YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 12

12
အစ္စရေးလူမျိုးတို့ဖမ်းခေါ်သွားခြင်းခံရပုံကို ယေဇကျေလသရုပ်ပြခြင်း
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ ပုန်ကန်​တတ်​သော​အမျိုး​တို့​ကြား​တွင် သင်​နေ​ရ​၏​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် မျက်စိ​ရှိ​လျက် မ​မြင်​၊ နား​ရှိ​လျက် မ​ကြား​ကြ​။#ယေ 5:21၊ မာ 8:18။
3အချင်း​လူသား​၊ သင်​သည် သုံ့ပန်း​ကဲ့သို့ အထုပ်အပိုး​ကို ပြင်ဆင်​လော့​။ နေ့​အချိန်​၌ သူ​တို့​မျက်စိ​ရှေ့​တွင်ပင် သုံ့ပန်း​ပါသွား​သော​သူ​ကဲ့သို့ ထွက်သွား​လော့​။ သူ​တို့​မျက်စိ​ရှေ့​တွင်ပင် တစ်နေရာ​မှ​တစ်နေရာ​သို့ သွားလာ​လော့​။ သို့ပြုလျှင် သူ​တို့​သည် ပုန်ကန်​တတ်​သော​သဘော​ရှိ​သော်လည်း သတိပြု​မိ​ကောင်း ပြု​မိ​ကြ​ပါ​လိမ့်မည်​။ 4သုံ့ပန်း​အထုပ်အပိုး​ကဲ့သို့ သင်​ပြင်ဆင်​ထား​သော​အထုပ်အပိုး​များ​ကို နေ့​အချိန်​၌ သူ​တို့​၏​မျက်စိ​ရှေ့​တွင်ပင် ထုတ်သွား​လော့​။ နေဝင်ချိန်​၌ သူ​တို့​၏​မျက်စိ​ရှေ့​တွင်ပင် သုံ့ပန်း​ပါသွား​သော​သူ​ကဲ့သို့ ထွက်သွား​လော့​။ 5သူ​တို့​မျက်စိ​ရှေ့​တွင်ပင် နံရံ​ကို​ဖောက်​ပြီး သင့်​အထုပ်​ကို ထုတ်သွား​လော့​။ 6သူ​တို့​မျက်စိ​ရှေ့​တွင်ပင် အထုပ်​ကို သင့်​ပခုံး​ပေါ်တွင်​ထမ်း​၍ အမှောင်​ထဲသို့​ထွက်သွား​လော့​။ ဘာမျှ​မ​မြင်​ရ​အောင် မျက်နှာ​ကို​ဖုံး​ထား​လော့​။ ငါ​သည် သင့်​ကို အစ္စရေး​အမျိုးအနွယ်​တို့​အဖို့ နိမိတ်လက္ခဏာ​ဖြစ်​စေ​ပြီ​”​ဟု မိန့်ဆို​၏​။
7ထိုသို့ ငါ့​အား မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​ပြု​၏​။ နေ့​အချိန်​၌ သုံ့ပန်း​ပါသွား​သော​သူ​ကဲ့သို့ အထုပ်အပိုး​များ​ကို ထုတ်သွား​ပြီး နေဝင်ချိန်​၌ နံရံ​ကို​ဖောက်​ကာ သူ​တို့​မျက်စိ​ရှေ့​တွင်ပင် အထုပ်​ကို​ပခုံး​ပေါ်​ထမ်း​၍ အမှောင်​ထဲသို့ ထွက်သွား​၏​။
8ထို့နောက် နံနက်အချိန်​၌ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 9“​အချင်း​လူသား​၊ ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သော အစ္စရေး​အမျိုးအနွယ်​က သင့်​အား ‘​သင်​ဘာ​လုပ်​နေ​သနည်း​’​ဟု မ​မေး​သလော​။ 10ထို​သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က ဤ​ဗျာဒိတ်စကား​သည် ဂျေရုဆလင်​မြို့​ကို​အုပ်စိုး​သော​မင်း​မှစ၍ ထို​မြို့​ရှိ​အစ္စရေး​တစ်မျိုးနွယ်လုံး​နှင့်​ဆိုင်​၏​။ 11ငါ​သည် သင်​တို့​အဖို့ နိမိတ်လက္ခဏာ​ဖြစ်​၏​။ ငါ​လုပ်ပြ​သည့်​အတိုင်း သူ​တို့​ကြုံတွေ့​ရ​လိမ့်မည်​။ သုံ့ပန်း​အဖြစ် လိုက်သွား​ရ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြောကြား​လော့​။ 12သူ​တို့​ကို​အုပ်စိုး​သော​မင်း​သည် အထုပ်​ကို​ပခုံး​ပေါ်​တင်​၍ အမှောင်​ထဲသို့ ထွက်သွား​ရ​လိမ့်မည်​။ နံရံ​ကို​ဖောက်​၍ အထုပ်​သယ်သွား​ရ​လိမ့်မည်​။ မြေ​ကို​မ​မြင်​ရ​အောင် မျက်နှာ​ကို​ဖုံး​ထား​ရ​လိမ့်မည်​။ 13ထို​မင်း​ကို ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ခါလဒဲ​ပြည်​၊ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​မည်​ဖြစ်​သော်လည်း ထို​မြို့​ကို သူ​မြင်​ခွင့်​ရ​မည်​မ​ဟုတ်​။ ထို​မြို့​တွင်ပင် သူ​သေ​ရ​လိမ့်မည်​။ 14သူ့​အပါး​၌ ခစား​သော​မှူးမတ်​များ​၊ စစ်တပ်​များ​ကို​လည်း လေနှင်ရာ​အရပ်ရပ်​သို့ ငါ​ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သူ​တို့​နောက်သို့​လိုက်​မည်​။ 15သူ​တို့​ကို လူမျိုးတကာ​တို့​အလယ်​၊ အရပ်ရပ်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။ 16သူ​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို သူ​တို့​ရောက်သွား​သော​လူမျိုးတကာ​အလယ်​၌ ပြောပြ​နိုင်​မည့်​အကြောင်း သူ​တို့​အထဲ​မှ လူ​အနည်းငယ်​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​မှ လွတ်မြောက်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
အစ္စရေးလူမျိုးတို့ကြောက်ရွံ့ထိတ်လန့်နေပုံကို ယေဇကျေလသရုပ်ပြခြင်း
17တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 18“​အချင်း​လူသား​၊ အစာ​ကို ကြောက်ရွံ့တုန်လှုပ်​စိတ်​နှင့် စား​လော့​။ ရေ​ကို စိုးရိမ်​ထိတ်လန့်​စိတ်​နှင့် သောက်​လော့​။ 19အစ္စရေး​ပြည်​၊ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က သူ​တို့​သည် အစာ​ကို စိုးရိမ်ပူပန်စိတ်​ဖြင့် စား​ရ​မည်​။ ရေ​ကို ကြောက်ရွံ့ထိတ်လန့်စိတ်​ဖြင့် သောက်​ရ​မည်​။ ပြည်သူပြည်သား​အပေါင်း​တို့​၏​ရက်စက်ကြမ်းကြုတ်မှု​ကြောင့် တစ်ပြည်လုံး လူသူကင်းမဲ့​ရ​လိမ့်မည်​။ 20လူ​နေရာ​မြို့​တို့​သည် တိတ်ဆိတ်​သွား​လိမ့်မည်​။ ပြည်​သည် လူသူကင်းမဲ့​သွား​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။
ပုံခိုင်းစကားများကို အဆုံးသတ်စေခြင်း
21တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 22“​အချင်း​လူသား​၊ အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ‘​နေ့ရက်​တို့​သာ ကုန်ဆုံး​သွား​ပြီ​။ ဗျာဒိတ်နိမိတ်​တို့​သည် တစ်​ခု​မျှ ဖြစ်မလာ​ပါ​တကား​’​ဟူသော ဆိုရိုးစကား​ကို အဘယ်ကြောင့် ပြောဆို​နေ​ကြ​သနည်း​။ 23သို့ဖြစ်၍ သူ​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​တို့​ပြော​သော ထို​ဆိုရိုးစကား​ကို ငါ​အဆုံးသတ်​စေ​မည်​။ နောင်တွင် ထို​စကား​ကို အစ္စရေး​ပြည်​၌ ပြောဆို​ရ​တော့​မည်​မ​ဟုတ်​။ ဗျာဒိတ်နိမိတ်​ဟူသမျှ ဖြစ်လာ​မည့်​နေ့ ရောက်​တော့​မည်’​ဟု မိန့်​တော်မူ​၏​။ 24ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုးအနွယ်​ထဲ​တွင် မဟုတ်မမှန်​သော​ဗျာဒိတ်နိမိတ်​နှင့် မြှောက်ပင့်​ဟောပြော​ခြင်း တစ်စုံတစ်ရာ​ရှိ​တော့​မည်​မ​ဟုတ်​။ 25ငါ​ထာဝရဘုရား​သည် မိန့်ဆို​လျှင် မိန့်ဆို​သည့်​အတိုင်း မ​ကြန့်ကြာ​ဘဲ​ဖြစ်လာ​လိမ့်မည်​။ အို ပုန်ကန်​တတ်​သော​အမျိုးအနွယ်​၊ ငါ​ပြော​သော​စကား​သည် သင်​တို့​လက်ထက်​တွင် အမှန်​ဖြစ်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။ 26တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 27“​အချင်း​လူသား​၊ ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​က ‘​သူ​မြင်​ရ​သော​ဗျာဒိတ်နိမိတ် ပြည့်စုံ​မည့်​အချိန် ဝေး​သေး​၏​။ အလွန်​ဝေး​သော​အနာဂတ်​အကြောင်း​ကို သူ​ဟောပြော​၏​’​ဟု ဆို​တတ်​ကြ​၏​။ 28သို့ဖြစ်၍ သူ​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​မိန့်ဆို​သော​စကား​အလုံးစုံ​သည် ကြန့်ကြာ​ခြင်း​မ​ရှိ အမှန်​ဖြစ်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ