည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 23: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative