YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 22

22
1“ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ ယခု သင်​တို့​ရှေ့၌ အကျွန်ုပ်​ချေပ​ပြောဆို​သော​စကား​ကို နားထောင်​ကြ​ပါ”​ဟု ဆို​၏။ 2လူ​တို့​သည် မိမိ​တို့​အား ဟေဗြဲ​ဘာသာစကား​ဖြင့်​ပြောကြား​သည်​ကို ကြား​ကြ​သောအခါ ပို၍​တိတ်ဆိတ်​သွား​ကြ​၏။ ထိုအခါ ပေါလု​က 3“အကျွန်ုပ်​သည် ဆီလီဆီးယား​ပြည်၊ တာရှု​မြို့​၌​မွေးဖွား​ခဲ့​သော ဂျူး​လူမျိုး​တစ်​ဦး​ဖြစ်​ပါ​သည်။ သို့သော် ဤ​မြို့​တွင် ကြီးပြင်း​လာ​၍ ဂါမလျေလ​၏​ခြေရင်း​၌ ဘိုးဘေး​တို့​မှ​ဆက်ခံ​သော ပညတ်​တရား​နှင့်အညီ တင်းကျပ်​စွာ ဆုံးမ​သွန်သင်​ခြင်း​ကို​ခံယူ​ပြီး ယနေ့ သင်​တို့​အားလုံး​သည် ဘုရားသခင်​အတွက် စိတ်အား​ထက်သန်​သကဲ့သို့ အကျွန်ုပ်​သည်​လည်း စိတ်အား​ထက်သန်​ခဲ့​ပါ​သည်။ 4အကျွန်ုပ်​သည် ဤ​လမ်းစဉ်​ကို​လိုက်​သော​သူ​တို့​အား အသေ​သတ်​သည်​အထိ ညှဉ်းဆဲ​ခဲ့​၍ ယောက်ျား၊ မိန်းမ​တို့​ကို ချည်နှောင်​လျက် ထောင်​ထဲသို့​ပို့​ခဲ့​ပါ​သည်။ 5ဤ​အကြောင်း​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​မင်း​နှင့် လူကြီး​အဖွဲ့ဝင်​အပေါင်း​တို့​သည် အကျွန်ုပ်​အတွက် သက်သေခံ​ပေး​နိုင်​ပါ​သည်။ အကျွန်ုပ်​သည် သူ​တို့​ထံမှ ဒမတ်စကပ်​မြို့​ရှိ​ညီအစ်ကို​များ​ထံသို့ ရေးသား​သည့်​စာ​များ​ကို​ယူ​လျက် ထို​အရပ်​၌​ရှိ​သော သူ​တို့​ကို​လည်း ချည်နှောင်​၍ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​ကာ ပြစ်ဒဏ်​ပေး​ရန်​အတွက် ထို​မြို့​သို့ ထွက်သွား​ခဲ့​ပါ​သည်။
ပေါလု၏သက်သေခံချက်
6သို့သော် အကျွန်ုပ်​ခရီးသွား​၍ ဒမတ်စကပ်​မြို့​အနီး​သို့​ရောက်​သောအခါ မွန်းတည့်​ချိန်​ခန့်​၌ ကောင်းကင်​မှ အလွန်​တောက်ပ​သော​အလင်း​သည် အကျွန်ုပ်​ပတ်လည်​၌ ရုတ်တရက်​ထွန်းတောက်​ခဲ့​ပါ​သည်။ 7ထိုအခါ အကျွန်ုပ်​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ‘ရှောလု၊ ရှောလု၊ သင်​သည် အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း’​ဟု အကျွန်ုပ်​အား​ပြော​သော​အသံ​ကို ကြား​ရ​ပါ​သည်။ 8အကျွန်ုပ်​က ‘သခင်၊ ကိုယ်တော်​သည် မည်သူ​ဖြစ်​ပါ​သနည်း’​ဟု မေး​လျှင်‘ငါ​သည် သင်​ညှဉ်းဆဲ​သော နာဇရက်​မြို့သား​ယေရှု​ဖြစ်​၏’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​ခဲ့​ပါ​သည်။ 9အကျွန်ုပ်​နှင့်အတူ​ရှိ​နေ​သော​သူ​တို့​သည် အလင်း​ကို​မြင်​ကြ​သော်လည်း အကျွန်ုပ်​အား​ပြော​သော​အသံ​ကို မ​ကြား​ရ​ကြ​ပါ။ 10အကျွန်ုပ်​က​လည်း ‘သခင်၊ အကျွန်ုပ်​သည် မည်သို့​ပြု​ရ​မည်နည်း’​ဟု လျှောက်​လျှင် သခင်​ဘုရား​က‘ထ​၍ ဒမတ်စကပ်​မြို့​သို့​သွား​လော့။ ထို​မြို့​၌ သင်​ဆောင်ရွက်​ရန် စီမံ​ထား​သော​အရာ​ရှိသမျှ​ကို သင့်​အား ပြောပြ​လိမ့်မည်’​ဟု မိန့်​တော်မူ​ခဲ့​ပါ​သည်။ 11အကျွန်ုပ်​သည် ထို​အလင်း​၏​ရောင်ခြည်​အရှိန်​ကြောင့် မျက်စိ​မ​မြင်​တော့​သဖြင့် အတူ​ရှိ​နေ​သော​သူ​တို့​က အကျွန်ုပ်​ကို​လက်ဆွဲ​၍ ဒမတ်စကပ်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​ပါ​သည်။ 12ထို့နောက် ပညတ်​တရား​နှင့်အညီ ဘုရား​တရား​ကြည်ညို​သူ​ဖြစ်​ပြီး ဒမတ်စကပ်​မြို့​၌​နေထိုင်​သော ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော အာနနိ​အမည်ရှိ​သူ​တစ်​ဦး​သည် 13အကျွန်ုပ်​ထံသို့​လာ​၍ အနီး​၌​ရပ်​ကာ ‘ငါ့​ညီ​ရှောလု၊ မျက်စိ​မြင်​စေ’​ဟု အကျွန်ုပ်​အား​ဆို​လျှင် ထို​အချိန်​၌​ပင် အကျွန်ုပ်​သည် သူ့​ကို​မြင်​ရ​ပါ​သည်။ 14ထိုအခါ သူ​က ‘ငါ​တို့​ဘိုးဘေး​များ​၏​ဘုရားသခင်​သည် မိမိ​အလို​တော်​ကို သိ​စေရန်​လည်းကောင်း၊ ဖြောင့်မတ်​သော​အရှင်​ကို ဖူးမြင်​စေရန်​လည်းကောင်း၊ ထို​အရှင်​၏​နှုတ်​မှ​အသံ​တော်​ကို ကြား​စေရန်​လည်းကောင်း သင့်​ကို ကြိုတင်​ခန့်ထား​တော်မူ​ပြီ။ 15အကြောင်းမူကား သင်​သည် မိမိ​မြင်​ရ၊ ကြား​ရ​သော​အရာ​တို့​အတွက် လူ​အပေါင်း​တို့​ရှေ့တွင် ကိုယ်တော်​၏​သက်သေ​ဖြစ်​ရ​လိမ့်မည်။ 16ယခု​မှာ အဘယ်ကြောင့် ဆိုင်းငံ့​နေ​သနည်း။ ထ​လျက် ကိုယ်တော်​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​၍ ဗတ္တိဇံ​ခံ​ပြီး သင်​၏​အပြစ်​များ​ကို​ဆေးကြော​လော့’​ဟု ဆို​လေ​၏။
17ထို့နောက် အကျွန်ုပ်​သည် ဂျေရုဆလင်​မြို့​သို့​ပြန်လာ​ပြီး ဗိမာန်​တော်​၌​ဆုတောင်း​နေ​စဉ် အာရုံ​မှုန်ဝါး​တွေဝေ​၍ 18သခင်​ဘုရား​ကို​မြင်​ရ​ပါ​သည်။ ကိုယ်တော်​က‘လူ​တို့​သည် ငါ​နှင့်​ပတ်သက်​သော သင်​၏​သက်သေခံ​ချက်​ကို လက်ခံ​ကြ​လိမ့်မည်​မ​ဟုတ်​သောကြောင့် မဆိုင်းငံ့​ဘဲ ဂျေရုဆလင်​မြို့​မှ အမြန်​ထွက်သွား​လော့’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​သည်။ 19အကျွန်ုပ်​က​လည်း ‘သခင်​ဘုရား၊ အကျွန်ုပ်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တစ်ခု​ပြီး​တစ်ခု​သွား​၍ ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တို့​အား ရိုက်နှက်​လျက် ထောင်ချ​ခဲ့​သည်​ကို သူ​တို့​သိ​ကြ​ပါ​၏။ 20ထို့ပြင် ကိုယ်တော်​၏​သက်သေ​ဖြစ်​သည့် သတေဖန်​သတ်ဖြတ်​ခြင်း​ခံရ​သောအခါ အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း အနီး​၌​ရပ်​နေ​၍ အလိုတူအလိုပါ​ဖြစ်​ကာ သူ့​ကို​သတ်​သော​သူ​တို့​၏​အဝတ်​များ​ကို စောင့်​ပေး​ခဲ့​ပါ​၏’​ဟု လျှောက်​ပါ​သည်။ 21ထိုအခါ ကိုယ်တော်​က‘သွား​လော့။ ငါ​သည် သင့်​ကို လူမျိုးခြား​တို့​ရှိ​ရာ ဝေး​သော​အရပ်​သို့ စေလွှတ်​မည်’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​သည်”​ဟု ဆို​လေ​၏။
ရောမနိုင်ငံသားဖြစ်ခြင်းကြောင့် ရရှိသောအကာအကွယ်
22လူ​တို့​သည် သူ့​စကား​ကို ဤမျှ​အထိ နားထောင်​ကြ​ပြီးလျှင် မိမိ​တို့​အသံ​ကို​ကျယ်စွာပြု​၍ “ဤသို့​သော​သူ​ကို မြေ​ပေါ်မှ သုတ်သင်​လိုက်​ပါ။ အကြောင်းမူကား သူ​သည် အသက်​မ​ရှင်​သင့်​ပေ”​ဟု ဆို​ကြ​၏။
23လူ​တို့​သည် ထိုသို့​အော်ဟစ်​လျက် အဝတ်​များ​ကို​ဝှေ့ယမ်း​ကာ မြေမှုန့်​ကို လေ​ထဲသို့​ပစ်လွှင့်​ကြ​စဉ် 24တပ်မှူးကြီး​သည် ပေါလု​ကို စခန်း​ထဲသို့​ခေါ်သွား​ရန် အမိန့်​ပေး​၍ လူ​တို့​သည် အဘယ်​ကြောင့် သူ့​ကို​ဆန့်ကျင်​လျက် ထိုသို့​အော်ဟစ်​ကြ​သည်​ကို သိရှိ​ရန်​အတွက် သူ့​ကို​ကြိမ်ဒဏ်​ပေး​၍ စစ်ဆေး​ကြ​ရန် ညွှန်ကြား​လေ​၏။ 25သူ့​ကို ကြိုး​နှင့်​ချည်နှောင်​ကြ​သောအခါ ပေါလု​က အနီး၌​ရပ်​နေ​သော​တပ်မှူး​အား “သင်​တို့​၌ ရောမ​နိုင်ငံသား​တစ်​ဦး​ကို မ​စစ်ဆေး​ဘဲ ဒဏ်ခတ်​ရိုက်နှက်​ပိုင်​ခွင့်​ရှိ​သလော”​ဟု မေး​လေ​၏။
26တပ်မှူး​သည် ထို​စကား​ကို​ကြား​လျှင် တပ်မှူးကြီး​ထံ​ချဉ်းကပ်​လျက် “သင်​မည်သို့​ပြု​မည်နည်း။ ဤ​သူ​သည် ရောမ​နိုင်ငံသား​ဖြစ်​သည်”​ဟု သတင်းပို့​လေ​၏။ 27ထိုအခါ တပ်မှူးကြီး​သည် ပေါလု​ထံသို့​လာ​၍ “ငါ့​ကို​ပြော​ပါ​လော့။ သင်​သည် ရောမ​နိုင်ငံသား​ဖြစ်​သလော”​ဟု မေး​လျှင် ပေါလု​က “ဟုတ်​ပါ​သည်”​ဟု ဆို​၏။ 28တပ်မှူးကြီး​က​လည်း “ငါ​သည် ငွေ​အမြောက်အမြား​ပေး​၍ ဤ​နိုင်ငံသား​အဖြစ်​ကို ရရှိ​သည်”​ဟု ဆို​လျှင် ပေါလု​က “အကျွန်ုပ်​သည် ရောမ​နိုင်ငံသား​အဖြစ် မွေးဖွား​လာ​ခဲ့​ပါ​သည်”​ဟု ဆို​၏။
29ထို့ကြောင့် သူ့​ကို​စစ်ဆေး​မည့်​သူ​များ​သည် သူ့​ထံမှ ချက်ချင်း​ဆုတ်ခွာ​သွား​ကြ​၏။ တပ်မှူးကြီး​က​လည်း ပေါလု​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြောင်း​သိ​လျှင် သူ့​ကို​ချည်နှောင်​လိုက်​မိ​သည့်​အတွက် ကြောက်ရွံ့​လေ​၏။
တရားလွှတ်တော်ရှေ့သို့ရောက်သောပေါလု
30နောက်တစ်နေ့​တွင် တပ်မှူးကြီး​သည် ဂျူး​လူမျိုး​တို့​၏​စွပ်စွဲ​ခြင်း​ကို ပေါလု​အဘယ်ကြောင့်​ခံ​နေ​ရ​သည်​ကို အတိအကျ​သိ​လို​သဖြင့် ပေါလု​ကို အချည်အနှောင်​မှ​ဖြေ​ပေး​ကာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​တစ်ခုလုံး​အား စုဝေး​ကြ​ရန် အမိန့်​ပေး​ပြီးလျှင် ပေါလု​ကို​ခေါ်ဆောင်​လာ​၍ သူ​တို့​ရှေ့၌​ရပ်​စေ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 22: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ