YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 1

1
နှုတ်ခွန်းဆက်ခြင်း
1ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် 2ကောလောသဲ​မြို့​တွင်​နေ​ကြ​သည့် သန့်ရှင်း​သူ​များ​တည်းဟူသော ခရစ်တော်​၌​ရှိ​သော​သစ္စာရှိ​သည့်​ညီအစ်ကို​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။
ကျေးဇူးတော်ချီးမွမ်းခြင်း
3ငါ​တို့​သည် သင်​တို့​အတွက် အစဉ်အမြဲ​ဆုတောင်း​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​တည်းဟူသော ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​၏။ 4အကြောင်းမှာ ခရစ်တော်​ယေရှု​အပေါ်​၌​ရှိ​သော​သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ် သင်​တို့​ထားရှိ​သည့် ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။ 5ထို​ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​သည် သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​သိုမှီး​ထား​သော မျှော်လင့်​ခြင်း​ကြောင့်​ဖြစ်ပေါ်​လာ​၍ ထို​မျှော်လင့်​ခြင်း​အကြောင်း​ကို သင်​တို့​ထံသို့​ရောက်လာ​သည့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော သမ္မာတရား​၏​နှုတ်ကပတ်တော်​၌ သင်​တို့​ကြား​ခဲ့​ရ​ကြ​ပြီ။ 6ထို​သတင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​၌ အသီး​သီး​ကာ တိုးပွား​လျက်​ရှိ​သကဲ့သို့ ၎င်း​ကို​သင်​တို့​ကြားနာ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မှန်ကန်​စွာ​သိရှိ​ရ​သော​နေ့​မှစ၍ သင်​တို့​ထဲ၌​လည်း အသီးသီး​ကာ တိုးပွား​လျက်​ရှိ​၏။ 7သင်​တို့​သည် ထို​သတင်း​ကို ငါ​တို့​၏​အစေအပါး​ချင်း​ဖြစ်​သည့် ချစ်​ရ​သော​ဧပဖြ​ထံမှ ကြားသိ​ခဲ့​၏။ သူ​သည် သင်​တို့​အတွက် ခရစ်တော်​၏ သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​၍ 8ဝိညာဉ်​တော်​အားဖြင့်​ဖြစ်လာ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ငါ​တို့​အား​ပြောပြ​၏။
ဝိညာဉ်ရေးကြီးထွားမှုအတွက်ဆုတောင်းခြင်း
9ထို့ကြောင့် ငါ​တို့​သည်​လည်း ကြား​ရ​သည့်​နေ့​မှစ၍ သင်​တို့​အတွက် အစဉ်မပြတ်​ဆုတောင်း​လျက် သင်​တို့​သည် ဝိညာဉ်ရေး​ဆိုင်ရာ​ဉာဏ်ပညာ​နှင့် တတ်သိ​နားလည်​မှု​အလုံးစုံ​တို့​ဖြင့် ဘုရားသခင်​၏​အလို​တော်​ကို​သိ​သော​ဉာဏ်​နှင့်​ပြည့်ဝ​၍ 10ကောင်း​သော​အမှု​အမျိုးမျိုး​တည်းဟူသော အသီး​ကို​သီး​ကာ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​၌​ကြီးထွား​သဖြင့် အရာရာ​၌ သခင်​ဘုရား​ကို​နှစ်သက်​စေ​၍ ကိုယ်တော်​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​နိုင်​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။ 11ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့် 12သင်​တို့​ကို အလင်း​ထဲ၌​ရှိ​သော သန့်ရှင်း​သူ​များ​၏​ဝေစု​၌​ပါဝင်​ရန် ထိုက်တန်​သူ​ဖြစ်စေ​တော်မူ​သော​ခမည်းတော်​ကို ဝမ်းမြောက်​သော​စိတ်​နှင့် ကျေးဇူးတင်​ကြ​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။ 13ခမည်းတော်​သည် ငါ​တို့​ကို မှောင်မိုက်​ခြင်း​၏​အာဏာစက်​မှ ကယ်နုတ်​၍ မိမိ​ချစ်​တော်မူ​သော သား​တော်​၏​နိုင်ငံ​တော်​ထဲသို့ ရွှေ့ပြောင်း​ပို့ဆောင်​တော်မူ​၏။ 14ငါ​တို့​သည် ထို​သား​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ရရှိ​ကြ​၏။
အချက်အချာဖြစ်တော်မူသောခရစ်တော်
15သား​တော်​သည် မ​မြင်ရ​သော​ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​ပြီး ဖန်ဆင်း​တော်မူ​သော​အရာ​အားလုံး​တို့​တွင် သားဦး​ဖြစ်​တော်မူ​၏။ 16အကြောင်းမူကား ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မြင်​ရ​သည့်​အရာ​နှင့်​မ​မြင်ရ​သည့်​အရာ​များ၊ ရာဇပလ္လင်​များ​ဖြစ်စေ၊ စိုးပိုင်ခွင့်​များ​ဖြစ်စေ၊ အုပ်ချုပ်မှု​များ​ဖြစ်စေ၊ အာဏာစက်​များ​ဖြစ်စေ သား​တော်​အားဖြင့် ဖန်ဆင်း​ခြင်း​ခံရ​၏။ ခပ်သိမ်း​သော​အရာ​တို့​သည် သား​တော်​အားဖြင့်​လည်းကောင်း၊ သား​တော်​အတွက်​လည်းကောင်း ဖန်ဆင်း​ခြင်း​ခံရ​၏။ 17သား​တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ထက် အလျင်​ဦးစွာ​ရှိ​နှင့်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၌​စုပေါင်း​တည်ရှိ​ကြ​၏။ 18ကိုယ်တော်​သည် အသင်းတော်​တည်းဟူသော ကိုယ်ခန္ဓာ​တော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​၌ အထွတ်အထိပ်​ဖြစ်​မည့်​အကြောင်း အစအဦး​ဖြစ်​တော်မူ​ပြီး သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ​ဖြစ်​တော်မူ​၏။ 19အကြောင်းမူကား ဘုရားသခင်​သည် ခပ်သိမ်း​သော​ပြည့်စုံ​ခြင်း​ကို သား​တော်​၌ ကိန်းဝပ်​စေရန်​လည်းကောင်း၊ 20လက်ဝါးကပ်တိုင်​ပေါ်၌​သွန်း​သော သား​တော်​၏​သွေး​တော်​အားဖြင့် ရန်ငြိမ်း​စေ​၍ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​ကို သား​တော်​အားဖြင့် မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​လည်းကောင်း အလိုရှိ​တော်မူ​၏။
21ယခင်​က သင်​တို့​သည် ဆိုးညစ်​သော​အမှု​များ​ကို​ပြု​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ကင်းကွာ​လျက် စိတ်နှလုံး​၌​ရန်သူ​ဖြစ်​ကြ​၏။ 22ယခု​မူကား သွေးသား​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​၌ သား​တော်​ကို​အသေခံ​စေ​ခြင်း​အားဖြင့် ဘုရားသခင်​သည် သင်​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​၏။ ဤသည်ကား သန့်ရှင်း​လျက်​အပြစ်​အနာအဆာ​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​သော​သင်​တို့​ကို မိမိ​၏​ရှေ့​တော်​သို့ ဆက်သ​နိုင်​ရန်​ဖြစ်​၏။ 23သို့သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်းမြတ်​သော​သတင်း​၏​မျှော်လင့်​ခြင်း​မှ သွေဖည်​မ​သွား​ဘဲ ခိုင်မြဲ​စွာ​အုတ်မြစ်​ချ​ထား​သည့် ယုံကြည်​ခြင်း​၌ ဆက်၍​တည်​နေ​ရ​မည်။ ထို​ကောင်းမြတ်​သော​သတင်း​ကို ကောင်းကင်​အောက်​ရှိ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ဟောပြော​နေ​သည်​ဖြစ်၍ ငါ​ပေါလု​သည် ၎င်း​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။
ပေါလု၏အမှုတော်လုပ်ငန်း
24ငါ​သည် သင်​တို့​အတွက်​ခံရ​သော​ဒုက္ခ​ဝေဒနာ​၌ ယခု​ဝမ်းမြောက်​၍ ခရစ်တော်​၏​ဆင်းရဲ​ဒုက္ခ​တွင် လိုအပ်​သေး​သည့်​အပိုင်း​ကို ကိုယ်တော်​၏​ကိုယ်ခန္ဓာ​တည်းဟူသော​အသင်းတော်​အတွက် ငါ​၏​ကိုယ်ကာယ​၌ ဖြည့်ဆည်း​လျက်​ရှိ​၏။ 25ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို အပြည့်အဝ​ဟောပြော​စေရန် သင်​တို့​အတွက် ငါ့​အား​ပေး​တော်မူ​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​နှင့်အညီ ငါ​သည် ထို​အသင်းတော်​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။ 26ထို​နှုတ်ကပတ်​တော်​သည် ရှေး​ကာလ​များ​မှစ၍ ခေတ်ကာလ​အစဉ်အဆက်​ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ မိမိ​၏​သန့်ရှင်း​သူ​တို့​အား ဖွင့်ပြ​တော်မူ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ဖြစ်​၏။ 27ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လူမျိုးခြား​တို့​တွင် ဘုန်း​အသရေ​နှင့်​မည်မျှ​ကြွယ်ဝ​သည်​ကို သန့်ရှင်း​သူ​တို့​အား​သိ​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ၌​ရှိ​တော်မူ​သော​ခရစ်တော်​ဖြစ်​၏။
28ငါ​တို့​သည် လူ​တိုင်း​ကို ခရစ်တော်​၌​စုံလင်​ရင့်ကျက်​သော​သူ​အဖြစ် ဆက်သ​နိုင်​ရန် လူ​တိုင်း​ကို သတိပေး​ဆုံးမ​ကာ ဉာဏ်ပညာ​ရှိသမျှ​တို့​ဖြင့် လူ​တိုင်း​ကို သွန်သင်​လျက် ထို​သခင်​အကြောင်း​ကို ဟောပြော​ကြ​၏။ 29ငါ​သည်​လည်း တန်ခိုး​တော်​အားဖြင့် ငါ့​အထဲ၌​လုပ်ဆောင်​နေ​သည့် ကိုယ်တော်​၏​လုပ်ဆောင်​မှု​အတိုင်း ထို​အမှု​အတွက် ကြိုးစား​အားထုတ်​နေ​၏။

လက်ရှိရွေးချယ်ထားမှု

ကောလောသဲဩဝါဒစာ 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ