YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 23:20-33

ထွက်မြောက်ရာကျမ်း 23:20-33 MSBU

ကြည့်ရှု​လော့​။ လမ်းခရီး​၌ သင့်​ကို​စောင့်ရှောက်​ရန်​လည်းကောင်း​၊ ငါ​ပြင်ဆင်​ထား​သော​နေရာ​သို့ သင့်​ကို​ပို့ဆောင်​ရန်​လည်းကောင်း သင်​၏​ရှေ့​၌ ကောင်းကင်တမန်​ကို ငါ​စေလွှတ်​၏​။ သူ့​ကို​အလေးထား​လော့​။ သူ​၏​စကား​ကို နားထောင်​လော့​။ သူ​သည် သင်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​မည်​မ​ဟုတ်​သောကြောင့် သူ့​ကို​မ​ဆန့်ကျင်​နှင့်​။ အကြောင်းမူကား ငါ့​နာမ​သည် သူ​၌​တည်​၏​။ သင်​သည် သူ​၏​စကား​ကို သေချာ​စွာ​နားထောင်​၍ ငါ​မိန့်ဆို​သော​အရာ​ရှိသမျှ​တို့​ကို​ပြုကျင့်​လျှင် သင့်​ရန်သူ​တို့​သည် ငါ့​ရန်သူ​ဖြစ်​မည်​။ သင့်​ကို​ရန်ပြု​သော​သူ​တို့​ကို ငါ​ရန်ပြု​မည်​။ ငါ​၏​ကောင်းကင်တမန်​သည် သင့်​ရှေ့​၌​သွား​၍ သင့်​ကို အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထံသို့ ပို့ဆောင်​မည်​။ ငါ​သည် ထို​လူမျိုး​တို့​ကို​ပယ်ဖျက်​မည်​။ သူ​တို့​၏​ဘုရား​များ​ကို မ​ပျပ်ဝပ်​ရ​။ မ​ကိုးကွယ်​ရ​။ သူ​တို့​၏​ဓလေ့ထုံးစံ​များ​အတိုင်း မ​ပြုကျင့်​ရ​။ ထို​ဘုရား​များ​ကို ရှင်းရှင်း​ဖြိုဖျက်​ရ​မည်​။ သူ​တို့​အထွတ်အမြတ်​ထား​သော​ကျောက်တိုင်​များ​ကို အကုန်အစင်​ဖြိုလှဲ​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဝတ်ပြု​ရ​မည်​။ ကိုယ်တော်​သည်​လည်း သင်​၏​မုန့်​နှင့်​ရေ​ကို ကောင်းချီးပေး​တော်မူ​၍ သင့်​အထဲ​မှ အနာရောဂါ​ကို ဖယ်ရှား​တော်မူ​မည်​။ သင်​၏​ပြည်​၌ မည်သူ​မျှ သားပျက်​ခြင်း​၊ မြုံ​ခြင်း ရှိ​မည်​မ​ဟုတ်​။ ငါ​သည် သင့်​ကို သက်တမ်း​စေ့​နေ​စေ​မည်​။ ငါ့​ကို​ကြောက်ရွံ့ထိတ်လန့်​သော​သဘော​ကို သင့်​ရှေ့​မှ ငါ​စေလွှတ်​၍ သင်​ရောက်​မည့်​အရပ်​ရှိ လူမျိုး​အပေါင်း​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​ကာ သင်​၏​ရန်သူ​အပေါင်း​တို့​ကို နောက်သို့​ပြန်လှည့်​စေ​မည်​။ ငါ​သည် ပျားတူ​များ​ကို သင့်​ရှေ့​မှ စေလွှတ်​သဖြင့် ၎င်း​တို့​သည် ဟိဝိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​ကြ​လိမ့်မည်​။ ငါ​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ​တစ်​နှစ်​ချင်း​တွင် နှင်ထုတ်​မည်​မ​ဟုတ်​။ နှင်ထုတ်​လျှင် ထို​ပြည်​သည် လူသူကင်းမဲ့​၍ တောရိုင်းတိရစ္ဆာန်​များပြား​သော​ပြည်​ဖြစ်​လိမ့်မည်​။ သင်​သည်​ပွားများ​၍ ထို​ပြည်​ကို သင်​ပိုင်ဆိုင်​သည်​အထိ ငါ​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ တဖြည်းဖြည်း​နှင်ထုတ်​မည်​။ သင်​၏​နယ်နိမိတ်​ကို ပင်လယ်နီ​မှ ဖိလိတ္တိ​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ တောကန္တာရ​မှ ယူဖရေးတီး​မြစ်​တိုင်အောင်​လည်းကောင်း ငါ​သတ်မှတ်​မည်​။ အကြောင်းမူကား ငါ​သည် ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​လက်​သို့​အပ်​သဖြင့် သင်​သည် သူ​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​လိမ့်မည်​။ သင်​သည် ထို​သူ​တို့​နှင့်​လည်းကောင်း​၊ ထို​သူ​တို့​၏​ဘုရား​များ​နှင့်​လည်းကောင်း ပဋိညာဉ်​မ​ဖွဲ့​ရ​။ သူ​တို့​ကို သင်​၏​ပြည်​၌ နေထိုင်​ခွင့်​မ​ပြု​ရ​။ နေထိုင်​ခွင့်​ပြု​လျှင် သင်​သည် ငါ့​ကို​ပြစ်မှား​မည့်​အကြောင်း သူ​တို့​ပြု​လိမ့်မည်​။ သူ​တို့​၏​ဘုရား​များ​ကို​ဝတ်ပြု​လျှင် သူ​တို့​သည် သင်​တို့​၌ ထောင်ချောက်​အမှန်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

​ထွက်မြောက်ရာကျမ်း 23:20-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။