ထွက်မြောက်ရာကျမ်း 15
15
အစ္စရေးအမျိုးသားတို့ သီဆိုသောသီချင်း
1ထို့နောက် ထာဝရဘုရားထံတော်သို့ မောရှေနှင့်အစ္စရေးအမျိုးသားတို့ သီကျူးသောသီချင်းကား “ထာဝရဘုရားထံသို့ ငါသီချင်းဆိုမည်။ အကြောင်းမူကား ကိုယ်တော်သည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူပြီ။ မြင်းနှင့်မြင်းစီးသောသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ။ 2ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။ 3ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ နာမတော်ကား ထာဝရဘုရားပေတည်း။ 4ဖာရောမင်းကြီး၏စစ်ရထားများနှင့်စစ်သည်တို့ကို ပင်လယ်ထဲသို့ချပစ်တော်မူပြီ။ လက်ရွေးစင်တပ်မှူးတို့သည်လည်း ပင်လယ်နီထဲ၌ နစ်မြုပ်ကြလေပြီ။ 5နက်ရှိုင်းသောရေထုသည် သူတို့ကိုဖုံးလွှမ်းလေပြီ။ သူတို့သည် ကျောက်တုံးသဖွယ် ရေနက်ရာထဲသို့ နစ်မြုပ်သွားရလေပြီ။ 6အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် တန်ခိုးတော်ဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် ရန်သူကို ချိုးဖဲ့ခြေမွှတော်မူ၏။ 7ကိုယ်တော်ကိုဆန့်ကျင်သောသူတို့ကို ကြီးမားသောဘုန်းတန်ခိုးတော်ဖြင့် မှောက်လှန်တော်မူ၏။ ပြင်းထန်သောအမျက်တော်ကိုလွှတ်တော်မူ၍ ရိုးပြတ်ကဲ့သို့လောင်ကျွမ်းစေတော်မူ၏။ 8ကိုယ်တော်၏နှာခေါင်းတော်မှလေကို မှုတ်ထုတ်လိုက်သောအခါ ရေသည် မို့မောက်လာ၏။ စီးသောရေသည်လည်း စုပုံ၍ တန့်သွား၏။ ပင်လယ်ထဲမှ ရေထုသည်လည်း ခဲလေ၏။ 9ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ 10ကိုယ်တော်သည် လေကိုရှူထုတ်လိုက်ရာ ပင်လယ်ရေသည် သူတို့ကိုဖုံးလွှမ်း၍ ရေထုအောက်သို့ ခဲသတ္တုသဖွယ်နစ်မြုပ်သွားလေ၏။ 11အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။ 12ကိုယ်တော်၏လက်ယာလက်တော်ကိုဆန့်တော်မူသဖြင့် မြေကြီးသည် သူတို့ကိုမျိုလေ၏။ 13ကိုယ်တော်ရွေးနုတ်တော်မူသောလူမျိုးကို မေတ္တာကရုဏာတော်ဖြင့် ပို့ဆောင်တော်မူ၍ ကိုယ်တော်၏သန့်ရှင်းသောစံမြန်းရာအရပ်သို့ အစွမ်းတန်ခိုးတော်ဖြင့် လမ်းပြတော်မူ၏။ 14လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။ 15ဧဒုံအမျိုးအနွယ်သူကြီးတို့သည်လည်း ထိတ်လန့်ကြလိမ့်မည်။ မောဘလူမျိုးအကြီးအကဲတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်အားလျော့#15:15 တိုက်ရိုက်ပြန်ဆိုလျှင် “အရည်ပျော်”။ကြလိမ့်မည်။ 16ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။ 17အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်တော်မူရန် ဖန်ဆင်းတော်မူသည့်အရပ်၊ အို အကျွန်ုပ်၏ဘုရားရှင်၊ ကိုယ်တော်၏လက်တော်ဖြင့်တည်တော်မူသည့် သန့်ရှင်းရာဌာနတည်းဟူသော ကိုယ်တော်၏အမွေတော်တောင်သို့ ကိုယ်တော်၏လူမျိုးတော်ကို ယူဆောင်လာ၍ နေရာချ#15:17 တိုက်ရိုက်ပြန်ဆိုလျှင် “စိုက်ပျိုး”။တော်မူလိမ့်မည်။ 18ထာဝရဘုရားသည် ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်”ဟု သီဆိုကြ၏။
19ဖာရောမင်းကြီး၏မြင်းများနှင့်အတူ စစ်ရထားများ၊ မြင်းစီးသူရဲများသည် ပင်လယ်ထဲသို့ဝင်ကြသောအခါ ထာဝရဘုရားသည် ပင်လယ်ရေကို သူတို့အပေါ်သို့ ပြန်စီးလာစေတော်မူ၏။ အစ္စရေးအမျိုးသားတို့မူကား ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် လျှောက်သွားရ၏။ 20အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။ 21ထိုအခါ မိရိအံက “ထာဝရဘုရားသည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ မြင်းနှင့်မြင်းစီးသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ”ဟု သူတို့နှင့်အပြန်အလှန်သီဆိုလေ၏။
ရေချိုသောက်ရခြင်း
22ထို့နောက် မောရှေသည် အစ္စရေးလူမျိုးတို့ကို ပင်လယ်နီမှ ဆောင်သွားသဖြင့် ရှုရတောကန္တာရသို့ရောက်ကြ၏။ သူတို့သည် တောကန္တာရထဲ၌ သုံးရက်ပတ်လုံးလျှောက်သွား၍ ရေကိုမတွေ့ရကြ။ 23မာရအရပ်သို့ရောက်သောအခါ မာရအရပ်မှရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထို့ကြောင့် ထိုအရပ်၏အမည်ကို မာရ#15:23 “ခါးသီးခြင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။ 24ထိုအခါ အစ္စရေးလူမျိုးတို့က မောရှေအား “အကျွန်ုပ်တို့ ဘာသောက်ရမည်နည်း”ဟု ဆိုလျက် ညည်းညူကြ၏။ 25မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။ 26ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
27ထို့နောက် သူတို့သည် ဧလိမ်အရပ်သို့ရောက်လာကြ၏။ ထိုအရပ်၌ စမ်းရေတွင်းတစ်ဆယ့်နှစ်တွင်းနှင့်တကွ စွန်ပလွံပင်ခုနစ်ဆယ်ရှိ၏။ သူတို့သည် ထိုအရပ်တွင် ရေနှင့်နီးသောနေရာ၌ စခန်းချကြလေ၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 15: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative