YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 6

6
လူခုနစ်ဦးကိုရွေးချယ်ခြင်း
1ထို​နေ့ရက်​များ​၌ တပည့်​တော်​များ​တိုးပွား​လာ​ရာ ဂရိ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​က မိမိ​တို့​ထဲမှ​မုဆိုးမ​များ​သည် နေ့စဉ်​ထောက်ပံ့​ခြင်း​အမှု​တွင် လျစ်လျူရှု​ခံရ​သည်​ဟု ဟေဗြဲ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​အပေါ် အပြစ်တင်​ပြောဆို​ကြ​၏။ 2ထိုအခါ တမန်တော်​တစ်ဆယ့်နှစ်​ပါး​တို့​သည် တပည့်​တော်​အစုအဝေး​ကို​ခေါ်​ပြီးလျှင် “ငါ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ပစ်​ထား​၍ ကျွေးမွေး​ခြင်း​အမှု​ကို​မ​ဆောင်ရွက်​သင့်​ပေ။ 3ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ထဲမှ ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ဉာဏ်ပညာ​နှင့်​လည်းကောင်း ပြည့်စုံ​၍ ဂုဏ်​သတင်း​ကောင်း​သော​လူ​ခုနစ်​ဦး​ကို ရှာ​ကြ​လော့။ ငါ​တို့​သည် ထို​သူ​တို့​ကို ဤ​တာဝန်​အတွက်​ခန့်ထား​မည်။ 4ငါ​တို့​မူကား ဆုတောင်း​ခြင်း​နှင့် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​မည်”​ဟု ဆို​ကြ​၏။
5ထို​စကား​ကို အစုအဝေး​တစ်ခုလုံး​နှစ်သက်​သဖြင့် သူ​တို့​သည် ယုံကြည်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​သော သတေဖန်​မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန​နှင့် အန္တိအုတ်​မြို့​မှ​ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ နိကောလ​တို့​ကို ရွေးကောက်​ပြီး 6သူ​တို့​ကို တမန်တော်​တို့​ရှေ့​၌​ရပ်​စေ​ကြ​၏။ ထိုအခါ တမန်တော်​တို့​သည် ဆုတောင်း​လျက် သူ​တို့​အပေါ်​လက်​တင်​ကြ​၏။
7ဤသို့ဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​သွား​၍ ဂျေရုဆလင်​မြို့​၌ တပည့်​တော်​တို့​၏​အရေအတွက်​သည် အလွန်​တိုးပွား​လာ​၏။ ယဇ်ပုရောဟိတ်​အစုအဝေး​ကြီး​သည်​လည်း ယုံကြည်​ခြင်း​တရား​ကို​နာခံ​လာ​ကြ​၏။
သတေဖန်ကိုဖမ်းဆီး၍စွပ်စွဲခြင်း
8သတေဖန်​သည် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ တန်ခိုး​တော်​နှင့်​လည်းကောင်း ပြည့်ဝ​လျက် ကြီးစွာ​သော​နိမိတ်​လက္ခဏာ​များ​နှင့် အံ့သြဖွယ်ရာ​များ​ကို လူ​တို့​ရှေ့တွင်​ပြု​လေ​၏။ 9ထိုအခါ “လိဗေရတိန်​”​ဟု အမည်တွင်​သည့် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ လူ​အချို့​ဖြစ်​ကြ​သော ကုရေနေ​မြို့သား​များ၊ အလက်ဇန္ဒြိယ​မြို့သား​များ​မှစ၍ ဆီလီဆီးယား​ပြည်​နှင့် အာရှ​ပြည်​တို့​မှ​လာ​သော​သူ​တို့​သည် ထ​၍ သတေဖန်​နှင့်​ငြင်းခုံ​ပြောဆို​ကြ​၏။ 10သို့သော် ဝိညာဉ်​တော်​နှင့်​ဉာဏ်ပညာ​တို့​ဖြင့် သတေဖန်​ပြောဆို​သော​အရာ​ကို သူ​တို့​သည် အတိုက်အခံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။
11ထိုအခါ သူ​တို့​သည် လူ​တို့​ကို​သွေးထိုး​ပေး​၍ “ဤ​သူ​သည် မောရှေ​နှင့်​ဘုရားသခင်​အား စော်ကား​သည့်​စကား​များ​ပြောဆို​နေ​သည်​ကို ငါ​တို့​ကြား​ရ​သည်”​ဟု ဆို​စေ​ကြ​၏။ 12ထို့ပြင် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် လူထု​များ​ကို လှုံ့ဆော်​၍ သူ့​ကို​ဝင်ရောက်​ဖမ်းဆီး​ကာ တရား​လွှတ်တော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ 13ထို့နောက် သူ​တို့​သည် မမှန်​သော​သက်သေ​များ​ကို​ခေါ်လာ​၍ “ဤ​သူ​သည် သန့်ရှင်း​ရာ​ဌာန​တော်​နှင့်​ပညတ်​တရား​တို့​အား ဆန့်ကျင်​သည့်​စကား​ကို အစဉ်မပြတ်​ပြောဆို​နေ​ပါ​သည်။ 14အကြောင်းမူကား ဤ​သူ​က ‘နာဇရက်​မြို့သား​ယေရှု​သည် ဤ​နေရာ​ကို​ဖျက်ဆီး​၍ အကျွန်ုပ်​တို့​အား မောရှေ​ပေးအပ်​ခဲ့​သည့်​ဓလေ့​ထုံးစံ​တို့​ကို ပြောင်းလဲ​စေ​လိမ့်မည်’​ဟု ပြောဆို​သည်​ကို အကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ထွက်ဆို​စေ​ကြ​၏။
15တရား​လွှတ်တော်​၌ ထိုင်​နေ​သော​သူ​အပေါင်း​တို့​သည် သတေဖန်​ကို စေ့စေ့​ကြည့်​လျှင် သူ​၏​မျက်နှာ​သည် ကောင်းကင်တမန်​၏​မျက်နှာ​ကဲ့သို့​ဖြစ်​သည်​ကို တွေ့မြင်​ရ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ