YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 23

23
ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
1မဟုတ်မမှန်​သော​သတင်း​ကို​မ​ဖြန့်​ရ​။ ဆိုးယုတ်​သော​သူ​နှင့်​ပေါင်း​၍ မတရား​သော​သက်သေ မ​ထွက်ဆို​ရ​။
2လူ​အများ​နောက်သို့​လိုက်​၍ မကောင်းမှု​မ​ပြု​ရ​။ တရားတွေ့​ရာ​၌ လူ​အများ​ဘက်​သို့​လိုက်​၍ မတရားသဖြင့် မ​ထွက်ဆို​ရ​။ 3ဆင်းရဲ​သော​သူ တရားတွေ့​ရာ​၌​လည်း သူ့​အား​မ​ငဲ့ကွက်​ရ​။ 4သင့်​ရန်သူ​၏​နွား​ဖြစ်စေ​၊ မြည်း​ဖြစ်စေ မျက်စိလည်​လမ်းမှား​နေ​သည်​ကို​တွေ့​လျှင် သူ့​ထံသို့ ဆက်ဆက်​ပြန်ပို့​ပေး​ရ​မည်​။
5သင့်​ကို​မုန်း​သော​သူ​၏​မြည်း​သည် လဲကျ​၍ ဝန်​အောက်​၌​ပိနေ​သည်​ကို သင်​တွေ့မြင်​လျှင် ရှောင်မသွား​ဘဲ အမှန်​ကူညီ​ရ​မည်​။
6နွမ်းပါး​သော​သူ​၏​အမှု​ကို မတရားသဖြင့် မ​စီရင်​ရ​။ 7ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု ငါ​စီရင်​မည်​မ​ဟုတ်​။ သို့ဖြစ်၍ မဟုတ်မမှန်​သော​အမှုအရာ​ကို ဝေးဝေးရှောင်​ရ​မည်​။ အပြစ်မဲ့​သော​သူ​၊ ဖြောင့်မတ်​သော​သူ​ကို မ​သတ်​ရ​။ 8တံစိုးလက်ဆောင်​ကို လက်​မ​ခံ​ရ​။ အကြောင်းမူကား တံစိုးလက်ဆောင်​သည် ပညာရှိ​၏​မျက်စိ​ကို ကန်း​စေ​၍ ဖြောင့်မတ်​သော​သူ​၏​စကား​ကို မှားယွင်းချွတ်ချော်​စေ​တတ်​၏​။ 9သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ တိုင်းတစ်ပါးသား​တို့​၏​ခံစားချက်​ကို သင်​တို့​သိ​ကြ​၏​။ သို့ဖြစ်၍ တိုင်းတစ်ပါးသား​တို့​အား မ​ညှဉ်းဆဲ​ရ​။
ဥပုသ်နေ့၊ ပွဲနေ့ဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
10ခြောက်​နှစ်​ပတ်လုံး သင်​၏​မြေ​၌ မျိုးကြဲ​၍ အသီးအနှံ​ကို စုသိမ်း​ရ​မည်​။ 11သတ္တမ​နှစ်​၌​ကား ထို​မြေ​ကို မထွန်ယက်​ဘဲ အလွတ်​ထား​ရ​မည်​။ သို့ပြုလျှင် သင့်​အမျိုးသား​ထဲမှ နွမ်းပါး​သူ​တို့ စား​ရ​ကြ​လိမ့်မည်​။ အကြွင်းအကျန်​တို့​ကို​လည်း တောရိုင်းတိရစ္ဆာန်​တို့ စား​ရ​ကြ​လိမ့်မည်​။ သင်​၏​စပျစ်ခြံ​၊ သံလွင်ခြံ​တို့​ကို​လည်း ထို့အတူ​ပြု​ရ​မည်​။
12ခြောက်​ရက်​ပတ်လုံး သင်​၏​အလုပ်​တို့​ကို​လုပ်​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ သို့ပြုလျှင် သင်​၏​နွား​၊ မြည်း​တို့​သည် နား​ရ​၍ သင့်​ကျွန်မ​၏​သား​နှင့်​တိုင်းတစ်ပါးသား​တို့​သည်​လည်း အနားယူခွင့်​ရ​ကြ​လိမ့်မည်​။
13သင်​တို့​အား ငါ​မိန့်ဆို​ထား​သော​အရာ​ရှိသမျှ​တို့​ကို အလေးထား​ရ​မည်​။ အခြား​ဘုရား​များ​၏​နာမ​ကို မ​မြွက်ဆို​ရ​။ သင့်​နှုတ်​မှ​မြွက်ဆို​သည်​ကို မ​ကြား​ရ​စေ​နှင့်​။
14သင်​သည် တစ်​နှစ်​လျှင်​သုံး​ကြိမ် ငါ့​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ 15တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ငါ့​ရှေ့မှောက်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။ 16လယ်ယာ​၌ သင်​မျိုးကြဲ​၍ ထွက်ရှိ​သော​အဦးဆုံးသီးနှံ​ရိတ်သိမ်း​ရာ​ပွဲ​ကို​လည်းကောင်း​၊ နှစ်​ကုန်​ချိန်​၌ လယ်ယာ​မှ​သီးနှံ​စုသိမ်း​သောအခါ စုသိမ်း​ရာ​ပွဲ​ကို​လည်းကောင်း ကျင်းပ​ရ​မည်​။ 17ယောက်ျား​အပေါင်း​တို့​သည် ထာဝရဘုရား​သခင်​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ် မျက်နှာလာပြ​ရ​မည်​။
18သင်​သည် ယဇ်ကောင်​၏​သွေး​ကို တဆေးပါသောမုန့်​နှင့်အတူ ငါ့​အား မ​ပူဇော်​ရ​။ ငါ့​အား​ပူဇော်​သော​အဆီ​ကို ညတာ​လွန်​၍ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။
19သင့်​မြေ​မှ​ထွက်​သော​အဦးဆုံးသီးနှံ​ထဲမှ​အကောင်းဆုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ရ​မည်​။ ဆိတ်သငယ်​ကို မိခင်​၏​နို့ရည်​ဖြင့် မ​ပြုတ်​ရ​။
ကတိတော်များ၊ သတိပေးချက်များ
20ကြည့်ရှု​လော့​။ လမ်းခရီး​၌ သင့်​ကို​စောင့်ရှောက်​ရန်​လည်းကောင်း​၊ ငါ​ပြင်ဆင်​ထား​သော​နေရာ​သို့ သင့်​ကို​ပို့ဆောင်​ရန်​လည်းကောင်း သင်​၏​ရှေ့​၌ ကောင်းကင်တမန်​ကို ငါ​စေလွှတ်​၏​။ 21သူ့​ကို​အလေးထား​လော့​။ သူ​၏​စကား​ကို နားထောင်​လော့​။ သူ​သည် သင်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​မည်​မ​ဟုတ်​သောကြောင့် သူ့​ကို​မ​ဆန့်ကျင်​နှင့်​။ အကြောင်းမူကား ငါ့​နာမ​သည် သူ​၌​တည်​၏​။ 22သင်​သည် သူ​၏​စကား​ကို သေချာ​စွာ​နားထောင်​၍ ငါ​မိန့်ဆို​သော​အရာ​ရှိသမျှ​တို့​ကို​ပြုကျင့်​လျှင် သင့်​ရန်သူ​တို့​သည် ငါ့​ရန်သူ​ဖြစ်​မည်​။ သင့်​ကို​ရန်ပြု​သော​သူ​တို့​ကို ငါ​ရန်ပြု​မည်​။ 23ငါ​၏​ကောင်းကင်တမန်​သည် သင့်​ရှေ့​၌​သွား​၍ သင့်​ကို အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထံသို့ ပို့ဆောင်​မည်​။ ငါ​သည် ထို​လူမျိုး​တို့​ကို​ပယ်ဖျက်​မည်​။ 24သူ​တို့​၏​ဘုရား​များ​ကို မ​ပျပ်ဝပ်​ရ​။ မ​ကိုးကွယ်​ရ​။ သူ​တို့​၏​ဓလေ့ထုံးစံ​များ​အတိုင်း မ​ပြုကျင့်​ရ​။ ထို​ဘုရား​များ​ကို ရှင်းရှင်း​ဖြိုဖျက်​ရ​မည်​။ သူ​တို့​အထွတ်အမြတ်​ထား​သော​ကျောက်တိုင်​များ​ကို အကုန်အစင်​ဖြိုလှဲ​ရ​မည်​။ 25သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဝတ်ပြု​ရ​မည်​။ ကိုယ်တော်​သည်​လည်း သင်​၏​မုန့်​နှင့်​ရေ​ကို ကောင်းချီးပေး​တော်မူ​၍ သင့်​အထဲ​မှ အနာရောဂါ​ကို ဖယ်ရှား​တော်မူ​မည်​။ 26သင်​၏​ပြည်​၌ မည်သူ​မျှ သားပျက်​ခြင်း​၊ မြုံ​ခြင်း ရှိ​မည်​မ​ဟုတ်​။ ငါ​သည် သင့်​ကို သက်တမ်း​စေ့​နေ​စေ#23:26 တိုက်ရိုက်ပြန်ဆိုလျှင် “နေ့ရက်အရေအတွက်ပြည့်စေ”။​မည်​။
27ငါ့​ကို​ကြောက်ရွံ့ထိတ်လန့်​သော​သဘော​ကို သင့်​ရှေ့​မှ ငါ​စေလွှတ်​၍ သင်​ရောက်​မည့်​အရပ်​ရှိ လူမျိုး​အပေါင်း​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​ကာ သင်​၏​ရန်သူ​အပေါင်း​တို့​ကို နောက်သို့​ပြန်လှည့်​စေ​မည်​။ 28ငါ​သည် ပျားတူ​များ​ကို သင့်​ရှေ့​မှ စေလွှတ်​သဖြင့် ၎င်း​တို့​သည် ဟိဝိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​ကြ​လိမ့်မည်​။ 29ငါ​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ​တစ်​နှစ်​ချင်း​တွင် နှင်ထုတ်​မည်​မ​ဟုတ်​။ နှင်ထုတ်​လျှင် ထို​ပြည်​သည် လူသူကင်းမဲ့​၍ တောရိုင်းတိရစ္ဆာန်​များပြား​သော​ပြည်​ဖြစ်​လိမ့်မည်​။ 30သင်​သည်​ပွားများ​၍ ထို​ပြည်​ကို သင်​ပိုင်ဆိုင်​သည်​အထိ ငါ​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ တဖြည်းဖြည်း​နှင်ထုတ်​မည်​။ 31သင်​၏​နယ်နိမိတ်​ကို ပင်လယ်နီ​မှ ဖိလိတ္တိ​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ တောကန္တာရ​မှ ယူဖရေးတီး​မြစ်#23:31 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​တိုင်အောင်​လည်းကောင်း ငါ​သတ်မှတ်​မည်​။ အကြောင်းမူကား ငါ​သည် ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​လက်​သို့​အပ်​သဖြင့် သင်​သည် သူ​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​လိမ့်မည်​။ 32သင်​သည် ထို​သူ​တို့​နှင့်​လည်းကောင်း​၊ ထို​သူ​တို့​၏​ဘုရား​များ​နှင့်​လည်းကောင်း ပဋိညာဉ်​မ​ဖွဲ့​ရ​။ 33သူ​တို့​ကို သင်​၏​ပြည်​၌ နေထိုင်​ခွင့်​မ​ပြု​ရ​။ နေထိုင်​ခွင့်​ပြု​လျှင် သင်​သည် ငါ့​ကို​ပြစ်မှား​မည့်​အကြောင်း သူ​တို့​ပြု​လိမ့်မည်​။ သူ​တို့​၏​ဘုရား​များ​ကို​ဝတ်ပြု​လျှင် သူ​တို့​သည် သင်​တို့​၌ ထောင်ချောက်​အမှန်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။