တရားဟောရာကျမ်း 14
14
ရှောင်ကြဉ်ရမည့်ဓလေ့ထုံးတမ်းများ
1သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏သားသမီးများဖြစ်ကြ၏။ သေဆုံးသူအတွက် ကိုယ့်အသား ကိုယ်မမွှမ်းရ၊ သင်တို့၏ဦးစွန်းကိုမရိတ်ရ။ 2အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်၏။ ထာဝရဘုရားသည် မြေကြီးပေါ်၌ရှိသောလူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် သင့်ကိုရွေးချယ်တော်မူ၏။
စင်ကြယ်သောအသား၊ မစင်ကြယ်သောအသား
3စက်ဆုပ်ရွံရှာဖွယ်ရာတစ်စုံတစ်ခုကိုမျှ သင်မစားရ။ 4သင်တို့စားခွင့်ရှိသောတိရစ္ဆာန်များကား နွား၊ သိုး၊ ဆိတ်၊ 5သမင်၊ ဒရယ်၊ ဆတ်၊ ဆိတ်ရိုင်း၊ တောင်ဆိတ်၊ တောဆိတ်၊ သိုးရိုင်း တို့ဖြစ်၏။
6တိရစ္ဆာန်တို့ထဲမှ ခွာနှစ်ခြမ်းကွဲ၍ စားမြုံ့ပြန်သော တိရစ္ဆာန်ဟူသမျှ သင်တို့စားခွင့်ရှိ၏။ 7သို့သော် စားမြုံ့ပြန်သောအကောင်၊ ခွာကွဲသောအကောင်တို့ထဲမှ သင်တို့စားခွင့်မရှိသောအကောင်များကား
ကုလားအုတ်၊ တောယုန်၊ ရှာဖန်ယုန် တို့ဖြစ်၏။ အကြောင်းမူကား ထိုအကောင်တို့သည် စားမြုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့ မစင်ကြယ်။
8ဝက်သည် ခွာကွဲသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့အဖို့ မစင်ကြယ်။ အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။
9ရေနေသတ္တဝါအားလုံးထဲမှ ဆူးတောင်နှင့်အကြေးရှိသောအကောင်အားလုံးကို သင်တို့စားခွင့်ရှိ၏။ 10ဆူးတောင်နှင့်အကြေးမရှိသော မည်သည့်အကောင်ကိုမျှ မစားရ။ သင်တို့အဖို့ မစင်ကြယ်။
11စင်ကြယ်သော ငှက်ဟူသမျှ သင်တို့စားခွင့်ရှိ၏။ 12သင်တို့စားခွင့်မရှိသောငှက်များကား
လင်းယုန်၊ လင်းတ၊ ဝန်ပို၊
13စွန်ရဲ၊ စွန်နက်၊ ခရုစုတ်ငှက်အမျိုးမျိုး၊
14ကျီးကန်းမျိုးရှိသမျှ၊
15ငှက်ကုလားအုတ်၊ မြေဝပ်ငှက်၊ စင်ရော်ငှက်၊ သိမ်းငှက်အမျိုးမျိုး၊
16ဇီးကွက်၊ ဒီးဒုတ်၊ လင်ကောင်ပိုး၊
17ငှက်ကြီးဝန်ပို၊ ဝန်လက်၊ တင်ကျီးငှက်၊
18ငှက်ကျား၊ ငဟစ်ငှက်အမျိုးမျိုး၊ တောင်ဘီစူးငှက်၊ လင်းနို့ တို့ဖြစ်၏။
19အတောင်ပံပါသောပိုးမွှားသတ္တဝါအားလုံးတို့သည် သင်တို့အဖို့ မစင်ကြယ်သည်ဖြစ်၍ မစားရ။ 20အတောင်ပံပါ၍ စင်ကြယ်သောအကောင်ဟူသမျှ သင်တို့စားခွင့်ရှိ၏။
21သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။
ထာဝရဘုရားအတွက် ဆယ်ဖို့တစ်ဖို့
22နှစ်စဉ်နှစ်တိုင်း လယ်ယာမှထွက်သမျှ ကောက်ပဲသီးနှံတို့ကို ဆယ်ဖို့တစ်ဖို့မပျက်မကွက်ပေးရမည်။ 23သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ကိုယ်တော်၏ရှေ့တော်၌ စားရမည်။ ဤသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကြောက်ရွံ့မည့်အကြောင်း သင်ယူခြင်းဖြစ်၏။ 24သို့သော် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူသောအခါ နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် ခရီးဝေး၍ သင်နှင့်ဝေးလွန်းသဖြင့် သင်သည် ထိုဆယ်ဖို့တစ်ဖို့ကိုမသယ်ဆောင်သွားနိုင်လျှင် 25ငွေနှင့်လဲလှယ်၍ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ ထိုငွေကို သင်ကိုယ်တိုင်ယူဆောင်သွားရမည်။ 26ထိုငွေဖြင့် နွား၊ သိုး၊ စပျစ်ဝိုင်၊ သေရည်သေရက်စသည်တို့ကို သင်အလိုရှိသမျှ၊ သင်တောင့်တသမျှ ဝယ်ယူပြီးလျှင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စား၍ သင်၏အိမ်သူအိမ်သားများနှင့်အတူ ဝမ်းမြောက်ရမည်။ 27သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးတို့သည် သင်နှင့်အတူ အမွေဝေစုမရသောကြောင့် သူတို့ကို စွန့်ပယ်မထားရ။
28သုံးနှစ်ပြည့်သောအခါတိုင်း ထိုနှစ်ထွက်သီးနှံ၏ဆယ်ဖို့တစ်ဖို့ရှိသမျှကို ယူဆောင်လာ၍ မြို့များ၌ စုထားရမည်။ 29သို့ပြုလျှင် သင်တို့တွင် အမွေဝေစုမရသောလေဝိအမျိုး၊ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် လာပြီး ဝလင်စွာစားနိုင်မည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်အားကောင်းချီးပေးတော်မူမည်။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာကျမ်း 14: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative