မွှေးသောဂုဏ်သတင်းသည် မွှေးသောနံ့သာဆီထက် ပို၍ကောင်း၏။ သေသောနေ့သည်လည်း မွေးဖွားသောနေ့ထက် ပို၍ကောင်း၏။ အသုဘအိမ်သို့သွားခြင်းသည် စားသောက်ပွဲခံရာအိမ်သို့သွားခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား သေခြင်းသည် လူအားလုံး၏နိဂုံးဖြစ်၍ အသက်ရှင်လျက်ရှိသောသူသည် ထိုအမှုအရာကိုဆင်ခြင်နှလုံးသွင်းလိမ့်မည်။ ပူဆွေးခြင်းသည် ရယ်မောခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား မျက်နှာညှိုးငယ်သောအားဖြင့် စိတ်နှလုံးကောင်းလာတတ်၏။ ပညာရှိသောသူတို့၏စိတ်နှလုံးသည် အသုဘအိမ်၌ရှိ၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား ပျော်ပါးရာအိမ်၌ရှိ၏။ ပညာရှိသောသူဆုံးမသွန်သင်သောစကားကိုနားထောင်ခြင်းသည် မိုက်မဲသောသူတို့ဆိုသောသီချင်းကိုနားထောင်ခြင်းထက် ပို၍ကောင်း၏။ အကြောင်းမူကား မိုက်မဲသောသူ၏ရယ်မောသံသည် အိုးအောက်မှလောင်နေသောဆူးခက်များ၏အသံနှင့်တူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။ အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်ခြင်းသည် ပညာရှိသောသူကို ရူးမိုက်စေတတ်၍ တံစိုးလက်ဆောင်သည် စိတ်နှလုံးကို ပျက်စီးစေတတ်၏။ အမှုအရာ၏အဆုံးသည် ၎င်း၏အစထက် ပို၍ကောင်း၏။ သည်းခံသောစိတ်သည် ထောင်လွှားသောစိတ်ထက် ပို၍ကောင်း၏။ အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။ ယခင်နေ့ရက်များသည် ယခုနေ့ရက်များထက် အဘယ်ကြောင့် ပို၍ကောင်းသနည်းဟု မမေးနှင့်။ အကြောင်းမူကား ထိုသို့မေးမြန်းခြင်းသည် ဉာဏ်ပညာမှလာသည်မဟုတ်။ ဉာဏ်ပညာသည် အမွေဥစ္စာနှင့်အမျှကောင်းမြတ်၍ နေကိုမြင်သောသူတို့အတွက် အကျိုးရှိ၏။ အကြောင်းမူကား ငွေသည် အကာအကွယ်ဖြစ်သကဲ့သို့ ဉာဏ်ပညာသည် အကာအကွယ်ဖြစ်၏။ ဉာဏ်ပညာသည် ၎င်းကိုပိုင်ဆိုင်သောသူအား အသက်ရှင်စေတတ်၏။ ဤသည်ကား အသိပညာ၏အကျိုးဖြစ်၏။ ဘုရားသခင်ပြုတော်မူသောအမှုကို ဆင်ခြင်လော့။ ကိုယ်တော်ကောက်စေတော်မူသောအရာကို မည်သူဖြောင့်စေနိုင်သနည်း။ ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။
ဒေသနာကျမ်း 7 ကိုဖတ်ပါ။
နားထောင်ပါ။ ဒေသနာကျမ်း 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒေသနာကျမ်း 7:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ