ခုနစ်နှစ်ပြည့်သောအခါတိုင်း အကြွေးလျှော်ပစ်ခြင်းကို ပြုရမည်။ အကြွေးလျှော်ပစ်ခြင်းကား ဤသို့တည်း။ အကြွေးလျှော်ပစ်ခြင်းကိုပြုရန် ထာဝရဘုရားမိန့်မှာထားသည်ဖြစ်၍ မိမိအိမ်နီးချင်းအား ချေးငှားပေးထားသည့်ကြွေးရှင်တိုင်းသည် အကြွေးကိုလျှော်ပစ်ရမည်။ မိမိအိမ်နီးချင်း၊ မိမိညီအစ်ကိုထံမှ အကြွေးပြန်မတောင်းရ။ တစ်ပါးအမျိုးသားထံမှ တောင်းခွင့်ရှိ၏။ ညီအစ်ကို၏အကြွေးကိုမူကား သင်လျှော်ပစ်ရမည်။ သင့်အား သင်၏ဘုရားသခင်ထာဝရဘုရား အမွေအဖြစ်အပိုင်ပေးတော်မူသောပြည်၌ ထာဝရဘုရားသည် သင့်ကို အမှန်ပင်ကောင်းချီးပေးတော်မူမည်ဖြစ်၍ သင်၌ နွမ်းပါးသောသူ ရှိမည်မဟုတ်။ သို့သော် သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့ သင့်အား ငါမှာကြားသော ဤပညတ်တော်ရှိသမျှကို လိုက်နာစောင့်ထိန်းမှသာ ထိုကောင်းချီးများကိုရရှိမည်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ကတိထားတော်မူသည့်အတိုင်း သင့်ကို ကောင်းချီးပေးတော်မူမည်ဖြစ်၍ သင်သည် လူမျိုးများစွာတို့အား ချေးငှားရလိမ့်မည်။ ချေးယူရမည်မဟုတ်။ သင်သည် လူမျိုးများစွာတို့ကို အုပ်စိုးရလိမ့်မည်။ သူတို့သည် သင့်ကို အုပ်စိုးရမည်မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ရှိမြို့တစ်မြို့၌ နွမ်းပါးသောသင်၏ညီအစ်ကိုတစ်စုံတစ်ယောက်ရှိလျှင် ထိုနွမ်းပါးသောညီအစ်ကိုအပေါ် ကြင်နာစိတ်မကင်းမဲ့နှင့်၊ မတွန့်တိုနှင့်။ သင်သည် မတွန့်တိုဘဲ ထိုသူလိုအပ်သည့်အရာကို လုံလုံလောက်လောက် ရက်ရက်ရောရောချေးငှားပေးရမည်။ သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။ သူ့အား ပေးကမ်းသောအခါ မကြည်ဖြူသောစိတ်မရှိဘဲ ကြည်ကြည်ဖြူဖြူပေးကမ်းရမည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုမူလုပ်ဆောင်လေရာရာ၌ သင့်အား ကောင်းချီးပေးတော်မူမည်။ သင့်ပြည်၌ နွမ်းပါးသောသူသည် ပပျောက်လိမ့်မည်မဟုတ်။ ထို့ကြောင့် ‘သင့်ပြည်၌ရှိသည့် ဆင်းရဲနွမ်းပါးသော သင်၏ညီအစ်ကိုအပေါ် မတွန့်တိုရ’ဟု သင့်အား ငါမိန့်မှာ၏။ သင်၏အမျိုးသားချင်းဖြစ်သော ဟေဗြဲအမျိုးသား၊ သို့မဟုတ် ဟေဗြဲအမျိုးသမီးသည် သင့်ထံ၌ အရောင်းခံရပါက ထိုသူသည် ခြောက်နှစ်အစေခံ၍ ခုနစ်နှစ်မြောက်၌ သူ့ကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုရမည်။ သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုသောအခါ သူ့အား လက်ချည်းသက်သက်မလွှတ်ရ။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား ကောင်းချီးပေးတော်မူသည့်အလျောက် သင်၏သိုးဆိတ်၊ ကောက်နယ်တလင်းမှကောက်ပဲသီးနှံ၊ စပျစ်သီးနယ်ရာကျင်းမှစပျစ်ဝိုင်တို့ကို သူ့အား ရက်ရောစွာမစပေးကမ်းရမည်။ သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ရွေးနုတ်တော်မူခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့်လည်း ဤပညတ်တော်ကို ယနေ့ သင့်အား ငါမှာကြားခြင်းဖြစ်၏။ သို့ရာတွင် ထိုသူသည် သင်နှင့် သင်၏မိသားစုကိုချစ်သောကြောင့်၊ သင့်ထံ၌နေပျော်သောကြောင့် ‘အကျွန်ုပ်သည် သင့်ထံမှ မထွက်သွားလိုပါ’ဟု ဆိုလျှင် သင်သည် စူးကိုယူပြီး သူ၏နားရွက်ကို တံခါး၌ကပ်၍ ဖောက်ရမည်။ ထိုအခါ သူသည် သင်၏ကျွန် အစဉ်အမြဲဖြစ်လိမ့်မည်။ သင်၏ကျွန်မိန်းမကိုလည်း ထိုနည်းတူပြုရမည်။ ထိုသူသည် သူရင်းငှား၏လုပ်အားခနှစ်ဆဖြင့် သင့်ကို ခြောက်နှစ်ကျွန်ခံခဲ့ပြီဖြစ်သောကြောင့် သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုရမည်ကို ခက်ခဲသည်ဟု မထင်နှင့်။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်ကိုကောင်းချီးပေးတော်မူမည်။
တရားဟောရာကျမ်း 15 ကိုဖတ်ပါ။
နားထောင်ပါ။ တရားဟောရာကျမ်း 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားဟောရာကျမ်း 15:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ