YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 2:8-23

ကောလောသဲဩဝါဒစာ 2:8-23 MSBU

ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရား​ဇာတိ​အဖြစ်​တော်​၏​ပြည့်စုံ​ခြင်း​အပေါင်း​သည် ခရစ်တော်​၌​ခန္ဓာ​အသွင်​အားဖြင့် ကိန်းဝပ်​တော်မူ​၏။ သင်​တို့​သည် အုပ်ချုပ်မှု​နှင့်​အာဏာစက်​ရှိသမျှ​တို့​၏​ဦးခေါင်း​ဖြစ်​တော်မူ​သော ထို​သခင်​အားဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​ပြီး ခရစ်တော်​နှင့်ဆိုင်သော​အရေဖျား​လှီး​ခြင်း​အားဖြင့် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​ကို​ချွတ်ပယ်​၍ လူ့​လက်​ဖြင့်​မ​ဟုတ်​သော​အရေဖျား​လှီး​ခြင်း​ကို ထို​သခင်​၌​ခံယူ​ကြ​၏။ သင်​တို့​သည် ဗတ္တိဇံ​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားသခင်​၏​တန်ခိုး​တော်​ကို ယုံကြည်​သော​အားဖြင့် ထို​သခင်​နှင့်အတူ ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ကျူးလွန်​သော​အပြစ်​များ​နှင့် ကိုယ်ကာယ​၏​အရေဖျား​မ​လှီး​ခြင်း​အဖြစ်​၌ သေ​နေ​သော​သင်​တို့​ကို ဘုရားသခင်​သည် ခရစ်တော်​နှင့်အတူ​အသက်ရှင်​စေ​တော်မူ​၍ ငါ​တို့​ကျူးလွန်​သော​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​တော်မူ​ပြီး ငါ​တို့​ကို​ဆန့်ကျင်​၍​အပြစ်ရှာ​တတ်​သော​စည်းမျဉ်း​များ​ပါ​သည့် ကတိခံဝန်ချက်​ကို ပယ်ဖျက်​ကာ ၎င်း​ကို လက်ဝါးကပ်တိုင်​ပေါ်၌​ရိုက်​ထား​လျက် ဖယ်ရှား​တော်မူ​၏။ အုပ်ချုပ်မှု​များ​နှင့်​အာဏာစက်​များ​ကို​လည်း အစွမ်းမဲ့​စေ​၍ လက်ဝါးကပ်တိုင်​အားဖြင့် ၎င်း​တို့​ကို အောင်ပွဲ​ခံ​ပြီး အများတကာ​ရှေ့တွင် ထင်ရှား​စွာ​အရှက်ကွဲ​စေ​တော်မူ​၏။ ထို့ကြောင့် အစား​အသောက်​နှင့်​ပတ်သက်၍​ဖြစ်စေ၊ ပွဲ​နေ့၊ လဆန်း​နေ့​၊ သို့မဟုတ် ဥပုသ်နေ့​တို့​နှင့်​ပတ်သက်၍​ဖြစ်စေ မည်သူမျှ သင်​တို့​ကို​မ​စီရင်​စေ​နှင့်။ ၎င်း​တို့​သည် ဖြစ်လာ​မည့်​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ကြ​ပြီး အကောင်အထည်​အစစ်​မူကား ခရစ်တော်​၌​ရှိ​၏။ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း၊ ကောင်းကင်​တမန်​များ​ကို​ကိုးကွယ်​ခြင်း​တို့​၌ မွေ့လျော်​နေ​သော​သူ​တစ်စုံတစ်ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အဖြစ်မျိုး​ကို အဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်မက်​သော​အရာ​တို့​ကို နှိုက်နှိုက်ချွတ်ချွတ်​စူးစမ်း​၍ မိမိ​၏​သွေးသား​ဇာတိ​နှင့်ဆိုင်သော စိတ်နှလုံး​အားဖြင့် အချည်းနှီး​ထောင်လွှား​ကာ ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​သေဆုံး​၍ လောက​၏​အခြေခံ​တရား​မှ ခွဲခွာ​ခဲ့​သည်​ဆိုလျှင် အဘယ်ကြောင့် လောက​၌​အသက်ရှင်​နေ​သကဲ့သို့ မ​ထိ​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူသော စည်းမျဉ်း​များ​ကို​လိုက်နာ​ကြ​သနည်း။ ထို​အရာ​အားလုံး​တို့​သည် လူ​တို့​၏​ပညတ်ချက်​နှင့်​သွန်သင်​ချက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ အသုံးပြု​ရင်း ပျက်စီး​သွား​မည့်​အရာ​များ​ဖြစ်​ကြ​၏။ ထို​အရာ​တို့​သည် ထင်ရာမြင်ရာ​ကိုးကွယ်​ခြင်း၊ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း​နှင့် ကိုယ်ခန္ဓာ​ကို​နှိပ်စက်​ခြင်း​တို့​ပါ​၍ ဉာဏ်ပညာ​ရှိ​ဟန်​ပေါ်​သော်လည်း သွေးသား​ဇာတိ​၏​တပ်မက်​မှု​ကို ချုပ်တည်း​ရာ​၌ မည်သည့်​အကျိုး​မျှ​မ​ပြု​ချေ။