YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 16

16
ဖောက်ပြန်မှားယွင်းသောဇနီးပုံဥပမာ
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​အား မိမိ​၏​စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို သိ​စေ​လော့​။ 3ဘုရားရှင်​ထာဝရဘုရား​က ဂျေရုဆလင်​မြို့​အား ဤသို့​မိန့်​တော်မူ​ကြောင်း​ကို ဆင့်ဆို​လော့​။ ‘သင့်​မွေးရပ်​ဇာတိ​မှာ ခါနာန်​ပြည်​ဖြစ်၍ သင့်​ဖခင်​သည် အာမောရိ​လူမျိုး​၊ သင့်​မိခင်​သည် ဟိတ္တိ​လူမျိုး​ဖြစ်​၏​။ 4သင်​မွေးဖွား​ခြင်း​အကြောင်း​ကို​ဆို​ရ​လျှင် သင်​မွေး​သော​နေ့​၌ သင့်​ကို ချက်ကြိုး​မ​ဖြတ်​ပေး​၊ ရေချိုး​သန့်စင်​မ​ပေး​၊ ဆား​မ​လူး​ပေး​၊ အနှီး​ဖြင့် မ​ပတ်ရစ်​ပေး​။ 5သင့်​ကို​သနား​၍ ထိုသို့​ပြု​ပေး​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​။ သင့်​အပေါ်​မေတ္တာကင်းမဲ့​၍ သင်​မွေးဖွား​သော​နေ့​၌​ပင် သင့်​ကို​စက်ဆုပ်ရွံရှာ​သဖြင့် လယ်ကွင်းပြင်​တွင် ပစ်​ထား​၏​။
6ငါ​သည် သင့်​အနား​မှ​ဖြတ်သွား​သောအခါ သွေး​အလူးလူး​ဖြင့်​ကန်ကျောက်​နေ​သော​သင့်​ကို​မြင်​၍ အသက်ရှင်​ပါ​ဟု သင့်​အား ငါ​ဆို​၏​။ သွေး​လူး​နေ​သော​သင့်​ကို အသက်ရှင်​ပါ​ဟု ငါ​အားပေး​ခဲ့​၏​။ 7သင့်​ကို တော​ထဲမှ​အပင်​ကဲ့သို့ ကြီးထွား​စေ​၏​။ သင်​သည် ကြီးထွား​ဖွံ့ဖြိုး​လာ​ပြီး လှပ​သော​အဆင်တန်ဆာ ဖြစ်လာ​၏​။ ရင်သား​စူ​လာ​၏​။ ဆံပင်​ရှည်​လာ​၏​။ သို့သော် အဝတ်မပါ​အချည်းစည်း ဖြစ်​နေ​၏​။
8သင့်​အနား​မှ​ဖြတ်သွား​၍​ကြည့်​သော် သင်​သည် အိမ်ထောင်ပြု​ရ​မည့်​အရွယ်​သို့ ရောက်​လေ​ပြီ​။ ထို့ကြောင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သော​သင့်​ကို ငါ့​ဝတ်လုံစွန်း​ဖြင့် ဖုံးအုပ်​ပေး​၏​။ သင်​နှင့်​သစ္စာဆို​၍ ပဋိညာဉ်ဖွဲ့​၏​။ ထို့ကြောင့် သင့်​ကို ငါ​ပိုင်ဆိုင်​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ 9‘သွေး​ဖြင့်​ပေကျံ​နေ​သော​သင့်​ကို ရေ​ဖြင့်​ဆေးကြော​ပေး​၏​။ ဆီ​လိမ်း​ပေး​၏​။ 10သင့်​အား ဇာပန်းထိုးထည်​ကို ဝတ်ဆင်​ပေး​၏​။ သားရေဖိနပ်​ကို စီး​ပေး​၏​။ ပိတ်ချောထည် ဆင်ယင်​ပေး​၏​။ ပိုးထည် ခြုံ​ပေး​၏​။ 11သင့်​ကို လက်ဝတ်ရတနာ​များ ဆင်ယင်​ပေး​၏​။ သင့်​လက်​၌ လက်ကောက်​ဝတ်​ပေး​၏​။ သင့်​လည်ပင်း​၌ ဆွဲကြိုး​ဆွဲ​ပေး​၏​။ 12သင့်​နှာခေါင်း​၌ နှာဆွဲ​၊ သင့်​နား​၌ နားကပ်​၊ သင့်​ခေါင်း​ပေါ်၌ တင့်တယ်​သော​သရဖူ စသည်​ဖြင့် ငါ​ဆင်ယင်​ပေး​၏​။ 13ဤသို့ဖြင့် သင်​သည် ရွှေ​ငွေ​ကို ဆင်ယင်​ရ​၏​။ ပိတ်ချောထည်​၊ ပိုးထည်​၊ ဇာပန်းထိုးထည်​တို့​ကို ဝတ်ဆင်​ရ​၏​။ အကောင်းဆုံး​ဂျုံမှုန့်​၊ ပျားရည်​၊ သံလွင်ဆီ​တို့​ကို​စားသုံး​ရ​၏​။ သင်​သည် လှသွေးကြွယ်​ပြီး ဘုရင်မ​တစ်ဆူသဖွယ် ဖြစ်လာ​၏​။ 14ငါ​ပေး​သော​ဂုဏ်အရှိန်အဝါ​ကြောင့် သင်​သည် အလှ​နှင့်​ပြည့်စုံ​၍ သင့်​အလှ​သည် လူမျိုးတကာ​တို့​ထံသို့ ပျံ့နှံ့​ကျော်ကြား​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။
15‘သို့သော် သင်​သည် အလှဂုဏ်မောက်​၍ သင်​၏​ကျော်ကြားမှု​သည် သင့်​ကို ပြည့်တန်ဆာ​အဖြစ်​သို့ တွန်းပို့​လေ​ပြီ​။ ရာဂစိတ်​ပြင်းထန်​၍ သင့်​အနား​ဖြတ်သန်းသွားလာ​သော​သူ​တို့​နှင့် ဖောက်ပြန်မှားယွင်း​၏​။ သင့်​အလှ​သည် သူ​တို့​အဖို့​ဖြစ်သွား​၏​။ 16သင်​သည် အဝတ်အစား​အချို့​ကို​ယူ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ရောင်စုံခြယ်​လျက် မ​လုပ်​သင့်​၊ မ​လုပ်ထိုက်​သော ဖောက်ပြန်မှားယွင်း​ခြင်း​ကို​ပြု​၏​။ 17သင့်​ကို ငါ​ပေး​သော​ရွှေ​ငွေ​များ​ဖြင့် သင်​ပြုလုပ်​ထား​သော သင်​၏​အဖိုးတန်​အဆင်တန်ဆာ​ကို​ယူ​၍ ယောက်ျား​ရုပ်တု​များ​ကို ပြုလုပ်​ပြီးလျှင် ထို​ရုပ်တု​များ​နှင့် ဖောက်ပြန်မှားယွင်း​၏​။ 18ဇာပန်း​ထိုး​ထား​သော သင်​၏​အဝတ်​ကို​ယူ​ပြီး ထို​ရုပ်တု​တို့​အား ခြုံ​ပေး​၏​။ ငါ​၏​သံလွင်ဆီ​နှင့် နံ့သာပေါင်း​တို့​ကို​လည်း သူ​တို့​ရှေ့​၌​ပူဇော်​၏​။ 19သင့်​အား ငါ​ထောက်ပံ့​ကျွေးမွေး​သော​အစားအစာ​ဖြစ်​သည့် အကောင်းဆုံး​ဂျုံမှုန့်​၊ သံလွင်ဆီ​၊ ပျားရည်​တို့​ကို သင်​သည် မွှေးကြိုင်​သော​ရနံ့​အဖြစ် သူ​တို့​အား ပူဇော်​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။
20‘သင်​သည် ပြည့်တန်ဆာ​ပြု​ခြင်း​ဖြင့် မလုံလောက်​သေး​။ သင်​မွေးလာ​သော​သား​သမီး​တို့​ကို​ယူ​၍ ထို​ရုပ်တု​တို့​အား အစာ​အဖြစ် ပူဇော်​၏​။ 21သင်​သည် ငါ့​သားသမီး​တို့​ကို​သတ်​၍ မီးရှို့​ပူဇော်​ရန် ရုပ်တု​တို့​အား ပေးအပ်​လေ​ပြီ​။ 22သင်​သည် အလုံးစုံ​သော​စက်ဆုပ်ရွံရှာဖွယ်​ပြည့်တန်ဆာအမှု​ကို​ပြု​စဉ် ငယ်စဉ်​ဘဝ​က အဝတ်မပါ​အချည်းစည်း​ဖြစ်​ခဲ့​၍ သွေး​ထဲတွင်​လူး​နေ​ခဲ့​ရ​သည်​ကို သင်​မ​အောက်မေ့​ပါ​တကား​။
23သင်​ပြု​သော​မကောင်းမှု​များ​ကြောင့် အမင်္ဂလာ​သည် သင်​၏​နောက်​သို့ လိုက်လာ​လိမ့်မည်​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 24ထို့ပြင် သင်​သည် လူစည်ကား​သော​နေရာ​တိုင်း​တွင် ကိုယ့်​အဖို့ အထွတ်အမြတ်​ထား​သော​နေရာ​ဆောက်​၏​။ ပူဇော်​ရာ​ကို​တည်​၏​။ 25လမ်းဆုံလမ်းခွ​တိုင်း​၌ အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​တည်​၏​။ သင်​၏​အလှ​ကို စက်ဆုပ်ရွံရှာ​ဖွယ်​ရာ​ဖြစ်​စေ​၏​။ သင်​၏​ခြေ​ကို​ကား​ပြီး ဖြတ်သန်း​သွား​သူ​အပေါင်း​တို့​နှင့် ထပ်ခါတလဲလဲ​ဖောက်ပြန်မှားယွင်း​၏​။ 26သင်​သည် ရာဂစိတ်​ပြင်းထန်​သော သင့်​အိမ်နီးချင်း​အီဂျစ်​အမျိုးသား​တို့​နှင့် ထပ်ခါတလဲလဲ​ဖောက်ပြန်မှားယွင်း​ခြင်း​ဖြင့် ငါ့​ကို​အမျက်ထွက်​စေ​ပြီ​။
27ထို့ကြောင့် ကြည့်ရှု​လော့​။ ငါ​သည် လက်​ကို​ဆန့်တန်း​ပြီး သင့်​ကို​ဆန့်ကျင်​မည်​။ သင့်​ဝေစု​ကို လျှော့ချ​ပစ်​မည်​။ သင်​၏​ညစ်ညမ်း​သော​လုပ်ရပ်​များ​ကြောင့် သင့်​ကို​မုန်းတီး​သော​၊ သင့်​အစား​ရှက်​သော ဖိလိတ္တိ​သမီးပျို​တို့​လက်​သို့ သင့်​ကို​အပ်လိုက်​မည်​။ 28သင်​သည် မ​ရောင့်ရဲ​နိုင်​ဘဲ အဆီးရီးယား​ပြည်သား​တို့​နှင့်​လည်း ဖောက်ပြန်မှားယွင်း​သေး​၏​။ ထိုသို့ သူ​တို့​နှင့်​ဖောက်ပြန်မှားယွင်း​သည့်​တိုင် သင်​သည် အားရကျေနပ်​ခြင်း​မ​ရှိ​။ 29ထိုမျှမက ခါလဒဲ​ပြည်သား ကုန်သည်​တို့​နှင့်​လည်း ဖောက်ပြန်မှားယွင်း​သေး​၏​။ ထိုမျှနှင့်လည်း သင်​သည် အားရကျေနပ်မှု​မ​ရှိ​။
30အရှက်မရှိ ဖောက်ပြန်​မှားယွင်းမှု​ရှိသမျှ​ကို ပြု​ရ​လောက်အောင် သင့်​စိတ်ထား​ယုတ်ညံ့​လှ​ချေ​တကား’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ 31‘သင်​သည် လမ်းဆုံလမ်းခွ​တိုင်း​တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​တည်​၏​။ လူစည်ကား​သော​နေရာ​တိုင်း​တွင် ပူဇော်​ရာ​ကို​တည်​၏​။ ထိုသို့ ဖောက်ပြန်မှားယွင်း​နေ​သော်လည်း အခကြေးငွေ​မယူ​သောကြောင့် သင်​သည် ပြည့်တန်ဆာ​နှင့်​မ​တူ​။ 32ဖောက်ပြန်​သော​မိန်းမ​၊ သင်​သည် ကိုယ့်​ခင်ပွန်း​အစား သူစိမ်း​ယောက်ျား​များ​ကို တပ်မက်​ပါ​သည်​တကား​။ 33ပြည့်တန်ဆာမ​တို့​သည် သူ​တို့​ထံ​လာ​သော​လူ​ဆီ​မှ အခကြေးငွေ​ကို ယူ​တတ်​ကြ​၏​။ သင်​မူကား သင်​ချစ်​သော​သူ​တို့​ကို အခကြေးငွေ​ပေး​တတ်​၏​။ အရပ်တကာ​မှ​ယောက်ျား​တို့ သင့်​ထံ​လာ​၍ သင်​နှင့်​ဖောက်ပြန်မှားယွင်း​ဖို့ သင်​သည် သူ​တို့​ကို​ငှားရမ်း​တတ်​၏​။ 34သင်​သည် ပြည့်တန်ဆာအလုပ်​လုပ်​ရာ​၌ အခြား​မိန်းမ​တို့​နှင့်​မ​တူ​။ သင်​နှင့်​ဖောက်ပြန်မှားယွင်း​ဖို့ မည်သူမျှ​တောင်းဆို​စရာ​မလို​။ သင်​က အဖိုးအခ​မ​ယူ​၊ အဖိုးအခ​ကို​ပေး​သူ​ဖြစ်​၍ အခြား​မိန်းမ​တို့​နှင့်​ခြားနား​၏’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။
35အို ပြည့်တန်ဆာမ​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​လော့​။ 36ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် တဏှာရာဂစိတ်​ပြင်းထန်​လျက်​၊ အဝတ်မပါ​အချည်းစည်း​ဖြစ်​လျက် သင်​ချစ်​သော​သူ​များ​နှင့်​ဖောက်ပြန်မှားယွင်း​သောကြောင့်​၊ သင့်​သားသမီး​တို့​ကို​သတ်​၍ သင်​၏​စက်ဆုပ်ရွံရှာဖွယ်​ရုပ်တု​တို့​အား ပေးလှူ​သောကြောင့် 37သင့်​ကို​သာယာမှု​ပေး​သော သင့်​ချစ်သူ​များ​မှစ၍ သင်​မုန်းတီး​သော​သူ​များ​အားလုံး​ကို အရပ်ရပ်​မှ​စုရုံး​စေ​ပြီးလျှင် သင့်​ကို​ဆန့်ကျင်​စေ​မည်​။ သူ​တို့​အား သင်​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို ငါ​ပြ​မည်​။ သင်​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​ခြင်း​ကို သူ​တို့​မြင်​ရ​လိမ့်မည်​။ 38အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူသတ်​သော​မိန်းမ​တို့​ကို တရားစီရင်​သကဲ့သို့ သင့်​ကို​ငါ​တရားစီရင်​မည်​။ မနာလိုစိတ်​၊ ဒေါသစိတ်​တို့​ဖြင့် သင့်​ကို သေဒဏ်​ပေး​မည်​။ 39သင့်​ကို သူ​တို့​လက်​သို့​အပ်​လိုက်​မည်​။ သူ​တို့​သည် သင်​၏​ကွန်းခိုရာ​ကို ဖြိုချ​ပစ်​မည်​၊ သင်​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ သင့်​အဝတ်​များ​ကို​ချွတ်​၍ လက်ဝတ်ရတနာ​များ​ကို​ယူ​ပြီးလျှင် အဝတ်မပါ​အချည်းစည်း ပစ်​ထား​ကြ​လိမ့်မည်​။ 40သူ​တို့​သည် လူအုပ်ကြီး​ကို​ခေါ်လာ​၍ သင့်​ကို ခဲ​နှင့်​ပေါက်သတ်​မည်​။ ဓား​ဖြင့် အပိုင်းပိုင်း​ခုတ်ဖြတ်​မည်​။ 41သင့်​အိမ်​ကို မီး​ရှို့​ပစ်​မည်​။ မိန်းမ​အများ​ရှေ့​တွင် ဒဏ်ခတ်​မည်​။ ဤသို့ဖြင့် သင်​အဖိုးအခ​ပေး​ပြီး ဖောက်ပြန်မှားယွင်း​သော​အမှု​ပြု​ခြင်း​မှ ငါ​ရပ်တန့်​စေ​မည်​။ 42သို့မှ ငါ​အမျက်ပြေ​မည်​။ သံသယစိတ်​ကင်း​မည်​။ အမျက်​မ​ထွက်​တော့​သဖြင့် ငြိမ်းချမ်း​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 43ဘုရားရှင်​ထာဝရဘုရား​က ‘သင်​၏​ငယ်ဘဝ​ကို မေ့​ထား​ပြီး ညစ်ညမ်း​သော​အမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​ရှိသမျှ​တို့​ကို ပြု​ခြင်း​ဖြင့် ငါ့​ကို​ဒေါသထွက်​စေ​သောကြောင့် သင်​ပြု​ခဲ့​သမျှ​တို့​ကို သင့်​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။ ထို​အမှု​အပေါင်း​တို့​ကို သင်​မ​ပြု​တော့​နှင့်​။
44စကားပုံဖွဲ့​တတ်​သူ​တိုင်း​က သင့်​ကို မအေတူ​သမီး​ဟု စကားပုံဖွဲ့​ကြ​လိမ့်မည်​။ 45သင်​သည် ခင်ပွန်း​နှင့်​သားသမီး​တို့​ကို မနှစ်သက်​သော​အမေ​နှင့် တူ​၏​။ ခင်ပွန်း​နှင့်​သားသမီး​ကို မနှစ်သက်​သော အစ်မ​တို့​နှင့်​လည်း တူ​၏​။ သင့်​အမိ​သည် ဟိတ္တိ​လူမျိုး​၊ သင့်​အဖ​သည် အာမောရိ​လူမျိုး​ဖြစ်​၏​။ 46သင့်​အစ်မ​ရှမာရိ​သည် သမီး​တို့​နှင့်အတူ သင်​၏​မြောက်ဘက်​တွင် နေထိုင်​၏​။ သင့်​ညီမ​သောဒုံ​သည် သမီး​တို့​နှင့်အတူ သင်​၏​တောင်ဘက်​တွင် နေထိုင်​၏​။ 47သင်​သည် သူ​တို့​လမ်း​အတိုင်း လိုက်လျှောက်​၏​။ သူ​တို့​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​အတိုင်း​ပြု​သည်​သာမက အချိန်တို​အတွင်း​မှာပင် သင့်​အကျင့်​တို့​သည် သူ​တို့​ထက်​သာ၍ ယိုယွင်းပျက်စီး​လာ​၏’​ဟု မိန့်​တော်မူ​၏​။
48အသက်ရှင်​တော်မူ​သော ငါ​ဘုရားရှင်​ထာဝရဘုရား​က ‘သင်​၏​ညီမ​သောဒုံ​နှင့်​သူ့​သမီး​တို့​သည် သင်​နှင့်​သင်​၏​သမီး​တို့​ပြု​သကဲ့သို့ မ​ပြု​ကြ​။ 49ကြည့်​လော့​။ ဤသည်မှာ သင့်​ညီမ​သောဒုံ​၏​အပြစ်​ဖြစ်​၏​။ သူ​နှင့်​သူ့​သမီး​တို့​သည် မာနကြီး​၏​။ စားစရာ​အလျှံအပယ်​ရှိ​၏​။ အပူအပင်ကင်း​လျက် စိတ်အေးလက်အေး နေထိုင်​ရ​၏​။ သို့သော် ဆင်းရဲ​နွမ်းပါး​သူ​တို့​ကို ထောက်ပံ့ကူညီ​ခြင်း​မ​ရှိ​။ 50သူ​တို့​သည် ဘဝင်မြင့်​၏​။ ငါ့​ရှေ့မှောက်​တွင်​ပင် စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​၏​။ ထို့ကြောင့် ငါ​မြင်​သောအခါ သူ​တို့​ကို ငါ​ဖယ်ရှား​ပစ်​၏​။ 51ရှမာရိ​၏​အပြစ်​သည် သင်​ပြု​သော​အပြစ်​၏​တစ်ဝက်​မျှလောက်​ပင်​မ​ရှိ​။ သင်​သည် သူ​တို့​ထက် စက်ဆုပ်ရွံရှာဖွယ်​အပြစ်​များစွာ​ကို ပြု​လေ​ပြီ​။ သင်​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​များလွန်း​သဖြင့် သင့်​အစ်မ​သည် ဖြောင့်မတ်​သည်​ဟု​ပင် ထင်​ရ​လေ​ပြီ​။ 52ညီအစ်မ​တို့​ကို ထောက်ခံ​သော​သင်​သည် အသရေပျက်​ရ​လိမ့်မည်​။ သင်​သည် သူ​တို့​ထက် စက်ဆုပ်ရွံရှာ​ဖွယ်​အမှု​ကို​ပြု​သောကြောင့် သူ​တို့​က သင့်​ထက်​ဖြောင့်မတ်​သည်​ဟု​ထင်​ရ​၏​။ သင်​သည် သင့်​ညီအစ်မ​တို့​ကို ဖြောင့်မတ်​သည်​ဟု ထင်စရာ​ဖြစ်​စေ​သောကြောင့် အရှက်ခွဲ​ခြင်း​ကို ခံ​လော့​။ အသရေပျက်​ခြင်း​ကို ခံယူ​လော့’​ဟု မိန့်​တော်မူ​၏​။
53‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သောဒုံ​နှင့်​သူ​၏​သမီးပျို​များ​၊ ရှမာရိ​နှင့်​သူ​၏​သမီးပျို​များ​ကို ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သင်​၏​လူ​တို့​နှင့်အတူ ပြန်ခေါ်​လာ​မည်​။ 54သို့ဖြစ်၍ သင်​သည် သူ​တို့​ကို နှစ်သိမ့်အားပေး​ခဲ့​သောကြောင့် သင်​အသရေပျက်​မည်​၊ အရှက်ကွဲ​မည်​။ 55သင်​၏​ညီမ​သောဒုံ​နှင့် သူ​၏​သမီးပျို​များ​၊ သင်​၏​အစ်မ​ရှမာရိ​နှင့် သူ​၏​သမီးပျို​များ မူလ​အခြေအနေ​သို့​ပြန်ရောက်​သောအခါ သင်​နှင့်​သင်​၏​သမီးပျို​များ​လည်း မူလ​အခြေအနေ​သို့​ပြန်ရောက်​မည်​။ 56သင်​လုပ်​ခဲ့​သော​မကောင်းမှု​များ မ​ပေါ်​ခင်​က သင်​သည် မာနထောင်လွှား​ပြီး သင့်​ညီမ​သောဒုံ​အကြောင်း​ကို မကောင်းပြော​ခဲ့​သည်​မ​ဟုတ်​လော​။ 57ယခုမှာ ဆီးရီးယား​သမီးပျို​နှင့် သူ့​ဝန်းကျင်​ရှိ​လူ​များ သင့်​ကို​ကဲ့ရဲ့​သော​အချိန်​ရောက်​လေ​ပြီ​။ သင့်​ဝန်းကျင်​ရှိ ဖိလိတ္တိ​သမီးပျို​များ သင့်​ကို​မထီမဲ့မြင်ပြု​သော​အချိန်​ရောက်​လေ​ပြီ​။ 58သင်​ပြု​ခဲ့​သော ညစ်ညမ်းမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကြောင့် သင်​ပြန်​ခံရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
59ဘုရားရှင်​ထာဝရဘုရား​က ‘သင်​ထားခဲ့​သော​ကတိသစ္စာ​ကို သင်​မထီလေးစား​လုပ်​၍ ပဋိညာဉ်​ကို ချိုးဖောက်​သောကြောင့် သင်​၏​လုပ်ရပ်​နှင့်အညီ သင့်​ကို​ဒဏ်ခတ်​မည်’​ဟု မိန့်​တော်မူ​၏​။ 60‘သို့သော် သင်​ငယ်စဉ်​က သင်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို အောက်မေ့​၍ ငါ​သည် သင်​နှင့် ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။ 61သင်​သည် သင့်​အစ်မ​၊ သင့်​ညီမ​တို့​ကို ပြန်လည်​လက်ခံ​သောအခါ သင်​ပြု​ခဲ့​သော​အမှု​များ​ကို​ပြန်သတိရ​၍ ရှက်​လိမ့်မည်​။ သို့သော် သင်​နှင့်​ဖွဲ့​ခဲ့​သော ပဋိညာဉ်​အားဖြင့်​မ​ဟုတ်​သော်လည်း ထို​သူ​တို့​ကို သင့်​အား သမီး​များ​အဖြစ် ငါ​ပေး​မည်​။ 62ဤသို့ဖြင့် သင်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ငါ​တည်​စေ​သဖြင့် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​။ 63ငါ​သည် သင်​ပြု​ခဲ့​သမျှ​တို့​ကို ခွင့်လွှတ်​ပေး​သောအခါ သင်​လုပ်​ခဲ့​သော​ရှက်ဖွယ်​လုပ်ရပ်​ကို သင်​အောက်မေ့​၍ ရှက်​သောကြောင့် နှုတ်​ပင်​ဟ​နိုင်​တော့​မည်​မ​ဟုတ်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။