YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 21

21
ဂျေရုဆလင်မြို့သို့သွားသည့်ခရီးအတွက် သတိပေးခံရခြင်း
1ငါ​တို့​သည် သူ​တို့​ထံမှ​ခွဲခွာ​၍ ရွက်လွှင့်​ကာ ကောသ​ကျွန်း​သို့ တိုက်ရိုက်​သွား​ကြ​၏။ နောက်တစ်နေ့​၌ ရောဒု​ကျွန်း​သို့​ရောက်​၍ ထို​နေရာ​မှ​တစ်ဖန် ပါတရ​မြို့​သို့ သွား​ကြ​၏။ 2ထို့နောက် ဖိုနီးရှား​နယ်​သို့​ကူး​သွား​မည့်​သင်္ဘော​တစ်​စင်း​ကို​တွေ့​သဖြင့် ထို​သင်္ဘော​စီး​၍ ရွက်လွှင့်​ကြ​၏။ 3ဆိုက်ပရပ်​ကျွန်း​ကို​မြင်​ကြ​သောအခါ ထို​ကျွန်း​ကို လက်ဝဲ​ဘက်​မှ​ဖြတ်ကျော်​လျက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​ကြ​၏။ သင်္ဘော​သည် တိုင်ရာ​မြို့​၌ ကုန်ပစ္စည်း​ချ​ရန်​ရှိ​သောကြောင့် ထို​မြို့​တွင်​ဆိုက်​လေ​၏။ 4ငါ​တို့​သည် တပည့်​တော်​တို့​ကို​တွေ့​၍ ထို​အရပ်​၌ ခုနစ်​ရက်​နေ​ကြ​၏။ သူ​တို့​သည် ပေါလု​အား ဂျေရုဆလင်​မြို့​သို့​တက်​မ​သွား​ရန် ဝိညာဉ်​တော်​အားဖြင့် ပြော​ကြ​၏။ 5သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက် 6တစ်ဦး​နှင့်​တစ်ဦး​နှုတ်ဆက်​ကြ​၍ ငါ​တို့​သည် သင်္ဘော​ပေါ်သို့​တက်​ကာ သူ​တို့​သည်​မိမိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။
7ထို့နောက် ပတောလင်​မြို့​သို့​ရောက်​၍ တိုင်ရာ​မြို့​မှ ငါ​တို့​ထွက်လာ​သည့် ပင်လယ်​ခရီး​ပြီးဆုံး​လေ​၏။ ငါ​တို့​သည် ထို​မြို့​၌​ရှိ​သော​ညီအစ်ကို​များ​ကို​နှုတ်ဆက်​၍ သူ​တို့​နှင့်အတူ တစ်​ရက်​နေ​ကြ​၏။ 8နောက်တစ်နေ့​တွင် ထွက်ခွာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​ပြီးလျှင် ရွေးကောက်​ခံရ​သူ​ခုနစ်​ဦး​ထဲမှ တစ်​ဦး​ဖြစ်​သည့်​ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ ဖိလိပ္ပု​၏​အိမ်​သို့​ဝင်​၍ သူ့​ထံ၌​တည်းခို​ကြ​၏။ 9ထို​သူ​၌ ပရောဖက်ပြု​ဟောပြော​သည့် အပျို​ကညာ​သမီး​လေး​ယောက်​ရှိ​၏။
10ရက်​အတန်ကြာ​နေ​ပြီး​သောအခါ အာဂဗု​အမည်​ရှိ​သော ပရောဖက်​တစ်​ဦး​သည် ယုဒ​ပြည်​မှ​ဆင်း​လာ​၏။ 11ထို​သူ​သည် ငါ​တို့​ထံ​လာ​၍ ပေါလု​၏​ခါးပန်း​ကို​ယူ​ပြီးလျှင် မိမိ​၏​ခြေ​နှင့်​လက်​တို့​ကို ချည်နှောင်​ကာ “ဂျူး​လူမျိုး​တို့​သည် ဤ​ခါးပန်း​ပိုင်ရှင်​ကို ဂျေရုဆလင်​မြို့​တွင် ဤကဲ့သို့​ချည်နှောင်​၍ လူမျိုးခြား​တို့​လက်​သို့ အပ်နှံ​ကြ​လိမ့်မည်​ဟု သန့်ရှင်း​သော​ဝိညာဉ်​တော်​မိန့်​တော်မူ​၏”​ဟု ဆို​လေ​၏။
12ထို​စကား​ကို​ကြား​လျှင် ငါ​တို့​နှင့်​ဒေသခံ​တို့​သည် ပေါလု​အား ဂျေရုဆလင်​မြို့​သို့​တက်​မ​သွား​ရန် တောင်းပန်​ကြ​၏။ 13ထိုအခါ ပေါလု​က “သင်​တို့​သည် ငိုကြွေး​လျက်​၊ ငါ​၏​စိတ်နှလုံး​ကို​ကြေကွဲ​စေ​လျက် မည်သည့်​အရာ​ကို ပြု​ကြ​သနည်း။ ငါ​သည် သခင်​ယေရှု​၏​နာမ​တော်​အတွက် ဂျေရုဆလင်​မြို့​၌ ချည်နှောင်​ခြင်း​ခံရ​ရန်​သာမက အသေခံ​ရန်​ပင် အသင့်​ရှိ​သည်”​ဟု ပြန်​ပြော​၏။ 14ငါ​တို့​သည် သူ့​ကို​ဖျောင်းဖျ​၍​မ​ရ​သဖြင့် “သခင်​ဘုရား​၏​အလို​တော်​အတိုင်း​ဖြစ်​ပါစေ”​ဟု ဆို​လျက် တိတ်ဆိတ်​သွား​ကြ​၏။
15ထို​နေ့ရက်​များ​လွန်​ပြီးနောက် ငါ​တို့​သည် ထုပ်ပိုး​ပြင်ဆင်​လျက် ဂျေရုဆလင်​မြို့​သို့ တက်​သွား​ကြ​၏။ 16ဆီဇာရီးယား​မြို့​မှ တပည့်​တော်​အချို့​တို့​သည်​လည်း ငါ​တို့​နှင့်အတူ​လိုက်ပါ​၍ ငါ​တို့​တည်းခို​ရန်​စီစဉ်​ထား​သည့် ကနဦး​တပည့်​တော်​ဖြစ်​သော ဆိုက်ပရပ်​ကျွန်းသား မနာသုန်​ထံသို့ ခေါ်သွား​ကြ​၏။
ယာကုပ်ကို ပေါလုဝင်တွေ့ခြင်း
17ဂျေရုဆလင်​မြို့​သို့ ငါ​တို့​ရောက်​ကြ​သောအခါ ညီအစ်ကို​များ​သည် ငါ​တို့​ကို လှိုက်လှဲ​စွာ​ကြိုဆို​ကြ​၏။ 18နောက်တစ်နေ့​၌ ပေါလု​သည် ငါ​တို့​နှင့်အတူ ယာကုပ်​ထံသို့​ဝင်​လျှင် အသင်းတော်​အကြီးအကဲ​အားလုံး​တို့​သည်​လည်း ရောက်​နေ​ကြ​၏။ 19ပေါလု​သည် သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင် မိမိ​၏​အမှု​တော်​လုပ်ငန်း​အားဖြင့် လူမျိုးခြား​တို့​၌ ဘုရားသခင်​ပြု​တော်မူ​သော အကြောင်းအရာ​တို့​ကို တစ်ခုချင်း​ပြောပြ​လေ​၏။
20ထို​သူ​တို့​သည်​ကြား​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် သူ​တို့​သည် ပေါလု​အား “ငါ​တို့​ညီ၊ သင်​သိမြင်​သည့်​အတိုင်း ဂျူး​လူမျိုး​တို့​တွင် ယုံကြည်​လာ​သူ​ထောင်​ပေါင်း​များစွာ​ရှိ​၍ သူ​တို့​အားလုံး​သည် ပညတ်​တရား​၌ စိတ်အား​ထက်သန်​သူ​များ​ဖြစ်​ကြ​၏။ 21သင်​သည် လူမျိုးခြား​တို့​ထဲ၌​နေထိုင်​ကြ​သော ဂျူး​လူမျိုး​အားလုံး​တို့​အား ကလေး​များ​ကို အရေဖျား​လှီး​ခြင်း​မ​ပေး​ကြ​ရန်​နှင့် ဓလေ့​ထုံးစံ​အတိုင်း မ​လိုက်လျှောက်​ကြ​ရန် ပြောဆို​လျက် မောရှေ​၏​တရား​ကို​စွန့်ပယ်​ရန် သွန်သင်​နေ​သည်​ဟု သင့်​အကြောင်း​ကို သူ​တို့​ကြားသိ​ထား​၏။ 22သို့ဖြစ်၍ မည်သို့​ပြု​ကြ​မည်နည်း။ သင်​ရောက်ရှိ​နေ​ကြောင်း သူ​တို့​ကြား​ကြ​မည်​သေချာ​၏။ 23ထို့ကြောင့် သင့်​ကို ငါ​တို့​ပြော​သည့်​အတိုင်း ပြု​ပါ​လော့။ ငါ​တို့​တွင် အဓိဋ္ဌာန်​ပြု​ထား​သော လူ​လေး​ဦး​ရှိ​၏။ 24ထို​သူ​တို့​ကို ခေါ်သွား​၍ သူ​တို့​နှင့်အတူ သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​လျက် သူ​တို့​ခေါင်း​ကို ခေါင်းတုံး​ရိတ်​ရန် သူ​တို့​အတွက် စရိတ်​ခံ​ပေး​ပါ​လော့။ သို့ပြုလျှင် သင်​နှင့်​ပတ်သက်၍ သူ​တို့​ကြားသိ​ထား​သော​သတင်း​သည် မ​ဟုတ်​မ​မှန်​ဘဲ သင်​ကိုယ်တိုင် ပညတ်​တရား​ကို​စောင့်ထိန်း​လျက် လိုက်လျှောက်​နေ​ကြောင်း သူ​တို့​အားလုံး​သိ​ကြ​လိမ့်မည်။ 25လူမျိုးခြား​တို့​ထဲမှ ယုံကြည်​လာ​သော​သူ​တို့​အတွက်​မူကား ရုပ်တု​အား​ပူဇော်​ထား​သော​အရာ၊ သွေး၊ လည်​ညှစ်​သတ်​ထား​သော​တိရစ္ဆာန်​နှင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​တို့​ကို ရှောင်ကြဉ်​ရန် ငါ​တို့​ဆုံးဖြတ်​၍ စာ​ရေးသား​ပေးပို့​ကြ​ပြီ”​ဟု ဆို​ကြ​၏။
ဗိမာန်တော်၌ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း
26ထိုအခါ ပေါလု​သည် ထို​လူ​လေး​ဦး​တို့​ကို​ခေါ်​၍ နောက်တစ်နေ့​၌ သူ​တို့​နှင့်အတူ သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​လျက် ဗိမာန်​တော်​ထဲသို့​ဝင်​ကာ သူ​တို့​တစ်​ဦး​စီ​အတွက် ပူဇော်သက္ကာ​ဆက်သ​မည့်​အချိန်​ဖြစ်​သည့် သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​သည့် နေ့ရက်​များ​ပြီးဆုံး​မည့်​အချိန်​ကို အသိပေး​လေ​၏။
27ခုနစ်​ရက်​ကာလ​ပြည့်​လုနီး​သောအခါ အာရှ​ပြည်​မှ​လာ​သော​ဂျူး​လူမျိုး​အချို့​တို့​သည် ပေါလု​ကို ဗိမာန်​တော်​၌​တွေ့​ကြ​လျှင် လူထု​ပရိသတ်​အားလုံး​ကို ရုန်းရင်းဆန်ခတ်​ဖြစ်​စေ​၍ သူ့​ကို​ဖမ်းဆီး​ကာ 28“အစ္စရေး​အမျိုးသား​တို့၊ ကူညီ​ကြ​ပါ။ ဤ​သူ​သည် လူမျိုး​တော်​ကို​လည်းကောင်း၊ ပညတ်​တရား​ကို​လည်းကောင်း၊ ဤ​နေရာ​ကို​လည်းကောင်း ဆန့်ကျင်​လျက် အရပ်ရပ်​တို့​၌ လူ​အပေါင်း​တို့​အား သွန်သင်​နေ​သူ​ဖြစ်​၏။ ထိုမျှမက ဂရိ​လူမျိုး​တို့​ကို​လည်း ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​လာ​၍ ဤ​သန့်ရှင်း​ရာ​ဌာန​ကို ညစ်ညူး​စေ​ပါ​ပြီ”​ဟု အော်ဟစ်​ကြ​၏။ 29ထိုသို့​ဆို​ခြင်း​မှာ သူ​တို့​သည် ဧဖက်​မြို့သား တရောဖိမ်​ကို ပေါလု​နှင့်အတူ မြို့​ထဲ၌​တွေ့​ခဲ့​သဖြင့် ပေါလု​သည် ထို​သူ​ကို ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​ခဲ့​သည်​ဟု ထင်မှတ်​သောကြောင့်​ဖြစ်​၏။
30ထိုအခါ တစ်မြို့လုံး​ဆူပူ​လှုပ်ရှား​၍ လူ​တို့​သည် ပြေး​လာ​ကြ​ကာ ပေါလု​ကို​ဖမ်းဆီး​လျက် ဗိမာန်​တော်​အပြင်​သို့ ဆွဲ​ထုတ်​ပြီးလျှင် တံခါး​များ​ကို ချက်ချင်း​ပိတ်​လိုက်​ကြ​၏။ 31လူ​တို့​သည် ပေါလု​ကို​သတ်​ရန် ကြိုးစား​နေ​ကြ​စဉ် ဂျေရုဆလင်​တစ်မြို့လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သည်​ဟူသော​သတင်း​သည် တပ်ဖွဲ့​တစ်​ဖွဲ့​၏​တပ်မှူးကြီး​ထံ ရောက်​လေ​၏။ 32သူ​သည် ချက်ချင်း​ပင် စစ်သား​တို့​နှင့်​တပ်မှူး​တို့​ကို​ခေါ်​၍ သူ​တို့​ထံသို့ ပြေးဆင်း​လာ​၏။ လူ​တို့​သည် တပ်မှူးကြီး​နှင့်​စစ်သား​များ​ကို​မြင်​လျှင် ပေါလု​ကို​ရိုက်နှက်​နေ​ခြင်း​မှ ရပ်တန့်​ကြ​၏။
33ထိုအခါ တပ်မှူးကြီး​သည် အနီး​သို့​ရောက်လာ​၍ ပေါလု​ကို​ဖမ်းဆီး​ကာ သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ထား​ရန် အမိန့်​ပေး​ပြီးလျှင် ပေါလု​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သည့်​အမှု​ပြု​ခဲ့​ကြောင်း​ကို မေးမြန်း​လေ​၏။ 34သို့သော် လူထု​ပရိသတ်​ထဲမှ တစ်ယောက်တစ်မျိုး​အော်ဟစ်​နေ​ကြ​၍ ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သောကြောင့် တပ်မှူး​သည် အဖြစ်မှန်​ကို​မ​သိ​နိုင်​သဖြင့် ပေါလု​ကို စခန်း​ထဲသို့​ခေါ်ဆောင်​သွား​ရန် အမိန့်​ပေး​လေ​၏။ 35ပေါလု​သည် လှေကား​နား​သို့​ရောက်​သောအခါ လူ​တို့​၏​အကြမ်းဖက်​မှု​ကြောင့် စစ်သား​များ​သည် သူ့​ကို ချီမ​၍​ခေါ်သွား​ကြ​ရ​၏။ 36အကြောင်းမူကား များစွာ​သော​လူ​တို့​သည် နောက်​မှ​လိုက်​လာ​၍ “သူ့​ကို​သုတ်သင်​လိုက်​ပါ”​ဟု အော်ဟစ်​နေ​ကြ​၏။
လူထုပရိသတ်ရှေ့၌ ပေါလုချေပပြောဆိုခြင်း
37သူ့​ကို စခန်း​ထဲသို့​ခေါ်ဆောင်​သွား​မည်​ပြု​စဉ်တွင် ပေါလု​သည် တပ်မှူးကြီး​အား “သင်​နှင့်​အနည်းငယ် အကျွန်ုပ်​စကား​ပြော​ခွင့်​ရ​မည်လော”​ဟု ဆို​၏။ တပ်မှူးကြီး​က​လည်း “သင်​သည် ဂရိ​စကား​ကို​ပြော​တတ်​သလော။ 38သို့ဖြစ်လျှင် သင်​သည် ဤ​နေ့​များ​မတိုင်မီ​က ပုန်ကန်​ထကြွ​လျက် အကြမ်းဖက်သမား​လေးထောင်​ကို တော​ကန္တာရ​ထဲသို့ ခေါ်ဆောင်​သွား​သည့် အီဂျစ်​အမျိုးသား​မ​ဟုတ်​လော”​ဟု မေး​လေ​၏။ 39ပေါလု​က​လည်း “အကျွန်ုပ်​သည် ဂျူး​လူမျိုး​ဖြစ်​ပြီး ဆီလီဆီးယား​ပြည်​၏​ထင်ရှား​သော​မြို့​ဖြစ်​သည့် တာရှု​မြို့​မှ​လာ​သော ပြည်သား​တစ်​ယောက်​ဖြစ်​ပါ​သည်။ လူ​တို့​အား စကား​ပြော​ခွင့်ပြု​ရန် သင့်​ကို အကျွန်ုပ်​တောင်းပန်​ပါ​သည်”​ဟု ဆို​လေ​၏။
40တပ်မှူးကြီး​က​လည်း ခွင့်ပြု​သဖြင့် ပေါလု​သည် လှေကား​ပေါ်တွင်​ရပ်​လျက် လူ​တို့​အား လက်ရိပ်​ပြ​ရာ အလွန်​တိတ်ဆိတ်​သွား​လေ​၏။ ထိုအခါ သူ​သည် ဟေဗြဲ​ဘာသာစကား​ဖြင့် ပြောကြား​လျက်

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ