YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 16

16
မန္နမုန့်နှင့် ငုံး စားရခြင်း
1တစ်ဖန် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ဧလိမ်​အရပ်​မှ​ခရီးပြု​ကြ​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​၌ ဧလိမ်​အရပ်​နှင့်​သိနာ​တောင်​ကြား​ရှိ သိန်​တောကန္တာရ​သို့ ရောက်​ကြ​၏​။ 2ထို​တောကန္တာရ​ထဲ၌ အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မောရှေ​နှင့်​အာရုန်​တို့​ထံသို့​လာ​၍ 3အစ္စရေး​အမျိုးသား​တို့​က မောရှေ​နှင့်​အာရုန်​အား “​ငါ​တို့​သည် အီဂျစ်​ပြည်​တွင် အသား​ဟင်းအိုး​ဘေး​၌​ထိုင်​၍ မုန့်​ကို​ဝ​စွာ​စား​လျက်​နေစဉ် ထာဝရဘုရား​၏​လက်​တော်​ဖြင့် ငါ​တို့​သေ​ရ​လျှင်​ကောင်း​၏​။ ယခု​မူကား သင်​တို့​သည် ဤ​လူအစုအဝေး​အပေါင်း​တို့​ကို ငတ်မွတ်​၍ သေ​စေရန် ဤ​တောကန္တာရ​ထဲသို့ ခေါ်ဆောင်​ခဲ့​ကြ​သည်​တကား​”​ဟု ညည်းညူ​ပြ​ကြ​၏​။
4ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် သင်​တို့​အတွက် မုန့်​ကို မိုးကောင်းကင်​မှ​ရွာကျ​စေ​မည်​။#ထွ 16:15၊ ယော 6:31။ လူ​တို့​သည် ထွက်​၍ တစ်နေ့​စာ​တစ်နေ့​ကောက်ယူ​ကြ​ရ​မည်​။ ဤသို့သော​အားဖြင့် ငါ​၏​တရားတော်​အတိုင်း သူ​တို့​လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို ငါ​စမ်းသပ်​မည်​။ 5ဆဋ္ဌမ​နေ့​၌ နေ့စဉ်​ထက် နှစ်ဆ​ကောက်​၍ ယူဆောင်​လာ​ပြီး ပြင်ဆင်​ထား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
6ထို့ကြောင့် မောရှေ​နှင့်​အာရုန်​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား “​ထာဝရဘုရား​သည် သင်​တို့​အား အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ကြောင်း​ကို နေဝင်ချိန်​၌ သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ 7နံနက်အချိန်​၌​လည်း ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို သင်​တို့​တွေ့မြင်​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​အား သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​။ ငါ​တို့​ကား မည်သူ​ဖြစ်၍ ငါ​တို့​ကို ညည်းညူ​ပြ​ရ​သနည်း​”​ဟု ဆို​လေ​၏​။ 8တစ်ဖန် မောရှေ​က “​ထာဝရဘုရား​သည် နေဝင်ချိန်​၌ သင်​တို့​စားစရာ​အသား​ကို​လည်းကောင်း​၊ နံနက်အချိန်​၌ လုံလောက်​သော​မုန့်​ကို​လည်းကောင်း ပေး​တော်မူ​မည်​။ အကြောင်းမူကား ထာဝရဘုရား​ထံ သင်​တို့​ညည်းညူ​၍ မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား ကြား​တော်မူ​ပြီ​။ ငါ​တို့​သည် မည်သူ​ဖြစ်၍​နည်း​။ သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​သည် ငါ​တို့​ကို​ဆန့်ကျင်​သည်​မ​ဟုတ်​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​နေ​ခြင်း​ပင်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။
9ထို့နောက် မောရှေ​က အာရုန်​အား “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ‘​သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​ဖြစ်၍ ရှေ့​တော်​သို့ ချဉ်းကပ်​ကြ​လော့​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု ဆို​၏​။ 10အာရုန်​သည် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ဆင့်ဆို​စဉ် သူ​တို့​သည် တောကန္တာရ​ဘက်​သို့​လှည့်ကြည့်​သောအခါ မိုးတိမ်​ထဲ၌ ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ထင်ရှား​နေ​သည်​ကို​မြင်​ရ​ကြ​လေ​၏​။
11ထာဝရဘုရား​က မောရှေ​အား
12“​အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ကြား​ပြီ​။ သူ​တို့​အား ‘​သင်​တို့​သည် နေဝင်ချိန်​၌ အသား​ကို​စား​ရ​၍ နံနက်အချိန်​၌ မုန့်​ဖြင့်​ဝလင်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​လိမ့်မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
13နေဝင်ချိန်​၌ ငုံး​တို့​သည် တက်လာ​၍ တပ်စခန်း​ကို​ဖုံးလွှမ်း​ကြ​၏​။ နံနက်အချိန်​၌​လည်း တပ်စခန်း​ပတ်ပတ်လည်​တွင် နှင်းကျ​လေ​၏​။ 14နှင်း​ကွဲ​ပြီးမှ တောကန္တာရ​၏​မြေမျက်နှာပြင်​ပေါ်တွင် မြေ​ပေါ်မှ​သေးငယ်​သော​နှင်းခဲ​သဖွယ် အချပ်အလွှာကလေး​များ​ကို​တွေ့​ရ​၏​။ 15ထို​အရာ​ကို အစ္စရေး​အမျိုးသား​တို့​တွေ့မြင်​သောအခါ မည်သည့်​အရာ​ဖြစ်​သည်​ကို​မ​သိ​သောကြောင့် “​မည်သည့်​အရာ​နည်း​”​ဟု အချင်းချင်း​မေးမြန်း​ကြ​၏​။
ထိုအခါ မောရှေ​က “​ဤ​အရာ​သည် သင်​တို့ စား​ဖို့ ထာဝရဘုရား​ပေး​တော်မူ​သော​မုန့်​ဖြစ်​၏​။#ထွ 16:4၊ ယော 6:31။ 16ထာဝရဘုရား​က ‘​တစ်ဦးစီ​စား​နိုင်​သလောက် ကောက်ယူ​ကြ​လော့​။ သင်​တို့​၏​လူ​အရေအတွက်​အလိုက် မိမိ​တဲ​၌​ရှိ​သော​သူ​တစ်ဦးစီ​အတွက် တစ်ယောက်​တစ်​ဩမဲ#16:16 “2.2 လီတာ”။​စီ ယူ​ကြ​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု ဆို​လေ​၏​။
17အစ္စရေး​အမျိုးသား​တို့​သည်​လည်း ထိုသို့​ပြု​၍ အနည်း​အများ​အလိုက် ကောက်ယူ​ကြ​၏​။ 18သူ​တို့​သည် ဩမဲ​ဖြင့် ခြင်တွယ်​သောအခါ များများ​ရ​သော​သူ​မ​ပို​၊ နည်းနည်း​ရ​သော​သူ​မ​လို​ချေ​။#၂ကော 8:15။ တစ်ဦးစီ​စား​နိုင်​သလောက် ကောက်ယူ​ကြ​၏​။ 19မောရှေ​က သူ​တို့​အား “​မည်သူမျှ ထို​မုန့်​ကို နံနက်​တိုင်အောင်​မ​ကြွင်းကျန်​စေ​ရ​”​ဟု ဆို​သော်လည်း 20သူ​တို့​သည် မောရှေ​၏​စကား​ကို​နား​မ​ထောင်​ကြ​။ လူ​အချို့​တို့​သည် နံနက်​တိုင်အောင် ချန်ထား​သဖြင့် ပိုး​ထိုး​၍ အပုပ်နံ့ထွက်​လေ​၏​။ မောရှေ​သည်​လည်း သူ​တို့​ကို အမျက်ထွက်​လေ​၏​။
21သူ​တို့​သည် တစ်ဦးစီ​စား​နိုင်​သလောက် မုန့်​ကို​နံနက်တိုင်း​ကောက်ယူ​ကြ​၏​။ နေ​ပူ​လာ​သောအခါ ထို​မုန့်​သည် အရည်ပျော်​လေ​၏​။ 22ဆဋ္ဌမ​နေ့​ရောက်​သောအခါ မုန့်​ကို တစ်​ယောက်​နှစ်​ဩမဲ#16:22 “4.4 လီတာ”။​စီ နှစ်ဆ​ကောက်ယူ​ကြ​၏​။ ထို​အကြောင်း​ကို လူထု​ခေါင်းဆောင်​အပေါင်း​တို့​သည်​လာ​၍ မောရှေ​အား​ပြောကြား​ကြ​၏​။ 23မောရှေ​က​လည်း “​ဤ​အရာ​ကား ထာဝရဘုရား​မိန့်ဆို​တော်မူ​သော​အရာ​ဖြစ်​၏​။ မနက်ဖြန်​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​နေ့​၊ ထာဝရဘုရား​၏​သန့်ရှင်း​သော​ဥပုသ်နေ့​ဖြစ်​၏​။ ထို​မုန့်​ကို သင်​တို့​ဖုတ်​လို​လျှင် ဖုတ်​လော့​။ ပြုတ်​လို​လျှင် ပြုတ်​လော့​။ ပို​သမျှ​ကို သင်​တို့​အတွက် ချန်ထား​ပြီး နံနက်​တိုင်အောင်​သိမ်း​ထား​လော့​”​ဟု သူ​တို့​အား​ဆို​၏​။
24သူ​တို့​သည်​လည်း မောရှေ​မိန့်မှာ​သည့်​အတိုင်း နံနက်​တိုင်အောင်​ချန်ထား​ကြ​ရာ အပုပ်နံ့ထွက်​ခြင်း​လည်း​မ​ရှိ​၊ လောက်တက်​ခြင်း​လည်း​မ​ရှိ​။ 25မောရှေ​က “ချန်ထား​သော​မုန့်​ကို ယနေ့​စား​ကြ​လော့​။ ယနေ့​သည် ထာဝရဘုရား​၏​ဥပုသ်နေ့​ဖြစ်၍ ထို​မုန့်​ကို ယနေ့ မြေ​ပေါ်၌​တွေ့​ရ​မည်​မ​ဟုတ်​။ 26သင်​တို့​သည် ခြောက်​ရက်​ပတ်လုံး မုန့်​ကို ကောက်ယူ​ကြ​ရ​မည်​။ ဥပုသ်နေ့​ဖြစ်​သော​သတ္တမ​နေ့​၌​မူကား ရှိ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။
27သတ္တမ​နေ့​၌ လူ​အချို့​တို့​သည် ကောက်ယူ​ရန်​ထွက်သွား​ကြ​သော်လည်း ရှာ​မ​တွေ့​ကြ​။ 28ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​တို့​သည် ငါ​၏​ပညတ်တော်​နှင့် ဥပဒေသ​များ​ကို မည်သည့်​အချိန်​ထိ မ​စောင့်ထိန်း​ဘဲ နေ​ကြ​မည်နည်း​။ 29ငါ​ထာဝရဘုရား​သည် သင်​တို့​အား ဥပုသ်နေ့​ကို သတ်မှတ်​ပေး​တော်မူ​ပြီ​။ ထို့ကြောင့် ဆဋ္ဌမ​နေ့​၌ သင်​တို့​အား မုန့်​ကို နှစ်​ရက်​စာ​ပေး​တော်မူ​၏​။ လူ​တိုင်း​မိမိ​နေရာ​၌​နေ​ကြ​လော့​။ သတ္တမ​နေ့​၌ မည်သူမျှ မိမိ​နေရာ​မှ​မ​ထွက်သွား​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။ 30သို့ဖြစ်၍ လူ​တို့​သည် သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​၏​။
31အစ္စရေး​အမျိုးသား​တို့​သည် ထို​မုန့်​၏​အမည်​ကို မန္န​ဟု​ခေါ်​ကြ​၏​။ နံနံ​စေ့​နှင့်​တူ​ပြီး အဖြူရောင်​ဖြစ်​၏​။ အရသာ​ကား ပျားရည်​ပါ​သော​မုန့်ကြွပ်ပြား​နှင့်​တူ​၏​။ 32မောရှေ​က “​ထာဝရဘုရား​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​သောအခါ တောကန္တာရ​ထဲ၌ သင်​တို့​အား ကျွေးမွေး​ခဲ့​သော​မုန့်​ကို သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​သိမြင်​နိုင်​ရန် သူ​တို့​အတွက် ထို​မုန့်​ကို တစ်​ဩမဲ​အပြည့် သိမ်းထား​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အရာ​ဖြစ်​သည်​”​ဟု ဆို​ပြီး
33အာရုန်​အား “​အိုး​တစ်​လုံး​ကို​ယူ​လော့​။ ထို​အထဲ​၌ မန္နမုန့်​တစ်​ဩမဲ​အပြည့်​ထည့်​ပြီးလျှင် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​အတွက် ထိန်းသိမ်း​ရန် ထာဝရဘုရား​ရှေ့​တော်​၌ ထား​လော့​”​ဟု ဆို​လေ​၏​။ 34မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အာရုန်​သည် မန္နမုန့်​ကို​ထိန်းသိမ်း​ရန် သက်သေခံချက်​ရှေ့​တွင် ထား​လေ​၏​။
35အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အခြေချ​နေထိုင်​မည့်​ပြည်​သို့​မ​ရောက်​မ​ချင်း အနှစ်​လေးဆယ်​ပတ်လုံး မန္နမုန့်​ကို​စား​ကြ​၏​။ သူ​တို့​သည် ခါနာန်​ပြည်​နယ်နိမိတ်​သို့​မ​ရောက်​မ​ချင်း မန္နမုန့်​ကို​စား​ကြ​၏​။ 36(​တစ်​ဩမဲ​ကား တစ်​ဧဖာ#16:36 “တစ်ဧဖာ = 22 လီတာ”။​၏​ဆယ်ပုံတစ်ပုံ​ဖြစ်​၏​။​)

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။