YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 7

7
သတေဖန်၏ဟောကြားချက်
1ထိုအခါ ယဇ်ပုရောဟိတ်​မင်း​က ဤ​ထွက်ဆိုချက်​အတိုင်း​ဟုတ်​၊ မ​ဟုတ် မေး​လေ​သော် 2သတေဖန်​က “ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ နားထောင်​ကြ​ပါ။ ငါ​တို့​အဖ​အာဗြဟံ​သည် ခါရန်​မြို့​၌​မ​နေထိုင်​မီ မက်ဆိုပိုတေးမီးယား​ပြည်​၌​ရှိ​စဉ် ဘုန်း​ကြီး​တော်မူ​သော​ဘုရားသခင်​သည် သူ့​အား​ထင်ရှား​လျက် 3‘သင်​၏​ပြည်​နှင့် သင်​၏​ဆွေမျိုးသားချင်း​တို့​ထံမှ ထွက်ခွာ​၍ သင့်​ကို ငါ​ပြ​မည့်​ပြည်​သို့ သွား​လော့’#က 12:1။​ဟု မိန့်​တော်မူ​၏။
4ထိုအခါ သူ​သည် ခါလဒဲ​လူမျိုး​တို့​၏​ပြည်​မှ ထွက်ခွာ​၍ ခါရန်​မြို့​၌​နေထိုင်​လေ​၏။ သူ​၏​ဖခင်​သေဆုံး​ပြီးနောက် ဘုရားသခင်​သည် သူ့​ကို ထို​နေရာ​မှ ယခု ငါ​တို့​နေထိုင်​သော​ပြည်​သို့ ပြောင်းရွှေ့​စေ​တော်မူ​၏။ 5သို့သော် ဤ​ပြည်​၌ ခြေ​ချ​စရာ​နေရာ​ကို​မျှ အမွေ​အဖြစ်​ပေး​တော်​မ​မူ​ဘဲ သူ​ကိုယ်တိုင်​နှင့် သူ​၏​အမျိုးအနွယ်​တို့​အား ဤ​ပြည်​ကို​အပိုင်​ပေး​မည်​ဟု သူ​၌​ကလေး​တစ်ယောက်မျှ​မ​ရှိ​မီ သူ့​အား ကတိ​ပေး​တော်မူ​၏။ 6တစ်ဖန် ဘုရားသခင်​က သူ​၏​အမျိုးအနွယ်​သည် သူတစ်ပါး​၏​တိုင်းပြည်​တွင် ဧည့်သည်​အဖြစ်​နေထိုင်​မည်​ဖြစ်​ကြောင်း​နှင့် ထို​တိုင်းပြည်​မှ​လူ​တို့​သည် သူ​တို့​ကို​ကျွန်​ပြု​၍ အနှစ်​လေးရာ​ပတ်လုံး မတရား​နှိပ်စက်​မည်​ဖြစ်​ကြောင်း မိန့်​တော်မူ​၏။ 7ဘုရားသခင်​က ‘သူ​တို့​ကျွန်ခံ​ရ​သော​လူမျိုး​ကို ငါ​စီရင်​မည်။ ထို့နောက် သူ​တို့​သည် ထွက်ခွာ​လာ​၍ ဤ​နေရာ​၌ ငါ့​ကို​ဝတ်ပြု​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏။ 8ဘုရားသခင်​သည် အရေဖျား​လှီး​ခြင်း​နှင့်ဆိုင်သော​ပဋိညာဉ်​ကို​လည်း အာဗြဟံ​အား​ပေး​တော်မူ​သဖြင့် သူ​သည် သား​ဣဇက်​ကို​ရ​သောအခါ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​ခဲ့​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​လည်းကောင်း​၊ ယာကုပ်​သည် တစ်ဆယ့်နှစ်​ပါး​သော​မျိုးနွယ်စု​ဖခင်​တို့​ကို​လည်းကောင်း ရ​လေ​၏။
အီဂျစ်ပြည်သို့ရောက်သောမျိုးနွယ်စုဖခင်များ
9မျိုးနွယ်စု​ဖခင်​တို့​သည် ယောသပ်​ကို​မနာလို​သဖြင့် အီဂျစ်​ပြည်​သို့​ရောင်း​လိုက်​ကြ​၏။ သို့သော် ဘုရားသခင်​သည် သူ​နှင့်အတူ​ရှိ​တော်မူ​၍ 10သူ​၏​ဆင်းရဲ​ဒုက္ခ​အလုံးစုံ​တို့​ထဲမှ သူ့​ကို​ကယ်နုတ်​ပြီး သူ့​အား​ဉာဏ်ပညာ​ကို​ပေး​လျက် အီဂျစ်​ဘုရင် ဖာရော​မင်း​ရှေ့၌ မျက်နှာရ​စေ​တော်မူ​၏။ ထိုအခါ ဖာရော​မင်း​သည် အီဂျစ်​ပြည်​နှင့်​မိမိ​၏​နန်းတော်​တစ်ခုလုံး​ကို ဦးဆောင်​သူ​အဖြစ် သူ့​ကို​ခန့်ထား​လေ​၏။
11ထို့နောက် အီဂျစ်​ပြည်​နှင့်​ခါနာန်​ပြည်​တစ်ဝန်းလုံး​တွင် ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​တို့​ကျရောက်​လာ​သဖြင့် ငါ​တို့​၏​ဘိုးဘေး​များ​သည် စားစရာ​ကို​မ​ရရှိ​နိုင်​တော့​ချေ။ 12သို့သော် ယာကုပ်​သည် အီဂျစ်​ပြည်​၌ ဂျုံဆန်​ရှိ​ကြောင်း​ကြား​၍ ငါ​တို့​၏​ဘိုးဘေး​များ​ကို ပထမ​အကြိမ်​စေလွှတ်​ခဲ့​၏။ 13ဒုတိယ​အကြိမ်​တွင် ယောသပ်​သည် သူ​၏​အစ်ကို​တို့​အား မိမိ​အကြောင်း​ကို​ဖော်ပြ​သဖြင့် ယောသပ်​၏​မျိုးရိုး​ကို ဖာရော​ဘုရင်​သိရှိ​လာ​၏။ 14ထို့နောက် ယောသပ်​သည် လူ​လွှတ်​၍ မိမိ​၏​ဖခင်​ယာကုပ်​နှင့်တကွ ခုနစ်ဆယ့်​ငါး​ယောက်​ရှိ​သော ဆွေမျိုးသားချင်း​အားလုံး​ကို ခေါ်​လေ​၏။ 15ဤသို့ဖြင့် ယာကုပ်​သည် အီဂျစ်​ပြည်​သို့​ဆင်း​သွား​၍ သူ​နှင့် ငါ​တို့​၏​ဘိုးဘေး​များ​သည် ထို​ပြည်​၌​သေဆုံး​ခဲ့​ကြ​၏။ 16သူ​တို့​၏​အလောင်း​ကို​မူ ရှေခင်​မြို့​သို့ ပြန်လည်​သယ်ဆောင်​လာ​ပြီး ထို​မြို့​နေ ဟာမော်​၏​သား​များ​ထံမှ တန်ဖိုး​ငွေ​ပေး​၍ အာဗြဟံ​ဝယ်ယူ​ထား​သော​သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ကြ​၏။
ငြင်းပယ်ခြင်းခံရသောရွေးနုတ်ကယ်တင်သူ မောရှေ
17အာဗြဟံ​အား ဘုရားသခင်​ကတိ​ပေး​တော်မူ​သော ကတိ​တော်​၏​နေ့ရက်​နီးကပ်​လာ​သည်​နှင့်အညီ လူမျိုး​တော်​သည် အီဂျစ်​ပြည်​တွင် တိုးပွား​လျက်​များပြား​လာ​၍ 18အီဂျစ်​ပြည်​၌ ယောသပ်​ကို​မ​သိ​သော အခြား​ဘုရင်​တစ်​ပါး​ပေါ်ထွန်း​သည်​အထိ ထိုသို့​တိုးပွား​များပြား​လေ​၏။ 19ထို​ဘုရင်​သည် ငါ​တို့​လူမျိုး​အပေါ်​ဉာဏ်ဆင်​လျက် ငါ​တို့​၏​ဘိုးဘေး​များ​ကို မတရား​နှိပ်စက်​ကာ သူ​တို့​၏​ကလေးငယ်​များ​ကို အသက်​မ​ရှင်​စေ​ရန် ပစ်​ထား​စေ​၏။ 20ထိုသို့သော​အချိန်​၌ မောရှေ​သည် မွေးဖွား​လာ​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ အဆင်းလှ​သော​ကလေး​ဖြစ်​ပြီး ဖခင်​၏​အိမ်​၌ သုံး​လ​တိုင်တိုင်​ကျွေးမွေး​ပြုစု​ခြင်း​ခံရ​၏။ 21ထို့နောက် အပြင်​၌​ထုတ်​ထား​သောအခါ ဖာရော​ဘုရင်​၏​သမီး​တော်​သည် သူ့​ကို​ကောက်ယူ​၍ မိမိ​သား​အဖြစ်​မွေးစား​လေ​၏။ 22မောရှေ​သည် အီဂျစ်​လူမျိုး​တို့​၏​အတတ်​ပညာ​အလုံးစုံ​တို့​ကို သင်ကြား​တတ်မြောက်​သဖြင့် ပြောဆို​မှု​နှင့်​လုပ်ဆောင်​မှု​တို့​၌ အစွမ်းသတ္တိ​ရှိ​၏။
23သူ​သည် အသက်​လေးဆယ်​ပြည့်​သောအခါ မိမိ​ညီအစ်ကို​များ​ဖြစ်​ကြ​သော အစ္စရေး​အမျိုးသား​တို့​ကို အကြည့်အရှု​သွား​လို​သော​စိတ်​ဆန္ဒ​ဖြစ်ပေါ်​လာ​လေ​၏။ 24ထို့နောက် လူ​တစ်​ဦး​သည် မတရား​သဖြင့်​ပြုမူ​ခြင်း​ခံ​နေ​ရ​သည်​ကို​မြင်​၍ ထို​သူ​ကို​ကာကွယ်​လျက် အီဂျစ်​အမျိုးသား​ကို​ရိုက်​သတ်​ကာ ဖိနှိပ်​ခံရ​သူ​အတွက် လက်တုံ့ပြန်​လေ​၏။ 25မောရှေ​က သူ့​လက်​ဖြင့် သူ​၏​ညီအစ်ကို​တို့​အား လွတ်မြောက်​ခြင်း​ကို ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း သူ​တို့​နားလည်​ကြ​လိမ့်မည်​ဟု ထင်​ခဲ့​သော်လည်း သူ​တို့​သည်​နား​မ​လည်​ခဲ့​ကြ​ပေ။ 26နောက်တစ်နေ့​တွင် မောရှေ​သည် အစ္စရေး​လူမျိုး​အချင်းချင်း​ခိုက်ရန်​ဖြစ်​နေ​ကြ​သည်​ကို​မြင်​၍ ‘မိတ်ဆွေ​တို့၊ သင်​တို့​သည် ညီအစ်ကို​ချင်း​ဖြစ်​ကြ​ပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်း​မတရား​သဖြင့်​ပြု​ကြ​သနည်း’​ဟု သူ​တို့​အား​ဆို​လျက် သင့်မြတ်​ငြိမ်းချမ်း​ကြ​ရန် ဖျန်ဖြေ​ပေး​၏။ 27သို့သော် အိမ်နီးချင်း​ကို မတရား​သဖြင့်​ပြု​နေ​သော​သူ​သည် မောရှေ​ကို​တွန်းဖယ်​၍ ‘မည်သူ​သည် သင့်​ကို ငါ​တို့​၏​အကြီးအကဲ​နှင့်​တရားသူကြီး​အရာ​၌ ခန့်ထား​သနည်း။ 28သင်​သည် မနေ့​က အီဂျစ်​လူမျိုး​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​လို​သလော’​ဟု ဆို​လေ​၏။ 29မောရှေ​သည် ထို​စကား​ကို​ကြား​လျှင် ထွက်ပြေး​၍ မိဒျန်​ပြည်​တွင် ဧည့်သည်​အဖြစ်​နေထိုင်​ကာ ထို​ပြည်​၌ သား​နှစ်​ယောက်​ရ​ခဲ့​၏။
30အနှစ်​လေးဆယ်​ပြည့်​သောအခါ သိနာ​တောင်​၏​တော​ကန္တာရ​တွင် ကောင်းကင်တမန်​တစ်​ပါး​သည် မီး​တောက်လောင်​သော​ချုံပုတ်​ထဲ၌ မောရှေ​ထံ ထင်ရှား​လေ​၏။ 31ထို​ရူပါရုံ​ကို​မြင်ရ​သောအခါ မောရှေ​သည်​အံ့သြ​လျက် ၎င်း​ကို သေချာစွာ​ကြည့်ရှု​ရန် ချဉ်းကပ်​ရာ 32‘ငါ​သည် သင့်​ဘိုးဘေး​တို့​၏​ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်​တို့​၏​ဘုရား​ဖြစ်​၏’​ဟူ၍ ထာဝရ​ဘုရား​၏​အသံ​တော်​ထွက်ပေါ်​လာ​၏။ ထိုအခါ မောရှေ​သည် တုန်လှုပ်​လျက် မ​ကြည့်​ဝံ့​ဘဲ​နေ​၏။
33တစ်ဖန် ထာဝရ​ဘုရား​က ‘သင်​ရပ်​နေ​သော​နေရာ​သည် သန့်ရှင်း​သော​မြေ​ဖြစ်​၍ သင်​၏​ခြေ​မှ​ဖိနပ်​ကို​ချွတ်​လော့။#ထွ 3:5။ 34ငါ​သည် အီဂျစ်​ပြည်​၌​ရှိ​သော ငါ​၏​လူမျိုး​တော်​ခံ​နေ​ရ​သည့် ဆင်းရဲ​ဒုက္ခ​ကို​တွေ့​မြင်​လျက် သူ​တို့​၏​ညည်းတွား​သံ​ကို​ကြား​ရ​သည်​ဖြစ်၍ သူ​တို့​ကို​ကယ်နုတ်​ရန် ဆင်းလာ​ပြီ။ ထို့ကြောင့် ယခု​လာ​ခဲ့​လော့။ သင့်​ကို အီဂျစ်​ပြည်​သို့ ငါ​စေလွှတ်​မည်’​ဟု မိန့်​တော်မူ​၏။#ထွ 3:7၊ 9-10။
35ဤသို့ဖြင့် ‘မည်သူ​သည် သင့်​ကို အကြီးအကဲ​နှင့်​တရားသူကြီး​အရာ​၌ ခန့်ထား​သနည်း’#ထွ 2:14။​ဟု ဆို​လျက် လူတို့​ငြင်းပယ်​ခဲ့​သော ထို​မောရှေ​ကို ဘုရားသခင်​သည် ချုံပုတ်​ထဲ၌ ထင်ရှား​သော​ကောင်းကင်တမန်​အားဖြင့် အကြီးအကဲ​နှင့်​ရွေးနုတ်​ကယ်တင်​သူ​အဖြစ် စေလွှတ်​တော်မူ​၏။ 36သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​ထုတ်ဆောင်​လာ​၍ အီဂျစ်​ပြည်​၌​လည်းကောင်း၊ ပင်လယ်​နီ​၌​လည်းကောင်း၊ အနှစ်​လေးဆယ်​တိုင်တိုင် တော​ကန္တာရ​၌​လည်းကောင်း နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို​ပြု​ခဲ့​၏။
အစ္စရေးလူမျိုးတို့ဘုရားသခင်ကိုမနာခံခြင်း
37ထို​မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ‘ဘုရားသခင်​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်’#တ 3:22၊ တရား 18:15,18။​ဟု ပြောဆို​ခဲ့​သူ​ဖြစ်​၏။ 38သူ​သည် သိနာ​တောင်​၌ သူ့​အား​စကား​ပြော​ခဲ့​သော​ကောင်းကင်တမန်​မှစ၍ ငါ​တို့​၏​ဘိုးဘေး​များ​နှင့်အတူ တော​ကန္တာရ​တွင်​ရှိ​သော​လူ​အစုအဝေး​ထဲ၌​ရှိ​လျက် ငါ​တို့​အား​ပေးအပ်​ရန် အသက်ရှင်​သော​နှုတ်ကပတ်​တရား​ကို လက်ခံ​ရရှိ​ခဲ့​၏။ 39သို့သော် ငါ​တို့​၏​ဘိုးဘေး​များ​သည် သူ့​စကား​ကို​နားထောင်​လို​သော​ဆန္ဒ​မ​ရှိ​ဘဲ သူ့​ကို​ပစ်ပယ်​၍ သူ​တို့​၏​စိတ်နှလုံး​ထဲ၌ အီဂျစ်​ပြည်​ကို​တမ်းတ​ကာ 40အာရုန်​အား ‘ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော ထို​မောရှေ​သည် မည်သို့​ဖြစ်သွား​သည်​ကို ငါ​တို့​မ​သိ​ကြ​သည်​ဖြစ်၍ ငါ​တို့​ရှေ့မှ​ကြွသွား​မည့်​ဘုရား​များ​ကို ငါ​တို့​အတွက်​ပြုလုပ်​ပေး​ပါ’#ထွ 32:1,23။​ဟု တောင်းဆို​ကြ​၏။ 41ဤသို့ဖြင့် သူ​တို့​သည် ထို​နေ့ရက်​များ​၌ နွားသငယ်​ရုပ်​ကို​သွန်းလုပ်​၍ ထို​ရုပ်တု​ထံသို့ ယဇ်​ကို​ယူဆောင်​လာ​ကာ မိမိ​တို့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​၌ ပျော်မွေ့​နေ​ကြ​၏။ 42ထိုအခါ ဘုရားသခင်​သည် သူ​တို့​ထံမှ မျက်နှာ​လွှဲ​၍ သူ​တို့​အား ကောင်းကင်​ကြယ်တာရာ​များ​ကို​ဝတ်ပြု​စေရန် စွန့်ပစ်​ထား​တော်မူ​၏။ ဤသည်ကား ပရောဖက်​ကျမ်း​တွင် ‘အစ္စရေး​အမျိုး​တို့၊ သင်​တို့​သည် တော​ကန္တာရ​တွင် နှစ်​ပေါင်း​လေးဆယ်​တိုင်တိုင် ယဇ်​ပူဇော်​ရန်​တိရစ္ဆာန်​များ​နှင့်​ယဇ်​များ​ကို ငါ့​ထံသို့ ယူဆောင်​လာ​ခဲ့​ဖူး​သလော။ 43သင်​တို့​သည် မောလုတ်​၏​တဲ​နှင့် သင်​တို့​ဘုရား​ရင်ဖန်​၏​ကြယ်​တို့​ကို သယ်ဆောင်​ခဲ့​ကြ​၏။ ၎င်း​တို့​သည် သင်​တို့​ကိုးကွယ်​ရန်​ပြုလုပ်​ထား​သော ရုပ်တု​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် ငါ​သည် သင်​တို့​ကို ဘေဘီလုံ​မြို့​တစ်ဖက်လွန်​အောင် ပြောင်းရွှေ့​စေ​မည်’​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
ဘုရားသခင်၏စစ်မှန်သောတဲတော်
44ငါ​တို့​၏​ဘိုးဘေး​များ​အတွက် တော​ကန္တာရ​တွင် သက်သေခံ​တဲ​တော်​ရှိ​၏။ ၎င်း​သည် မောရှေ​အား သူ​မြင်​ရ​သည့်​ပုံစံ​နှင့်အညီ​ပြုလုပ်​ရန် မြွက်ဆို​တော်မူ​သော​အရှင်​က မှာကြား​သည့်​အတိုင်း ပြုလုပ်​ထား​သော​တဲ​တော်​ဖြစ်​၏။ 45ငါ​တို့​၏​ဘိုးဘေး​များ​သည် ထို​တဲ​တော်​ကို​ဆက်ခံ​၍ ငါ​တို့​ဘိုးဘေး​များ​ရှေ့​မှ ဘုရားသခင်​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​ပြည်​ကို သူ​တို့​သိမ်းပိုက်​ကြ​သောအခါ ယောရှု​နှင့်အတူ ၎င်း​ကို​သယ်ဆောင်​လာ​ကြ​၏။ ထို​တဲ​တော်​သည် ဒါဝိဒ်​လက်ထက်​တိုင်အောင်​ရှိ​ခဲ့​၏။ 46ဒါဝိဒ်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ ကျေးဇူး​တော်​ခံစား​ရ​၍ ယာကုပ်​၏​ဘုရား​စံမြန်း​တော်မူ​ရာ​အရပ်​ကို​ပြင်ဆင်​နိုင်​ရန် တောင်းလျှောက်​ခဲ့​၏။ 47သို့သော် ဘုရားသခင်​အတွက် အိမ်​တော်​ကို​တည်ဆောက်​ခဲ့​သူ​မှာ ရှောလမုန်​ဖြစ်​၏။ 48သို့ရာတွင် အမြင့်ဆုံး​သော​ဘုရား​သည် လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်​မ​မူ။ 49ဤသည်ကား ‘ကောင်းကင်​သည် ငါ​၏​ပလ္လင်​ဖြစ်​၏။ မြေကြီး​သည် ငါ​၏​ခြေ​တင်ခုံ​ဖြစ်​၏။ သင်​တို့​သည် မည်သို့သော​အိမ်​ကို ငါ့​အတွက်​တည်ဆောက်​ကြ​မည်နည်း။ မည်သည့်​အရပ်​သည် ငါ​နားနေရာ​အရပ်​ဖြစ်​မည်နည်း။ 50ငါ့​လက်​သည် ဤ​အရာ​အလုံးစုံ​တို့​ကို ဖန်ဆင်း​သည်​မ​ဟုတ်​လော​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏’#ဟေရှာ 66:1-2။​ဟူ၍ ပရောဖက်​ဆို​ထား​သည့်​အတိုင်း​ဖြစ်​၏။
သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ဘက်ပြုခြင်း
51ခေါင်းမာ​၍ နား​နှင့်​စိတ်နှလုံး​တို့​၌ အရေဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုးဘေး​များ​နည်းတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အစဉ်​ဆန့်ကျင်ဘက်​ပြု​ကြ​၏။ 52သင်​တို့​ဘိုးဘေး​များ မ​ညှဉ်းဆဲ​ခဲ့​သော​ပရောဖက်​တစ်ပါးပါး​ရှိ​သလော။ သူ​တို့​သည် ဖြောင့်မတ်​သော​အရှင်​ကြွလာ​မည့်​အကြောင်း ကြိုတင်​ဟောပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယခု သင်​တို့​သည် ထို​ဖြောင့်မတ်​သော​အရှင်​ကို သစ္စာဖောက်​သော​သူ​နှင့် သတ်ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။ 53သင်​တို့​သည် ကောင်းကင်တမန်​များ​အားဖြင့် ပြဋ္ဌာန်း​ထား​သော​ပညတ်​တရား​ကို ရရှိ​သော်လည်း ၎င်း​ကို​စောင့်ထိန်း​ခြင်း​မ​ရှိ​ကြ”​ဟု ဆို​လေ​၏။
ပထမဆုံးခရစ်ယာန်မာတုရ
54သူ​တို့​သည် ဤ​အကြောင်းအရာ​တို့​ကို ကြား​ကြ​သောအခါ သူ​တို့​၏​စိတ်​ထဲတွင် သတေဖန်​အပေါ် ပြင်းစွာ​အမျက်ထွက်​၍ အံကြိတ်​ကြ​၏။ 55သို့သော် သတေဖန်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ကောင်းကင်​သို့ စေ့စေ့​ကြည့်​လေ​ရာ ဘုရားသခင်​၏​ဘုန်း​တော်​ကို​လည်းကောင်း၊ သခင်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို​လည်းကောင်း မြင်​လျက် 56“ကြည့်​ပါ။ ကောင်းကင်​သည်​ပွင့်​၍ လူ့သား​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​၏”​ဟု ဆို​လေ​၏။
57ထိုအခါ သူ​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လျက် နား​ကို​ပိတ်​ထား​ကာ သတေဖန်​ထံသို့ တစ်ဟုန်ထိုး​ပြေး​လာ​၍ 58သူ့​ကို မြို့​ပြင်​သို့​ဆွဲထုတ်​ပြီးလျှင် ခဲ​နှင့်​ပေါက်​ကြ​၏။ သက်သေ​တို့​သည် မိမိ​တို့​၏​အဝတ်​များ​ကို ရှောလု​ဟု​ခေါ်​သော လူငယ်​တစ်​ဦး​၏​ခြေ​ရင်း​၌ ချ​ထား​ကြ​၏။ 59သူ​တို့​သည် သတေဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သတေဖန်​သည် ပတ္ထနာ​ပြု​လျက် “သခင်​ယေရှု၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို လက်ခံ​တော်မူ​ပါ”​ဟု မြွက်ဆို​လေ​၏။ 60ထို့နောက် သူ​သည် ဒူး​ထောက်​လျက် “သခင်​ဘုရား၊ ဤ​အပြစ်​ကို သူ​တို့​အပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အိပ်ပျော်​ခြင်း​သို့​ရောက်​လေ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။