YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 7

7
ရုပ်တုကိုးကွယ်သောလူမျိုးတို့ကိုဖျက်ဆီးပစ်ရန် အစ္စရေးလူမျိုးတို့ကိုမှာကြားခြင်း
1သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​သို့ သင်​တို့​ကို ပို့ဆောင်​သောအခါ လူမျိုးခြား​များ​ဖြစ်​သော​ဟိတ္တိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး စသည့် သင့်​ထက်​ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​ခုနစ်​မျိုး​ကို သင်​တို့​ရှေ့​မှ နှင်ထုတ်​တော်မူ​မည်​။ 2သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​သောအခါ သူ​တို့​ကို တိုက်ခိုက်​၍ အကုန်အစင်​ဖျက်ဆီး​ပစ်​ရ​မည်​။ သူ​တို့​နှင့် ပဋိညာဉ်​မ​ဖွဲ့​ရ​။ သူ​တို့​ကို မ​သနား​ရ​။ 3ထို​လူမျိုး​တို့​နှင့် ထိမ်းမြား​ခြင်း​မ​ပြု​ရ​။ သင်​တို့​၏​သမီး​ကို သူ​တို့​၏​သား​နှင့် မ​ပေးစား​ရ​။ သူ​တို့​၏​သမီး​ကို​လည်း သင်​တို့​၏​သား​နှင့် မ​ပေးစား​ရ​။ 4အကြောင်းမူကား သူ​တို့​သည် သင်​တို့​၏​သား​ကို ငါ့​ထံ​မှ လမ်းလွဲ​စေ​၍ အခြား​ဘုရား​များ​ကို ဝတ်ပြု​စေ​ကြ​လိမ့်မည်​။ ထိုအခါ ထာဝရဘုရား​သည် အမျက်ထွက်​၍ သင်​တို့​ကို အလျင်အမြန်​ဖျက်ဆီး​တော်မူ​လိမ့်မည်​။ 5ထို့ကြောင့် သူ​တို့​ကို ဤသို့​ပြု​ရ​မည်​။ သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို ဖြိုဖျက်​၍ ကျောက်တိုင်​များ​ကို ဖြိုလှဲ​ရ​မည်​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို ခုတ်လှဲ​၍ ရုပ်တုဆင်းတု​များ​ကို မီး​ရှို့​ပစ်​ရ​မည်​။ 6အကြောင်းမူကား သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် သန့်ရှင်း​သော​လူမျိုး​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို မြေကြီး​ပေါ်၌​ရှိ​သော လူမျိုး​အပေါင်း​တို့​ထဲမှ မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​အဖြစ် ရွေးချယ်​တော်မူ​၏​။ 7သင်​တို့​သည် လူမျိုး​အပေါင်း​တို့​ထက် များပြား​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​နှစ်သက်​၍ ရွေးချယ်​တော်မူ​သည်​မ​ဟုတ်​။ သင်​တို့​သည် လူမျိုး​အပေါင်း​တို့​တွင် အနည်းဆုံး​ဖြစ်​၏​။ 8သို့ရာတွင် ထာဝရဘုရား​သည် သင်​တို့​ကို ချစ်​တော်မူ​သောကြောင့်​လည်းကောင်း​၊ သင်​တို့​၏​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​ကတိ​တော်​ကို တည်​စေ​သောကြောင့်​လည်းကောင်း ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထုတ်ဆောင်​တော်မူ​၏​။ ကျွန်ခံရာ​အိမ်​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​လက်​မှ ရွေးနုတ်​တော်မူ​၏​။ 9သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သာလျှင် ဘုရား​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​နှင့် ပညတ်တော်​တို့​ကို​စောင့်ထိန်း​သော​သူ​တို့​အပေါ် မျိုးဆက်​တစ်ထောင်​တိုင်အောင် ပဋိညာဉ်​တည်​၍ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သည့် သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း​၊ 10ကိုယ်တော်​ကို မုန်းတီး​သော​သူ​တို့​ကို​ကား ပျက်စီး​စေ​ခြင်း​ဖြင့် ဒဏ်ခတ်​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​ကို​မုန်းတီး​သော​သူ​တို့​အား အလျင်အမြန် ဒဏ်ခတ်​တော်မူ​မည်​။ 11ထို့ကြောင့် ယနေ့ သင့်​အား ငါ​မိန့်မှာ​သော ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ 12သင်​သည် ဤ​စီရင်ထုံးဖွဲ့ချက်​တို့​ကို ကြားနာ​၍ လိုက်နာ​စောင့်ထိန်း​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​ပဋိညာဉ်​နှင့် မေတ္တာကရုဏာ​ကို သင့်​အပေါ်​တွင် တည်​စေ​တော်မူ​မည်​။ 13ကိုယ်တော်​သည် သင့်​ကို​ချစ်​မည်​။ ကောင်းချီးပေး​မည်​။ တိုးပွား​စေ​မည်​။ ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​မှစ၍ မြေထွက်​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားပေါက်​၊ သိုးဆိတ်​သားပေါက်​တို့​ကို ကောင်းချီးပေး​တော်မူ​မည်​။ 14သင်​သည် လူမျိုး​အပေါင်း​တို့​ထက် ကောင်းချီးခံစား​ရ​၍ သင်​၌ မြုံ​သော​ယောက်ျား​၊ မြုံ​သော​မိန်းမ​ဟူ၍ ရှိ​မည်​မ​ဟုတ်​။ သင်​၏​တိရစ္ဆာန်​များ​ထဲ၌​လည်း ရှိ​မည်​မ​ဟုတ်​။ 15ထာဝရဘုရား​သည် အနာရောဂါ​ရှိသမျှ​တို့​ကို သင့်​ထံမှ ဖယ်ရှား​ပေး​တော်မူ​မည်​။ သင်​သိ​ခဲ့​သည့် အီဂျစ်​ပြည်​၏​ဆိုးရွား​သော​ရောဂါဝေဒနာ​ရှိသမျှ​တို့​ကို သင့်​အပေါ်​သို့ ကျရောက်​စေ​တော်​မ​မူ​ဘဲ သင့်​ကို​မုန်း​သော​သူ​အပေါင်း​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​မည်​။ 16သင့်​လက်​သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အပ်​တော်မူ​သည့် လူမျိုး​အပေါင်း​တို့​ကို​ဖျက်ဆီး​ရ​မည်​။ ထို​သူ​တို့​ကို မ​သနား​ရ​။ သူ​တို့​၏​ဘုရား​များ​ကို ဝတ်​မ​ပြု​ရ​။ ဝတ်ပြု​လျှင် သင့်​အတွက် ထောင်ချောက်​သဖွယ်​ဖြစ်​လိမ့်မည်​။
17သင့်​စိတ်​ထဲ၌ ‘​ဤ​လူမျိုး​တို့​သည် ငါ့​ထက်​များ​သည်​ဖြစ်၍ သူ​တို့​ကို မည်သို့​နှင်ထုတ်​နိုင်​မည်နည်း​’​ဟု တွေးမိ​လျှင် 18သူ​တို့​ကို မ​ကြောက်​နှင့်​။ ဖာရော​မင်းကြီး​နှင့် အီဂျစ်​လူမျိုး​အပေါင်း​တို့​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့်​အမှု​ကို​အောက်မေ့​လော့​။ 19သင်ကိုယ်တိုင်​တွေ့မြင်​ခဲ့​ရ​သည့် ပြင်းထန်​သော​စုံစမ်းမှု​များ​ကို​လည်းကောင်း​၊ နိမိတ်လက္ခဏာ​များ​နှင့် အံ့ဩဖွယ်အမှု​များ​ကို​လည်းကောင်း​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို ဆန့်​လျက် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း အထူး​အောက်မေ့​ရ​မည်​။ သင်​ကြောက်ရွံ့​ရ​သည့်​လူမျိုး​အပေါင်း​တို့​ကို​လည်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထိုနည်းတူ​ပြု​တော်မူ​မည်​။ 20ထို့ပြင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကြွင်းကျန်​သော​သူ​များ​၊ ပုန်းရှောင်​နေ​သော​သူ​များ​မ​ပျက်စီး​မ​ချင်း ပျားတူ​များ​ကို သူ​တို့​ထဲတွင်​စေလွှတ်​တော်မူ​မည်​။ 21သူ​တို့​ကို မ​ထိတ်လန့်​ကြ​နှင့်​။ အကြောင်းမူကား ကြီးမြတ်​၍ အံ့ဩဖွယ်​ကောင်း​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏​။ 22သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ နည်းနည်းချင်း​နှင်ထုတ်​တော်မူ​မည်​။ တောရိုင်းတိရစ္ဆာန် များပြား​လာ​မည်​ကို​စိုးရိမ်​ရ​သဖြင့် သူ​တို့​ကို အလျင်အမြန်#7:22 သို့မဟုတ် “ချက်ချင်း”။​မ​ဖျက်ဆီး​နှင့်​။ 23သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို သင့်​လက်​သို့ အပ်​တော်မူ​မည်​။ သူ​တို့​ဖျက်ဆီး​ခြင်း​မ​ခံရ​မ​ချင်း သူ​တို့​ကို ကြီးမား​သော ထိတ်လန့်ချောက်ချားဖွယ်​ရာ​များ​နှင့် ကြုံတွေ့​စေ​တော်မူ​မည်​။ 24သူ​တို့​၏​ရှင်ဘုရင်​များ​ကို​လည်း သင့်​လက်​သို့ အပ်​တော်မူ​သဖြင့် သင်​သည် သူ​တို့​၏​အမည်​များ​ကို မိုးကောင်းကင်​အောက်​မှ ဖျောက်ဖျက်​ပစ်​လိမ့်မည်​။ သူ​တို့​ကို မ​ဖျက်ဆီး​မီ​အထိ သင့်​ရှေ့​၌ မည်သူမျှ​ခံရပ်​နိုင်​မည်​မ​ဟုတ်​။ 25သင်​တို့​သည် သူ​တို့​၏​ဘုရား​များ​ဖြစ်​သည့် ရုပ်တုဆင်းတု​များ​ကို မီး​ရှို့​ပစ်​ရ​မည်​။ ရုပ်တုဆင်းတု​ရှိ ရွှေ​၊ ငွေ​တို့​ကို မ​တပ်မက်​ရ​၊ မ​ယူ​ရ​။ ထို​အရာ​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​သည်​ဖြစ်၍ ယူမိ​လျှင် သင်​သည် ထို​အရာ​အားဖြင့် ကျော့မိ​လိမ့်မည်​။ 26စက်ဆုပ်ရွံရှာဖွယ်​သော​အရာ​ကို သင့်​အိမ်​ထဲသို့ မ​ယူလာ​ရ​။ ထို​အရာ​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ဖြစ်၍ ယူလာ​လျှင် သင်​သည် ထို​အရာ​ကဲ့သို့ ကျိန်​ခြင်း​ခံရ​လိမ့်မည်​။ ထို​အရာ​ကို လုံးလုံး​ရွံမုန်း​ရ​မည်​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ