အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့် “သင်တို့ယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသလော”ဟု မေးလေရာ သူတို့က “သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်းကိုပင် အကျွန်ုပ်တို့မကြားဖူးပါ”ဟု ဖြေကြားကြ၏။ ပေါလုကလည်း “သို့ဖြစ်လျှင် မည်သည့်ဗတ္တိဇံကို ခံခဲ့ကြသနည်း”ဟု မေးလျှင် သူတို့က “ယောဟန်၏ဗတ္တိဇံကို ခံခဲ့ကြပါသည်”ဟု ဖြေကြားကြ၏။ ထိုအခါ ပေါလုက “ယောဟန်သည် ‘မိမိနောက်တွင်ကြွလာမည့်အရှင်ကိုယုံကြည်ရမည်’ဟု ဆိုလျက် လူတို့အား နောင်တနှင့်ဆိုင်သောဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ယေရှုကိုဆိုလို၏”ဟု ဆိုလေ၏။ သူတို့သည် ထိုစကားကိုကြားလျှင် သခင်ယေရှု၏နာမတော်၌ ဗတ္တိဇံခံကြ၏။ ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။ ထိုသူတို့သည် အားလုံးပေါင်းတစ်ဆယ့်နှစ်ယောက်ခန့်မျှရှိကြ၏။ ထို့နောက် ပေါလုသည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးပြောဆိုကာ လူတို့ကိုစည်းရုံးလေ၏။ သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။ နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရကြ၏။ ဘုရားသခင်သည် ပေါလု၏လက်ဖြင့် အလွန်ထူးခြားသောတန်ခိုးလက္ခဏာများကို ပြုတော်မူ၏။ သူ့ကိုယ်ပေါ်မှ ပဝါ၊ သို့မဟုတ် ခါးစည်းအဝတ်ကိုယူသွား၍ နာမကျန်းဖြစ်သူများအပေါ်တင်လျှင် သူတို့၏ရောဂါများပျောက်ကင်း၍ နတ်ဆိုးများလည်း ထွက်သွားကြ၏။ ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ်၌ သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏”ဟု ဆိုကြ၏။ ထိုသို့ပြုသောသူများမှာ ဂျူးလူမျိုးယဇ်ပုရောဟိတ်မင်း သကေဝ၏သားခုနစ်ယောက်တို့ဖြစ်ကြ၏။ သို့ရာတွင် နတ်ဆိုးက “ယေရှုကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့မူကား မည်သူဖြစ်ကြသနည်း”ဟု သူတို့အား ဆိုပြီးလျှင် ထိုနတ်ဆိုးပူးသူသည် သူတို့အပေါ်သို့ခုန်တက်ကာ သူတို့အားလုံးကိုနှိမ်နင်း၍ အနိုင်ယူသောကြောင့် သူတို့သည် ထိုအိမ်မှ အဝတ်မပါဘဲ ဒဏ်ရာများနှင့်ထွက်ပြေးကြရ၏။ ဧဖက်မြို့၌နေထိုင်ကြသော ဂျူးလူမျိုးနှင့်ဂရိလူမျိုးအပေါင်းတို့သည် ထိုအကြောင်းကို ကြားသိသောအခါ သူတို့အားလုံးကြောက်ရွံ့လျက် သခင်ယေရှု၏နာမတော်ကို ချီးမွမ်းကြ၏။ ယုံကြည်သူ များစွာတို့သည်လည်း လာ၍ မိမိတို့ပြုမိသောအရာများကို ထုတ်ဖော်ဝန်ခံကြ၏။ မှော်အတတ်ကိုသုံးခဲ့သူများစွာတို့သည်လည်း ၎င်းနှင့်ပတ်သက်သောစာအုပ်များကို စုစည်းယူဆောင်လာ၍ အားလုံးတို့ရှေ့၌ မီးရှို့ကြ၏။ ထိုစာအုပ်များ၏တန်ဖိုးကို တွက်ချက်ကြရာ ငွေဒင်္ဂါးငါးသောင်းဖိုးရှိကြောင်း တွေ့ရှိကြ၏။ ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် တန်ခိုးအရှိန်အဝါဖြင့်ကြီးထွားလျက် ဩဇာလွှမ်းလေ၏။ ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
တမန်တော်ဝတ္ထု 19 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော်ဝတ္ထု 19
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော်ဝတ္ထု 19:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ