YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 7

7
ပညာရှိစကားများ
1မွှေး​သော​ဂုဏ်သတင်း​သည် မွှေး​သော​နံ့သာဆီ​ထက် ပို၍​ကောင်း​၏​။ သေ​သော​နေ့​သည်​လည်း မွေးဖွား​သော​နေ့​ထက် ပို၍​ကောင်း​၏​။ 2အသုဘ​အိမ်​သို့​သွား​ခြင်း​သည် စားသောက်ပွဲခံရာ​အိမ်​သို့​သွား​ခြင်း​ထက်​ပို၍​ကောင်း​၏​။ အကြောင်းမူကား သေ​ခြင်း​သည် လူ​အားလုံး​၏​နိဂုံး​ဖြစ်၍ အသက်ရှင်​လျက်​ရှိ​သော​သူ​သည် ထို​အမှုအရာ​ကို​ဆင်ခြင်​နှလုံး​သွင်း​လိမ့်မည်​။ 3ပူဆွေး​ခြင်း​သည် ရယ်မော​ခြင်း​ထက်​ပို၍​ကောင်း​၏​။ အကြောင်းမူကား မျက်နှာ​ညှိုးငယ်​သော​အားဖြင့် စိတ်နှလုံး​ကောင်း​လာ​တတ်​၏​။ 4ပညာရှိ​သော​သူ​တို့​၏​စိတ်နှလုံး​သည် အသုဘ​အိမ်​၌​ရှိ​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား ပျော်ပါးရာ​အိမ်​၌​ရှိ​၏​။ 5ပညာရှိ​သော​သူ​ဆုံးမ​သွန်သင်​သော​စကား​ကို​နားထောင်​ခြင်း​သည် မိုက်မဲ​သော​သူ​တို့​ဆို​သော​သီချင်း​ကို​နားထောင်​ခြင်း​ထက် ပို၍​ကောင်း​၏​။ 6အကြောင်းမူကား မိုက်မဲ​သော​သူ​၏​ရယ်မောသံ​သည် အိုး​အောက်​မှ​လောင်​နေ​သော​ဆူးခက်​များ​၏​အသံ​နှင့်​တူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။ 7အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်​ခြင်း​သည် ပညာရှိ​သော​သူ​ကို ရူးမိုက်​စေ​တတ်​၍ တံစိုးလက်ဆောင်​သည် စိတ်နှလုံး​ကို ပျက်စီး​စေ​တတ်​၏​။ 8အမှုအရာ​၏​အဆုံး​သည် ၎င်း​၏​အစ​ထက် ပို၍​ကောင်း​၏​။ သည်းခံ​သော​စိတ်​သည် ထောင်လွှား​သော​စိတ်​ထက် ပို၍​ကောင်း​၏​။ 9အမျက်​ဒေါသ​သည် မိုက်မဲ​သော​သူ​တို့​၏​ရင်ခွင်​ထဲ၌ ကိန်းအောင်း​တတ်​သည်​ဖြစ်၍ သင့်​စိတ်​ထဲတွင် အမျက်​ဒေါသ အလျင်စလို​မ​ထွက်​ပါစေ​နှင့်​။ 10ယခင်​နေ့ရက်​များ​သည် ယခု​နေ့ရက်​များ​ထက် အဘယ်ကြောင့် ပို၍​ကောင်း​သနည်း​ဟု မ​မေး​နှင့်​။ အကြောင်းမူကား ထိုသို့​မေးမြန်း​ခြင်း​သည် ဉာဏ်ပညာ​မှ​လာ​သည်​မ​ဟုတ်​။ 11ဉာဏ်ပညာ​သည် အမွေ​ဥစ္စာ​နှင့်အမျှ​ကောင်းမြတ်​၍ နေ​ကို​မြင်​သော​သူ​တို့​အတွက် အကျိုးရှိ​၏​။ 12အကြောင်းမူကား ငွေ​သည် အကာအကွယ်​ဖြစ်​သကဲ့သို့ ဉာဏ်ပညာ​သည် အကာအကွယ်​ဖြစ်​၏​။ ဉာဏ်ပညာ​သည် ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​အား အသက်ရှင်​စေ​တတ်​၏​။ ဤသည်ကား အသိပညာ​၏​အကျိုး​ဖြစ်​၏​။ 13ဘုရားသခင်​ပြု​တော်မူ​သော​အမှု​ကို ဆင်ခြင်​လော့​။ ကိုယ်တော်​ကောက်​စေ​တော်မူ​သော​အရာ​ကို မည်သူ​ဖြောင့်​စေ​နိုင်​သနည်း​။ 14ကောင်းကျိုးချမ်းသာ​ခံစား​ရာ​ကာလ​၌ ဝမ်းမြောက်​လော့​။ ဒုက္ခခံရာ​ကာလ​၌​မူကား ဆင်ခြင်​လော့​။ လူ​သည် သူ့​နောက်တွင်​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့ရှိ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​နှင့်အတူ ဒုက္ခ​ကို​လည်း ဖြစ်ပေါ်​စေ​တော်မူ​၏​။
လွန်ကဲမှုများကို ရှောင်ကြဉ်ခြင်း
15ငါ​၏​အချည်းနှီး​သော​နေ့ရက်​များ​၌ ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တွေ့မြင်​ပြီ​။ မိမိ​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ ပျက်စီး​ရ​သည့် ဖြောင့်မတ်​သော​သူ​ရှိ​သကဲ့သို့ မိမိ​၏​ဆိုးယုတ်​ခြင်း​ထဲ၌ အသက်ရှည်​ရ​သည့်​ဆိုးယုတ်​သော​သူ​လည်း​ရှိ​၏​။ 16သင်​သည် လွန်ကဲ​စွာ​မ​ဖြောင့်မတ်​နှင့်​။ ဉာဏ်ပညာ​လည်း အလွန်အကျွံ​မ​ရှိ​စေ​နှင့်​။ အဘယ်ကြောင့် သင့်ကိုယ်သင်​ဖျက်ဆီး​လို​သနည်း​။ 17လွန်ကဲ​စွာ​မ​ဆိုးယုတ်​နှင့်​။ မိုက်မဲ​သော​သူ​လည်း မ​ဖြစ်​နှင့်​။ သင်​၏​အချိန်​မ​ရောက်​မီ အဘယ်ကြောင့် သေ​လို​သနည်း​။ 18ဤ​အချက်​ကို​ဆုပ်ကိုင်​ထား​လျှင်​ကောင်း​၏​။ အခြား​တစ်​ချက်​ကို​လည်း လက်​မ​လွတ်​စေ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​သည် ထို​အရာ​အားလုံး​ကို အောင်နိုင်​လိမ့်မည်​။ 19ဉာဏ်ပညာ​သည် ပညာရှိ​သော​သူ​ကို မြို့​ထဲ၌​ရှိ​သော​အုပ်ချုပ်​သူ​ဆယ်​ဦး​ထက် ပို၍​အားကြီး​စေ​တတ်​၏​။ 20အမှန်စင်စစ် အပြစ်​မ​ပြု​ဘဲ ကောင်း​သော​အမှု​ကို​သာ​ပြု​သည့်​ဖြောင့်မတ်​သော​သူ​ဟူ၍ ကမ္ဘာမြေကြီး​ပေါ်၌​မ​ရှိ​။#ရော 3:12။ 21လူ​တို့​ပြော​သမျှ​သော​စကား​တို့​ကို အာရုံ​မ​စိုက်​နှင့်​။ အာရုံစိုက်​လျှင် သင်​၏​ကျွန်​က သင့်​ကို​ကျိန်ဆဲ​သော​စကား​ကို ကြား​မိ​လိမ့်မည်​။ 22သင်ကိုယ်တိုင်​လည်း အခြား​သော​သူ​များ​ကို​အကြိမ်​ပေါင်း​များစွာ​ကျိန်ဆဲ​ခဲ့​ကြောင်း သင့်​စိတ်​က​သိ​၏​။
ဒေသနာဆရာ၏တွေ့ရှိချက်
23ဤ​အရာ​အားလုံး​ကို ဉာဏ်ပညာ​အားဖြင့် ငါ​စမ်းသပ်​ပြီ​။ “​ငါ​သည်​ပညာရှိ​ဖြစ်​မည်​”​ဟု ပြောဆို​သော်လည်း ထို​အရာ​သည် ငါ​နှင့်​ဝေးကွာ​လျက်​ရှိ​၏​။ 24ရှိ​ခဲ့​ပြီး​သော​အရာ​သည် အလှမ်းဝေး​လျက် အလွန်​နက်ရှိုင်း​၏​။ ထို​အရာ​ကို မည်သူ​တွေ့ရှိ​နိုင်​မည်နည်း​။ 25ငါ​သည် ဉာဏ်ပညာ​နှင့်​အကြောင်းအကျိုး​တို့​ကို သိရှိ​၍​စူးစမ်း​ရှာဖွေ​ရန်​လည်းကောင်း​၊ စဉ်းစားဉာဏ်​ကင်းမဲ့​ခြင်း​၏​ဆိုးယုတ်မှု​နှင့် ရူးသွပ်​ခြင်း​၏​မိုက်မဲမှု​တို့​ကို သိရှိ​ရန်​လည်းကောင်း ငါ့​စိတ်အာရုံ​ကို​ပြန်လှည့်​လိုက်​၏​။ 26တစ်ဖန် ပိုက်ကွန်​နှင့်​ထောင်ပိုက်​ကဲ့သို့သော​စိတ်နှလုံး​ရှိ​၍ လက်ထိတ်​ကဲ့သို့သော​လက်​ရှိ​သည့်​မိန်းမ​သည် သေ​ခြင်း​ထက် ပို၍​ခါး​သည်​ကို ငါ​တွေ့​ရ​၏​။ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​သည် ထို​မိန်းမ​၏​လက်​မှ​လွတ်မြောက်​လိမ့်မည်​။ အပြစ်ပြု​သော​သူ​မူကား သူ​၏​ဖမ်းမိ​ခြင်း​ကို​ခံရ​လိမ့်မည်​။ 27ဒေသနာဆရာ​ဆို​သည်​ကား ကြည့်ရှု​လော့​။ ငါ​၏​စိတ်ဝိညာဉ်​သည် အကြိမ်ကြိမ်​ရှာဖွေ​သော်လည်း မ​တွေ့​ခဲ့​သော​အကြောင်းအကျိုး​ကို​တွေ့ရှိ​နိုင်​ရန် တစ်ခု​အပေါ်​တစ်ခု​ပေါင်းစပ်​လိုက်​ရာ ဤ​အချက်​ကို ငါ​တွေ့ရှိ​ရ​၏​။ 28၎င်း​မှာ ယောက်ျား​တစ်ထောင်​တို့​တွင် တစ်​ယောက်​ကို ငါ​တွေ့ရှိ​ရ​၏​။ သို့သော် မိန်းမ​တစ်ထောင်​တို့​တွင် တစ်ယောက်​ကို​မျှ ငါ​မ​တွေ့ရှိ​ခဲ့​ပေ​။ 29ကြည့်ရှု​လော့​။ ငါ​တွေ့ရှိ​သည့် တစ်ခုတည်း​သော​အရာ​ကား ဘုရားသခင်​သည် လူ​ကို​ဖြောင့်မှန်​သော​သူ​အဖြစ် ဖန်ဆင်း​တော်မူ​သော်လည်း လူ​တို့​သည် များစွာ​သော​အကြောင်းအချက်​တို့​ကို​ရှာဖွေ​ကြ​သည်​ဟူ၍​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ဒေသနာကျမ်း 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ