ယေဇကျေလအနာဂတ္တိကျမ်း 11
11
အကျင့်ပျက်ပြားသောအစ္စရေးအကြီးအကဲများနှင့်ဆိုင်သောဗျာဒိတ်နိမိတ်
1တစ်ဖန် ဝိညာဉ်တော်သည် ငါ့ကို အရှေ့ဘက်သို့မျက်နှာမူသော ထာဝရဘုရားအိမ်တော်အရှေ့တံခါးသို့ ချီဆောင်သွား၏။ ထိုတံခါးဝ၌ လူနှစ်ဆယ့်ငါးယောက်ကို ငါတွေ့၏။ သူတို့အလယ်တွင် လူမျိုးတော်၏အကြီးအကဲဖြစ်သော အဇ္ဇုရ၏သားယာဇညာနှင့် ဗေနာယ၏သားပေလတိတို့ကိုလည်း ငါတွေ့၏။ 2ထိုအခါ ငါ့အား “အချင်းလူသား၊ ဤလူတို့သည် မကောင်းသောအကြံကိုကြံစည်သောသူများ၊ ဤမြို့သားတို့ကို မကောင်းသောအကြံဉာဏ်ပေးသောသူများဖြစ်၏။ 3သူတို့က ‘အိမ်ဆောက်ရမည့် အချိန်မရောက်သေးပါ။ ဤမြို့ကား ဟင်းအိုး၊ ငါတို့ကား အသားဖြစ်၏’ဟု ပြောတတ်ကြ၏။ 4ထို့ကြောင့် အို အချင်းလူသား၊ သူတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်တော်မူ၏။
5ထို့နောက် ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့သက်ရောက်၍ ငါ့အား “ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့ ပြောဆိုသည့်အတိုင်းဖြစ်၏။ သင်တို့စိတ်ထဲ၌ မည်သို့တွေးနေသည်ကို ငါသိ၏။ 6သင်တို့ကြောင့် ဤမြို့တွင် လူအမြောက်အမြားသေဆုံးရ၍ လမ်းများပေါ်တွင် အသေကောင်တို့ပုံနေလေပြီ’ဟု မိန့်တော်မူ၏။
7ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသည့်အတိုင်း မြို့ထဲ၌ သင်တို့ကြောင့်ပုံနေသောအသေကောင်တို့သည် အသားဖြစ်ပြီး မြို့သည် အိုးဖြစ်မည်။ သင်တို့မူကား မြို့မှ နှင်ထုတ်ခံရမည်။ 8ဓားဘေးကို သင်တို့ကြောက်ကြသည်မဟုတ်လော။ ထိုဓားဘေးကိုပင် သင်တို့အပေါ် ငါကျရောက်စေမည်’ဟု မိန့်တော်မူ၏။ 9ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့ကိုမြို့ထဲမှ နှင်ထုတ်မည်၊ တစ်ပါးအမျိုးသားတို့၏လက်သို့အပ်မည်၊ အပြစ်ဒဏ်ပေးမည်။ 10သင်တို့သည် ဓားဘေးဖြင့် သေရလိမ့်မည်။ ငါသည် သင်တို့ကိုအစ္စရေးနယ်စပ်တွင် တရားစီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်။ 11ဤမြို့သည် ဟင်းအိုးကဲ့သို့၊ သင်တို့သည် ဟင်းအိုးထဲမှအသားကဲ့သို့ မဖြစ်စေရ။ သင်တို့ကိုအစ္စရေးနယ်စပ်တွင် ငါတရားစီရင်မည်။ 12သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြရလိမ့်မည်။ သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုမလိုက်နာ၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းမလိုက်လျှောက်ဘဲ သင်တို့ဝန်းကျင်ရှိ လူမျိုးခြားတို့၏စီရင်ထုံးဖွဲ့ချက်များအတိုင်း လိုက်လျှောက်ကြပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
13ထိုအကြောင်းကို ငါပရောဖက်ပြုဟောပြောနေစဉ် ဗေနာယ၏သားပေလတိ သေလေ၏။ ထိုအခါ ငါသည် ပျပ်ဝပ်လျက် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြွင်းကျန်သောအစ္စရေးတို့ကိုပါ အကုန်အစင်ဖျက်ဆီးတော်မူမည်လော”ဟု အသံကုန်အော်ဟစ်လျှောက်ဆိုလေ၏။
အစ္စရေးလူမျိုးတို့အား ပြန်လည်စုစည်းစေမည်ဟူသောကတိတော်
14တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၍ 15“အချင်းလူသား၊ ဂျေရုဆလင်မြို့တွင်နေထိုင်သောသူတို့က သင်၏ညီအစ်ကိုများ၊ သင်၏ဆွေမျိုးသားချင်းများ#11:15 တိုက်ရိုက်ပြန်ဆိုလျှင် “သင့်ကိုရွေးနုတ်ခွင့်ရှိသူများ”။နှင့် အစ္စရေးတစ်မျိုးနွယ်လုံးအား ‘ထာဝရဘုရားထံတော်မှ အဝေးသို့ ထွက်သွားကြလော့။ ဤပြည်ကို ငါတို့အား အမွေအဖြစ်ပေးတော်မူပြီ’ဟု ပြောဆိုကြပြီ။
16ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက ငါသည် သူတို့ကို လူမျိုးခြားတို့နေရာ ရပ်ဝေးသို့ပို့၍ အရပ်ရပ်သို့ကွဲလွင့်စေသော်လည်း သူတို့ရောက်ရှိရာအရပ်ရပ်တွင် ငါသည် သူတို့အဖို့ ယာယီသန့်ရှင်းရာဌာနဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
17ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက သင်တို့ကို လူမျိုးတကာတို့မှ ပြန်လည်စုစည်းမည်။ သင်တို့ကွဲလွင့်ရာအရပ်ရပ်တို့မှ သင်တို့ကို ပြန်ခေါ်လာမည်။ အစ္စရေးပြည်ကို သင်တို့အား ပြန်ပေးမည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
18ဘုရားရှင်ထာဝရဘုရားက ‘သူတို့ပြန်လာကြသောအခါ ထိုပြည်ရှိ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ဖယ်ရှားပစ်ကြလိမ့်မည်။ 19သူတို့အား တစ်စိတ်တစ်သဘောတည်း ရှိစေမည်။ စိတ်နှလုံးသစ်ကို ပေးမည်။ သူတို့အထဲမှ ကျောက်နှလုံးသားကိုဖယ်ရှား၍ အသားနှလုံးသားကို ပေးမည်။ 20သို့ဖြစ်၍ သူတို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်၍ ငါ၏စီရင်ထုံးဖွဲ့ချက်ကို လိုက်နာစောင့်ထိန်းကြလိမ့်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ 21သို့သော် စက်ဆုပ်ရွံရှာဖွယ်ရာများနောက်သို့လိုက်လိုသော စိတ်ဆန္ဒပြင်းပြသောသူတို့ကိုမူ သူတို့ပြုကျင့်သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ပြန်ရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။
ထာဝရဘုရား၏ဘုန်းတော် ဂျေရုဆလင်မြို့မှထွက်သွားခြင်း
22ထို့နောက် ဘေး၌ဘီးပါသောခေရုဗိမ်#11:22 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့သည် တောင်ပံများကိုဖြန့်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်သည်လည်း သူတို့အထက်၌ တည်နေ၏။ 23ထာဝရဘုရား၏ဘုန်းတော်သည် မြို့ထဲမှတက်လာ၍ မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် ရပ်တော်မူ၏။ 24ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖွင့်ပြတော်မူသောဗျာဒိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို သုံ့ပန်းတို့ရှိရာ ခါလဒဲပြည်သို့ ပြန်ချီဆောင်လာ၏။ ထို့နောက် ငါမြင်ရသော ဗျာဒိတ်အာရုံသည် ပျောက်ကွယ်သွား၏။ 25ထိုအခါ ငါ့အား ထာဝရဘုရားဖော်ပြတော်မူသောအရာအလုံးစုံကို ဖမ်းခေါ်သွားခြင်းခံရသောသူတို့အား ငါပြောပြ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 11: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative