YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 6

6
1နေ​အောက်​တွင်​ငါ​တွေ့မြင်​သော အဖြစ်ဆိုး​တစ်​ခု​ရှိ​၍ ၎င်း​သည် လူ​ကို​ဝန်ပိ​စေ​၏​။ 2ဘုရားသခင်​သည် လူ​တစ်​ဦး​အား ဓနဥစ္စာ​၊ စည်းစိမ်​ချမ်းသာ​နှင့် ဂုဏ်သရေ​တို့​ကို​ပေး​တော်မူ​သဖြင့် သူ​သည် သူ​၏​စိတ်ဝိညာဉ်​၌​တောင့်တ​သော​အရာ​တစ်စုံတစ်ခု​မျှ ချို့တဲ့​ခြင်း​မ​ရှိ​။ သို့သော် ဘုရားသခင်​သည် သူ့​အား ထို​အရာ​ကို​ခံစား​သုံးဆောင်​ရ​သော​အခွင့်ပေး​တော်​မ​မူ​သောကြောင့် သူတစ်ပါး​သည် ထို​အရာ​ကို​ခံစား​သုံးဆောင်​ရ​၏​။ ဤ​အရာ​သည် အချည်းနှီး​ဖြစ်ပြီး ရောဂါ​ဆိုး​တစ်​ခု​ဖြစ်​၏​။ 3လူ​သည် သား​တစ်ရာ​မွေးဖွား​၍ နှစ်ပေါင်း​များစွာ​အသက်ရှင်​ရ​လျက် သူ့​အသက်တာ​၏​နေ့ရက်​သည် များပြား​လျှင်လည်း သူ​၏​စိတ်ဝိညာဉ်​သည် ကောင်းကျိုးချမ်းသာ​ကြောင့် အလိုပြည့်စုံ​သည်​ဟူ၍​မ​ရှိ​သကဲ့သို့ သူ့​ကို သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​လည်း​မ​ရှိ​လျှင် အသေမွေး​သော​ကလေး​သည် ထို​သူ​ထက်​ပို၍​ကောင်း​သည်​ဟု ငါ​ဆို​၏​။ 4အကြောင်းမူကား ထို​ကလေး​သည် အချည်းနှီး​ထဲသို့​ရောက်လာ​၍ အမှောင်​ထဲသို့​ထွက်သွား​၏​။ သူ​၏​အမည်​သည်​လည်း အမှောင်​ထဲ၌​ဖုံးအုပ်​ခြင်း​ခံရ​၏​။ 5သူ​သည် နေ​ကို​လည်း​မ​မြင်​ရ​၊ မည်သည့်​အရာ​ကို​မျှ​လည်း​မ​သိ​ရ​။ သို့သော် ထို​ကလေး​သည် အထက်​ဖော်ပြ​ပါ​လူ​ထက် ပို၍​အေးချမ်းမှု​ရှိ​၏​။ 6အကယ်၍ ထို​လူ​သည် အနှစ်​တစ်ထောင်​ကို​နှစ်ဆ​တိုး​၍​အသက်ရှင်​ရ​သော်လည်း ကောင်းကျိုးချမ်းသာ​ကို​မ​တွေ့​ရ​လျှင် မည်သည့်​အကျိုးရှိ​မည်နည်း​။ အားလုံး​သည် တစ်ခုတည်း​သော​အရပ်​သို့​သွား​ကြ​သည်​မ​ဟုတ်​လော​။ 7လူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​သည် မိမိ​ပါးစပ်​အတွက်​ဖြစ်​၏​။ သို့သော် သူ​၏​အာသာ​သည် မည်သည့်​အခါ​မျှ​မ​ပြေ​နိုင်​။ 8ပညာရှိ​သော​သူ​သည် မိုက်မဲ​သော​သူ​ထက် မည်သို့​အကျိုးထူး​သနည်း​။ အသက်ရှင်​သော​သူ​များ​ရှေ့​တွင် မည်သို့​ကျင့်ကြံ​ပြုမူ​ရ​မည်​ကို​သိ​သော​ဆင်းရဲသား​သည်​လည်း မည်သို့​အကျိုးထူး​သနည်း​။ 9မျက်စိ​ဖြင့်​မြင်​ရ​ခြင်း​သည် စိတ်ကူးယဉ်​နေ​ခြင်း​ထက် ပို၍​ကောင်း​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ 10ယခု​ရှိ​နေ​သော​အရာ​၏​အမည်​ကို မှည့်ခေါ်​ထား​ပြီး​ဖြစ်​၏​။ လူ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်း သိ​ထား​ပြီး​ဖြစ်၍ သူ​သည် မိမိ​ထက်​တန်ခိုးကြီး​သော​သူ​နှင့် ဖက်ပြိုင်​၍​မ​ရ​နိုင်​။ 11စကား​များစွာ​ပြော​လျှင် အချည်းနှီး​သော​အရာ​လည်း များပြား​လာ​တတ်​သည်​ဖြစ်၍ လူ​အတွက် မည်သည့်​အကျိုး​ရှိ​သနည်း​။ 12အရိပ်​ကဲ့သို့​ဖြတ်သန်း​သွား​၍ အချည်းနှီး​ဖြစ်​သည့် လူ​၏​အနည်းငယ်​သော​အသက်တာ​နေ့ရက်​များ​၌ လူ့​အသက်တာ​အတွက် မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို မည်သူ​သိ​နိုင်​သနည်း​။ သူ့​နောက်တွင် နေ​အောက်​၌ မည်သည့်​အရာ​ဖြစ်ပျက်​မည်​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​သနည်း​။

လက်ရှိရွေးချယ်ထားမှု

ဒေသနာကျမ်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ