YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 2

2
1ငါ​သည် သင်​တို့​နှင့် လောဒိကိ​မြို့​တွင်​ရှိ​သော​သူ​တို့​မှစ၍ ငါ့​ကို လူ​ချင်း​မ​မြင်​ဖူး​သော​သူ​တို့​အတွက် မည်မျှလောက်​ရုန်းကန်​ကြိုးစား​နေ​သည်​ကို သင်​တို့​အား သိ​စေ​လို​ပါ​၏။ 2ဤသည်ကား သူ​တို့​သည် စိတ်နှလုံး​နှစ်သိမ့်​မှု​ကို​ခံစား​ရ​၍ ချစ်​ခြင်း​မေတ္တာ​၌ ပေါင်းစည်း​ခြင်း​ခံရ​ကာ ဉာဏ်စွမ်း​နှင့်ဆိုင်သော​စိတ်ချမှု​နှင့်​ကြွယ်ဝ​ပြည့်စုံ​သဖြင့် ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​တည်းဟူသော ခရစ်တော်​ကို​သိ​ကြ​မည့်​အကြောင်း​တည်း။ 3ထို​ခရစ်တော်​ထဲ၌ ဉာဏ်ပညာ​နှင့်​အသိပညာ​တို့​၏​ရတနာ​ရှိသမျှ​တို့​သည် ဖုံးကွယ်​လျက်​ရှိ​ကြ​၏။ 4မည်သူမျှ သင်​တို့​ကို ဖြားယောင်း​သော​စကား​ဖြင့် မ​လှည့်စား​စေရန် ဤသို့ ငါ​ပြောဆို​၏။ 5အကြောင်းမူကား ငါ​သည် ကိုယ်ခန္ဓာ​အားဖြင့် သင်​တို့​နှင့်​ကွဲကွာ​နေ​သော်လည်း စိတ်​ဝိညာဉ်​အားဖြင့်​မူကား သင်​တို့​နှင့်အတူ​ရှိ​၍ သင်​တို့​၏​အစီအစဉ်​တကျ​ရှိ​ခြင်း​နှင့် ခရစ်တော်​အပေါ် သင်​တို့​၏​ယုံကြည်​ခြင်း​ခိုင်မာ​မှု​တို့​ကို​တွေ့​သဖြင့် ဝမ်းမြောက်​၏။
ခရစ်တော်၌အသက်ရှင်လျှောက်လှမ်းခြင်း
6ထို့ကြောင့် သင်​တို့​သည် သခင်​ခရစ်တော်​ယေရှု​ကို လက်ခံ​ကြ​သည်​နှင့်အညီ ထို​သခင်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ 7ကိုယ်တော်​၌​အမြစ်တွယ်​၍ တည်ဆောက်​ခြင်း​ခံရ​ကာ သင်​တို့​သင်ယူ​ခဲ့​သည့်​အတိုင်း ယုံကြည်​ခြင်း​၌​တည်မြဲ​လျက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​လော့။
8ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။
9အဘယ်ကြောင့်​ဆိုသော် ဘုရား​ဇာတိ​အဖြစ်​တော်​၏​ပြည့်စုံ​ခြင်း​အပေါင်း​သည် ခရစ်တော်​၌​ခန္ဓာ​အသွင်​အားဖြင့် ကိန်းဝပ်​တော်မူ​၏။ 10သင်​တို့​သည် အုပ်ချုပ်မှု​နှင့်​အာဏာစက်​ရှိသမျှ​တို့​၏​ဦးခေါင်း​ဖြစ်​တော်မူ​သော ထို​သခင်​အားဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​ပြီး 11ခရစ်တော်​နှင့်ဆိုင်သော​အရေဖျား​လှီး​ခြင်း​အားဖြင့် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​ကို​ချွတ်ပယ်​၍ လူ့​လက်​ဖြင့်​မ​ဟုတ်​သော​အရေဖျား​လှီး​ခြင်း​ကို ထို​သခင်​၌​ခံယူ​ကြ​၏။ 12သင်​တို့​သည် ဗတ္တိဇံ​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားသခင်​၏​တန်ခိုး​တော်​ကို ယုံကြည်​သော​အားဖြင့် ထို​သခင်​နှင့်အတူ ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ 13ကျူးလွန်​သော​အပြစ်​များ​နှင့် ကိုယ်ကာယ​၏​အရေဖျား​မ​လှီး​ခြင်း​အဖြစ်​၌ သေ​နေ​သော​သင်​တို့​ကို ဘုရားသခင်​သည် ခရစ်တော်​နှင့်အတူ​အသက်ရှင်​စေ​တော်မူ​၍ ငါ​တို့​ကျူးလွန်​သော​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​တော်မူ​ပြီး 14ငါ​တို့​ကို​ဆန့်ကျင်​၍​အပြစ်ရှာ​တတ်​သော​စည်းမျဉ်း​များ​ပါ​သည့် ကတိခံဝန်ချက်​ကို ပယ်ဖျက်​ကာ ၎င်း​ကို လက်ဝါးကပ်တိုင်​ပေါ်၌​ရိုက်​ထား​လျက် ဖယ်ရှား​တော်မူ​၏။ 15အုပ်ချုပ်မှု​များ​နှင့်​အာဏာစက်​များ​ကို​လည်း အစွမ်းမဲ့​စေ​၍ လက်ဝါးကပ်တိုင်​အားဖြင့် ၎င်း​တို့​ကို အောင်ပွဲ​ခံ​ပြီး အများတကာ​ရှေ့တွင် ထင်ရှား​စွာ​အရှက်ကွဲ​စေ​တော်မူ​၏။
16ထို့ကြောင့် အစား​အသောက်​နှင့်​ပတ်သက်၍​ဖြစ်စေ၊ ပွဲ​နေ့၊ လဆန်း​နေ့​၊ သို့မဟုတ် ဥပုသ်နေ့​တို့​နှင့်​ပတ်သက်၍​ဖြစ်စေ မည်သူမျှ သင်​တို့​ကို​မ​စီရင်​စေ​နှင့်။ 17၎င်း​တို့​သည် ဖြစ်လာ​မည့်​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ကြ​ပြီး အကောင်အထည်​အစစ်​မူကား ခရစ်တော်​၌​ရှိ​၏။ 18မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း၊ ကောင်းကင်​တမန်​များ​ကို​ကိုးကွယ်​ခြင်း​တို့​၌ မွေ့လျော်​နေ​သော​သူ​တစ်စုံတစ်ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အဖြစ်မျိုး​ကို အဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်မက်​သော​အရာ​တို့​ကို နှိုက်နှိုက်ချွတ်ချွတ်​စူးစမ်း​၍ မိမိ​၏​သွေးသား​ဇာတိ​နှင့်ဆိုင်သော စိတ်နှလုံး​အားဖြင့် အချည်းနှီး​ထောင်လွှား​ကာ 19ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။
20သင်​တို့​သည် ခရစ်တော်​နှင့်အတူ​သေဆုံး​၍ လောက​၏​အခြေခံ​တရား​မှ ခွဲခွာ​ခဲ့​သည်​ဆိုလျှင် အဘယ်ကြောင့် လောက​၌​အသက်ရှင်​နေ​သကဲ့သို့ 21မ​ထိ​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူသော စည်းမျဉ်း​များ​ကို​လိုက်နာ​ကြ​သနည်း။ 22ထို​အရာ​အားလုံး​တို့​သည် လူ​တို့​၏​ပညတ်ချက်​နှင့်​သွန်သင်​ချက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ အသုံးပြု​ရင်း ပျက်စီး​သွား​မည့်​အရာ​များ​ဖြစ်​ကြ​၏။ 23ထို​အရာ​တို့​သည် ထင်ရာမြင်ရာ​ကိုးကွယ်​ခြင်း၊ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း​နှင့် ကိုယ်ခန္ဓာ​ကို​နှိပ်စက်​ခြင်း​တို့​ပါ​၍ ဉာဏ်ပညာ​ရှိ​ဟန်​ပေါ်​သော်လည်း သွေးသား​ဇာတိ​၏​တပ်မက်​မှု​ကို ချုပ်တည်း​ရာ​၌ မည်သည့်​အကျိုး​မျှ​မ​ပြု​ချေ။

လက်ရှိရွေးချယ်ထားမှု

ကောလောသဲဩဝါဒစာ 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။