YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 11:1-15

တရားဟောရာကျမ်း 11:1-15 MSBU

သို့ဖြစ်၍ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ ကိုယ်တော်​၏​ညွှန်ကြားချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​၊ ပညတ်ချက် တို့​ကို အစဉ်အမြဲ​စောင့်ထိန်း​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဆုံးမပဲ့ပြင်​တော်မူ​ခြင်း​၊ ကြီးမြတ်​တော်မူ​ခြင်း​၊ အားကြီး​သော​လက်​တော်​နှင့် ဆန့်တန်း​သော​လက်ရုံး​တော်​တို့​ကို သင်​တို့​၏​သားမြေး​တို့ မ​သိ​မ​မြင်​ခဲ့​ကြ​။ အီဂျစ်​ပြည်​၌ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့်တကွ သူ​၏​ပြည်သူပြည်သား​တစ်ရပ်လုံး​ကို နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​သော​အမှု​များ​ပြ​တော်မူ​ခဲ့​ပုံ​နှင့် အီဂျစ်​စစ်သည်​များ​၊ မြင်း​များ​၊ စစ်ရထား​များ​အား သင်​တို့​နောက်မှ လိုက်လာ​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ပင်လယ်နီ​ရေ​ဖြင့်​လွှမ်းမိုး​စေ​၍ ဖျက်ဆီး​တော်မူ​ခဲ့​ပုံ​၊ ဤ​အရပ်​သို့​သင်​တို့​ရောက်​သည့်​တိုင်အောင် တောကန္တာရ​၌ သင်​တို့​အတွက် မည်သို့​ပြု​တော်မူ​ခဲ့​ပုံ​၊ မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​အလယ်​၌ ရုဗင်​သားမြေး​၊ ဧလျာဘ​၏​သား​များ​ဖြစ်​သော ဒါသန်​နှင့်​အဘိရံ​တို့​နှင့်တကွ သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ တဲ​များ​၊ သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​ခဲ့​ပုံ စသည်​တို့​ကို ယနေ့ သင်​တို့​အောက်မေ့​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့် ကြီးမား​သော​အမှု​ရှိသမျှ​တို့​ကို သင်​တို့​ကိုယ်တိုင် တွေ့မြင်​ခဲ့​ကြ​၏​။ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သော​ပညတ်တော်​ကို စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ သင်​တို့​ကူးသွား​၍​သိမ်းပိုက်​ရ​မည့်​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​နိုင်​မည်​။ ထာဝရဘုရား​က ထို​ပြည်​ကို သင်​တို့​၏​ဘိုးဘေး​တို့​နှင့် သူ​တို့​၏​သားစဉ်မြေးဆက်​တို့​အား ပေး​မည်​ဟု​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ နို့​နှင့်​ပျားရည်​စီး​သော​ထို​ပြည်​၌ သင်​တို့ အသက်​ရှည်ရှည်​နေထိုင်​ကြ​ရ​မည်​။ သင်​တို့​ဝင်ရောက်​သိမ်းပိုက်​ရ​မည့်​ပြည်​သည် အီဂျစ်​ပြည်​နှင့်​မ​တူ​။ သင်​တို့​ထွက်​ခဲ့​သော​အီဂျစ်​ပြည်​၌ ဟင်းသီးဟင်းရွက်​စိုက်ခင်း​ထဲသို့ ခြေ​ဖြင့်​ရေသွင်း​ရ​သကဲ့သို့ မျိုးစေ့​ကြဲ​ရာ​တွင် ရေသွင်း​၍​မျိုးကြဲ​ရ​၏​။ သို့သော် သင်​တို့​ကူးသွား​၍ သိမ်းပိုက်​ရ​မည့်​ပြည်​သည် တောင်​များ​၊ ချိုင့်ဝှမ်း​များ​နှင့်​ပြည့်စုံ​၍ ကောင်းကင်​မှ​မိုးရေ​ကို သောက်​ရ​သော​ပြည်​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို စောင့်ရှောက်​တော်မူ​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို နှစ်​အစ​မှ နှစ်​အဆုံး​တိုင်အောင် အစဉ်မပြတ်​ကြည့်ရှု​တော်မူ​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​လော့​။ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သည့် ပညတ်တော်​တို့​ကို သေချာ​စွာ​နားထောင်​လော့​။ သို့ပြုလျှင် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့် ဆီ​တို့​ကို သင်​တို့​စုသိမ်း​နိုင်​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ပြည်​အတွက် မိုးဦး​၊ မိုးနှောင်း​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​မည်​။ သင်​တို့​၏​တိရစ္ဆာန်​များ​အတွက် လယ်ယာ​၌ မြက်ပင်​ကို ပေါက်​စေ​တော်မူ​မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ​စား​ရ​ကြ​မည်​။