YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 23

23
ထာဝရဘုရား၏လူစုဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်း
1ယောက်ျားအင်္ဂါ​ပြတ်​သွား​သူ​၊ သို့မဟုတ် ကြေမွ​သွား​သူ​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။ 2ဖောက်ပြန်​ရာ​မှ​ရ​သော​ကလေး​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။ သူ​၏​မျိုးဆက် ဆယ်​ဆက်​မြောက်​တိုင်အောင် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။ 3အမ္မုန်​လူမျိုး​၊ မောဘ​လူမျိုး​တို့​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။ သူ​တို့​၏​မျိုးဆက် ဆယ်​ဆက်​တိုင်အောင် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။ 4အကြောင်းမူကား အီဂျစ်​ပြည်​မှ​သင်​တို့​ထွက်လာ​သောအခါ လမ်းခရီး​၌ သူ​တို့​သည် သင်​တို့​အား အစားအစာ​ကို​လည်း​မ​ပေး​၊ ရေ​ကို​လည်း​မ​ပေး​ကြ​။ ထို့ပြင် မက်ဆိုပိုတေးမီးယား​ပြည်​၊ ပေသော်​မြို့​မှ ဗောရ​သား​ဗာလမ်​ကို​ငှား​၍ သင်​တို့​ကို​ကျိန်ဆဲ​စေ​သောကြောင့်​ဖြစ်​၏​။ 5သို့ရာတွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဗာလမ်​၏​စကား​ကို နားညောင်း​တော်​မ​မူ​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ချစ်​တော်မူ​သောကြောင့် သင့်​အဖို့​ကျိန်ဆဲ​ခြင်း​ကို ကောင်းချီးမင်္ဂလာ​ဖြစ်​စေ​တော်မူ​၏​။ 6သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​တို့​ငြိမ်းချမ်းသာယာ​ဖို့​၊ ကောင်းစား​ဖို့ သင်​မ​ပြု​ရ​။ 7ဧဒုံ​အမျိုးသား​သည် သင်​၏​အစ်ကို​ဖြစ်​သောကြောင့် သူ​တို့​ကို သင်​မ​ရွံမုန်း​ရ​။ အီဂျစ်​ပြည်​၌ သင်​ဧည့်သည်​ဖြစ်​ခဲ့​ဖူး​သောကြောင့် အီဂျစ်​အမျိုးသား​တို့​ကို သင်​မ​ရွံမုန်း​ရ​။ 8သူ​တို့​မွေးဖွား​သော​သားသမီး​များ​ဖြစ်​သည့် သူ​တို့​၏​တတိယ​မျိုးဆက်​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ ဝင်​ခွင့်​ရှိ​၏​။
တပ်စခန်းကို သန့်ရှင်းစွာထားခြင်း
9သင်​သည် ရန်သူ​တို့​ကို​တိုက်ခိုက်​ရန် စစ်ချီ​၍ စခန်းချ​သောအခါ မကောင်းမှု​ရှိသမျှ​ကို​ရှောင်​ရ​မည်​။ 10ယောက်ျား​တစ်​ဦး​သည် ညအချိန်​၌​ဖြစ်ပျက်​တတ်​သော​အရာ​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်​လျှင် ထို​သူ​သည် တပ်စခန်း​အပြင်ဘက်​သို့ ထွက်သွား​ရ​မည်​။ တပ်စခန်း​ထဲ​သို့ မ​ဝင်​ရ​။ 11နေဝင်ချိန်​ရောက်​သောအခါ သူ​သည် ရေချိုး​ရ​မည်​။ နေ​ဝင်​ပြီးမှ တပ်စခန်း​ထဲ​သို့ ပြန်ဝင်​ရ​မည်​။ 12မစင်စွန့်​သော​နေရာ​သည် တပ်စခန်း​အပြင်ဘက်​၌ ရှိ​ရ​မည်​။ သင်​သည် ထို​နေရာ​သို့​သာ သွား​၍​စွန့်​ရ​မည်​။ 13မစင်​သွား​စွန့်​သောအခါ မြေ​တူးစရာ​တူးရွင်း​ကို ယူသွား​၍ တွင်း​တူး​ရ​မည်​။ မစင်​စွန့်​ပြီးလျှင် ပြန်​ဖုံးအုပ်​ရ​မည်​။ 14သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကယ်နုတ်​ရန်​၊ သင်​၏​ရန်သူ​တို့​ကို သင့်​လက်​သို့​အပ်​ရန် သင်​၏​တပ်စခန်း​ထဲ​၌ သွားလာ​တော်မူ​သည်​ဖြစ်၍ သင်​၏​တပ်စခန်း​သည် သန့်ရှင်း​ရ​မည်​။ သို့မဟုတ်လျှင် ကိုယ်တော်​သည် သင့်​ထဲ၌ ညစ်ညူး​သော​အရာ​ကို​တွေ့မြင်​တော်မူ​သဖြင့် သင့်​ထံ​မှ လွှဲရှောင်​တော်မူ​လိမ့်မည်​။
ထွက်ပြေးသောကျွန်များ
15မိမိ​သခင်​ထံမှ​ထွက်ပြေး​၍ သင့်​ထံ လာရောက်ခိုလှုံ​သော​ကျွန်​ကို သူ့​သခင်​ထံ ပြန်​မ​အပ်​ရ​။ 16သူ​နှစ်သက်​၍​ရွေးချယ်​သည့် မည်သည့်​မြို့​၊ မည်သည့်​နေရာ​မဆို သင်​တို့​နှင့်အတူ နေထိုင်​ခွင့်​ပြု​ရ​မည်​။ သူ့​ကို အနိုင်​မ​ကျင့်​ရ​။
ပြည့်တန်ဆာလုပ်ခြင်းကို တားမြစ်ခြင်း
17အစ္စရေး​အမျိုးသမီး​များ​ထဲတွင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​မိန်းမ​ပြည့်တန်ဆာ​မ​ရှိ​ရ​။ အစ္စရေး​အမျိုးသား​ထဲတွင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​မ​ရှိ​ရ​။ 18ပြည့်တန်ဆာ​၏​အဖိုးအခ​နှင့် ခွေး​၏​အဖိုးအခ#23:18 သို့မဟုတ် “ယောက်ျားပြည့်တန်ဆာလုပ်၍ရသောအခ”။​ကို ကတိသစ္စာ​တစ်စုံတစ်ခု​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ မ​ယူဆောင်​လာ​ရ​။ အကြောင်းမူကား ထို​အရာ​နှစ်ခုစလုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။
ချေးငွေအတိုး
19သင်​သည် သင့်​အမျိုးသားချင်း​အား ငွေ​ကို​ဖြစ်စေ​၊ အစားအစာ​ကို​ဖြစ်စေ​၊ ချေးငှား​ပေး​သော​မည်သည့်​အရာ​ကို​ဖြစ်စေ အတိုး​ဖြင့်​မ​ချေးငှား​ရ​။ 20တစ်ပါးအမျိုးသား​ထံမှ အတိုး​ယူ​နိုင်​၏​။ သို့သော် သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​တွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​လုပ်ဆောင်​လေရာရာ​၌ သင့်​ကို ကောင်းချီးပေး​တော်မူ​မည့်​အကြောင်း သင်​သည် မိမိ​အမျိုးသားချင်း​ထံမှ အတိုး​မ​ယူ​ရ​။
ကတိသစ္စာစောင့်ခြင်း
21သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ကတိသစ္စာ​ကို သင့်​ထံ​မှ မုချ​တောင်း​တော်မူ​မည်​ဖြစ်၍ ထို​ကတိသစ္စာ​ကို​ပြည့်စုံ​စေရန် မ​နှောင့်နှေး​နှင့်​။ နှောင့်နှေး​လျှင် သင့်​အပေါ် အပြစ်​သက်ရောက်​မည်​။#မ 5:33။ 22ကတိသစ္စာ​မ​ပြု​ဘဲ​နေ​လျှင် သင့်​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​။ 23သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား သင့်​ဆန္ဒ​ရှိ​၍ သင့်​နှုတ်​ဖြင့်​ကတိသစ္စာ​ပြု​ခဲ့​သည့်​အတိုင်း ထို​နှုတ်ထွက်​ကတိသစ္စာ​ကို ကြိုးစား​လုပ်ဆောင်​ရ​မည်​။
အိမ်နီးချင်း၏ကောက်ပဲသီးနှံခင်း
24သင်​သည် မိမိ​အိမ်နီးချင်း​၏​စပျစ်ခြံ​ထဲသို့​ဝင်​သောအခါ စပျစ်သီး​ကို သင်​စားလို​သမျှ အဝ​စား​ခွင့်​ရှိ​၏​။ သို့သော် သင့်​အိတ်​ထဲ ထည့်ယူ​မ​သွား​ရ​။ 25သင်​သည် မိမိ​အိမ်နီးချင်း​၏​ကောက်ပဲသီးနှံခင်း​ထဲသို့​ဝင်​သောအခါ အနှံ​များ​ကို သင့်​လက်​ဖြင့်​ဆွတ်ခူး​ခွင့်​ရှိ​၏​။ သို့သော် သင့်​အိမ်နီးချင်း​၏​ကောက်ပဲသီးနှံ​ကို တံစဉ်​ဖြင့်​မ​ရိတ်​ရ​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ