YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 11

11
ဘုရားသခင်ကိုအောက်မေ့ရန်၊ နာခံရန်
1သို့ဖြစ်၍ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ ကိုယ်တော်​၏​ညွှန်ကြားချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​၊ ပညတ်ချက် တို့​ကို အစဉ်အမြဲ​စောင့်ထိန်း​ရ​မည်​။ 2သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဆုံးမပဲ့ပြင်​တော်မူ​ခြင်း​၊ ကြီးမြတ်​တော်မူ​ခြင်း​၊ အားကြီး​သော​လက်​တော်​နှင့် ဆန့်တန်း​သော​လက်ရုံး​တော်​တို့​ကို သင်​တို့​၏​သားမြေး​တို့ မ​သိ​မ​မြင်​ခဲ့​ကြ​။ 3အီဂျစ်​ပြည်​၌ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့်တကွ သူ​၏​ပြည်သူပြည်သား​တစ်ရပ်လုံး​ကို နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​သော​အမှု​များ​ပြ​တော်မူ​ခဲ့​ပုံ​နှင့် 4အီဂျစ်​စစ်သည်​များ​၊ မြင်း​များ​၊ စစ်ရထား​များ​အား သင်​တို့​နောက်မှ လိုက်လာ​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ပင်လယ်နီ​ရေ​ဖြင့်​လွှမ်းမိုး​စေ​၍ ဖျက်ဆီး​တော်မူ​ခဲ့​ပုံ​၊ 5ဤ​အရပ်​သို့​သင်​တို့​ရောက်​သည့်​တိုင်အောင် တောကန္တာရ​၌ သင်​တို့​အတွက် မည်သို့​ပြု​တော်မူ​ခဲ့​ပုံ​၊ 6မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​အလယ်​၌ ရုဗင်​သားမြေး​၊ ဧလျာဘ​၏​သား​များ​ဖြစ်​သော ဒါသန်​နှင့်​အဘိရံ​တို့​နှင့်တကွ သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ တဲ​များ​၊ သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​ခဲ့​ပုံ စသည်​တို့​ကို ယနေ့ သင်​တို့​အောက်မေ့​ကြ​လော့​။ 7အကြောင်းမူကား ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့် ကြီးမား​သော​အမှု​ရှိသမျှ​တို့​ကို သင်​တို့​ကိုယ်တိုင် တွေ့မြင်​ခဲ့​ကြ​၏​။
8ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သော​ပညတ်တော်​ကို စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ သင်​တို့​ကူးသွား​၍​သိမ်းပိုက်​ရ​မည့်​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​နိုင်​မည်​။ 9ထာဝရဘုရား​က ထို​ပြည်​ကို သင်​တို့​၏​ဘိုးဘေး​တို့​နှင့် သူ​တို့​၏​သားစဉ်မြေးဆက်​တို့​အား ပေး​မည်​ဟု​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ နို့​နှင့်​ပျားရည်​စီး​သော​ထို​ပြည်​၌ သင်​တို့ အသက်​ရှည်ရှည်​နေထိုင်​ကြ​ရ​မည်​။ 10သင်​တို့​ဝင်ရောက်​သိမ်းပိုက်​ရ​မည့်​ပြည်​သည် အီဂျစ်​ပြည်​နှင့်​မ​တူ​။ သင်​တို့​ထွက်​ခဲ့​သော​အီဂျစ်​ပြည်​၌ ဟင်းသီးဟင်းရွက်​စိုက်ခင်း​ထဲသို့ ခြေ​ဖြင့်​ရေသွင်း​ရ​သကဲ့သို့ မျိုးစေ့​ကြဲ​ရာ​တွင် ရေသွင်း​၍​မျိုးကြဲ​ရ​၏​။ 11သို့သော် သင်​တို့​ကူးသွား​၍ သိမ်းပိုက်​ရ​မည့်​ပြည်​သည် တောင်​များ​၊ ချိုင့်ဝှမ်း​များ​နှင့်​ပြည့်စုံ​၍ ကောင်းကင်​မှ​မိုးရေ​ကို သောက်​ရ​သော​ပြည်​ဖြစ်​၏​။ 12သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို စောင့်ရှောက်​တော်မူ​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို နှစ်​အစ​မှ နှစ်​အဆုံး​တိုင်အောင် အစဉ်မပြတ်​ကြည့်ရှု​တော်မူ​၏​။
13သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​လော့​။ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သည့် ပညတ်တော်​တို့​ကို သေချာ​စွာ​နားထောင်​လော့​။ 14သို့ပြုလျှင် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့် ဆီ​တို့​ကို သင်​တို့​စုသိမ်း​နိုင်​မည့်​အကြောင်း ကိုယ်တော်#11:14 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ”။​သည် သင်​တို့​ပြည်​အတွက် မိုးဦး​၊ မိုးနှောင်း​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​မည်​။ 15သင်​တို့​၏​တိရစ္ဆာန်​များ​အတွက် လယ်ယာ​၌ မြက်ပင်​ကို ပေါက်​စေ​တော်မူ​မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ​စား​ရ​ကြ​မည်​။ 16သင်​တို့​သည် သွေးဆောင်​ခြင်း​ခံရ​သဖြင့် လမ်းလွဲ​၍ အခြား​ဘုရား​များ​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​မိ​စေရန် သတိပြု​လော့​။ 17သို့မဟုတ်လျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်ထွက်​၍ မိုးကောင်းကင်​ကို​ပိတ်​တော်မူ​သဖြင့် မိုး​မ​ရွာ​၊ မြေ​သည် အသီးအနှံ​ကို​မ​ပေး​သောကြောင့် သင်​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​၌ အလျင်အမြန် ပျက်စီး​ကြ​လိမ့်မည်​။
18သို့ဖြစ်၍ ငါ​ဆင့်ဆို​သော ဤ​နှုတ်ကပတ်တော်​တို့​ကို သင်​တို့​၏​စိတ်နှလုံး​ထဲ၌​လည်းကောင်း​၊ သင်​တို့​၏​စိတ်ဝိညာဉ်​ထဲ၌​လည်းကောင်း သွင်း​ထား​ရ​မည်​။ သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​အဖြစ် ချည်​ထား​ရ​မည်​။ သင်​တို့​၏​မျက်မှောင်​၌#11:18 တိုက်ရိုက်ပြန်ဆိုလျှင် “သင်တို့၏မျက်စိကြား၌”။ အမှတ်သင်္ကေတ​အဖြစ် ရှိ​စေ​ရ​မည်​။ 19သင်​တို့​၏​သားသမီး​တို့​အား သင်ကြား​ပေး​ရ​မည်​။ သင်​သည် အိမ်​၌​နေ​သည်​ဖြစ်စေ​၊ လမ်း​လျှောက်​နေ​သည်​ဖြစ်စေ​၊ အိပ်​နေ​သည်​ဖြစ်စေ​၊ ထ​လျက်​နေ​သည်​ဖြစ်စေ ပြောကြား​ရ​မည်​။ 20သင်​၏​အိမ်​တံခါးတိုင်​များ​၊ သင်​၏​မြို့​တံခါး​များ​၌ ရေးသား​ထား​ရ​မည်​။ 21သို့ပြုလျှင် ထာဝရဘုရား​က ထို​ပြည်​ကို သင်​တို့​၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင်​တို့​၏​နေ့ရက်​၊ သင်​တို့​သားမြေး​တို့​၏​နေ့ရက်​သည် မြေကြီး​အထက် ကောင်းကင်​နေ့ရက်​ကဲ့သို့ များပြား​လိမ့်မည်​။ 22သင်​တို့​အား​ငါ​ဆင့်ဆို​သော ဤ​ပညတ်တော်​ရှိသမျှ​တို့​ကို ကြိုးစား​၍​လိုက်နာ​စောင့်ထိန်း​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချစ်​၍ လမ်း​တော်​ရှိသမျှ​တို့​ကို လိုက်လျှောက်​ရ​မည်​။ ကိုယ်တော်​ကို ဆည်းကပ်​ရ​မည်​။ 23သို့ပြုလျှင် ထာဝရဘုရား​သည် ဤ​လူမျိုး​ရှိသမျှ​တို့​ကို သင်​တို့​၏​ရှေ့​မှ နှင်ထုတ်​တော်မူ​လိမ့်မည်​။ သင်​တို့​သည် သင်​တို့​ထက် များပြား​၍ အားကြီး​သော​လူမျိုး​တို့​ကို နှင်ထုတ်​ကြ​လိမ့်မည်​။ 24သင်​တို့​ခြေချ​ရာ​မြေ​ဟူသမျှ​ကို သင်​တို့​ပိုင်ဆိုင်​ရ​လိမ့်မည်​။ သင်​တို့​၏​နယ်မြေ​သည် တောကန္တာရ​မှ လက်ဘနွန်​တောင်​တိုင်အောင်​၊ ယူဖရေးတီး​မြစ်#11:24 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​မှ အနောက်ဘက်​ပင်လယ်​တိုင်အောင် ဖြစ်​လိမ့်မည်​။ 25သင်​တို့​ရှေ့​၌ မည်သူ​မျှ​ခံရပ်​နိုင်​မည်​မ​ဟုတ်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း သင်​တို့​အား ထိတ်လန့်​ကြောက်ရွံ့​သော​သဘော​ကို သင်​တို့​နင်း​သမျှ​သော​မြေ​၌ ကျရောက်​စေ​တော်မူ​မည်​။
ကောင်းချီးမင်္ဂလာ၊ ကျိန်ခြင်းအမင်္ဂလာ
26ယနေ့ သင်​တို့​ရှေ့​၌ ကောင်းချီးမင်္ဂလာ​နှင့် ကျိန်​ခြင်း​ကို ငါ​ချထား​၏​။ 27ယနေ့ ငါ​ဆင့်ဆို​သော​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​တို့​ကို နားထောင်​လျှင် ကောင်းချီးမင်္ဂလာ​ဖြစ်​မည်​။ 28သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​တို့​ကို နား​မ​ထောင်​၊ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သော လမ်း​မှ​လွှဲ​၍ သင်​တို့​မ​သိ​သော​အခြား​ဘုရား​များ​နောက်သို့​လိုက်သွား​လျှင် ကျိန်​ခြင်း​ဖြစ်​မည်​။ 29သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ဝင်ရောက်​သိမ်းပိုက်​ရ​မည့်​ပြည်​သို့ သင့်​ကို ပို့ဆောင်​သောအခါ သင်​သည် ကောင်းချီးမင်္ဂလာ​ကို ဂေရဇိမ်​တောင်​ပေါ်၌​လည်းကောင်း​၊ ကျိန်​ခြင်း​ကို ဧဗလ​တောင်​ပေါ်၌​လည်းကောင်း ထား​ရ​မည်​။ 30ထို​တောင်​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေဝင်ရာ​အနောက်​လမ်း​၊ အရာဗ​လွင်ပြင်​၌​နေထိုင်​သော ခါနာန်​လူမျိုး​တို့​၏​နယ်မြေ​၊ ဂိလဂါလ​ပြည်​နှင့်​မျက်နှာချင်းဆိုင်​၊ မောရေ​တောင်ကုန်း​ရှိ​ဝက်သစ်ချပင်​များ​အနီး​၌ ရှိ​သည်​မ​ဟုတ်​လော​။ 31သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​တော့​မည်​။ ထို​ပြည်​ကို​သင်​တို့​ပိုင်ဆိုင်​၍ ထို​ပြည်​၌​နေထိုင်​ကြ​သောအခါ 32ယနေ့ သင်​တို့​အဖို့ ငါ​ချမှတ်​ထား​သော​ပြဋ္ဌာန်းချက်​နှင့် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​ကို သင်​တို့​လိုက်နာ​စောင့်ထိန်း​ရ​မည်​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။