YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 19

19
ဧဖက်မြို့၌သာသနာပြုခြင်း
1အာပေါလု​သည် ကောရိန္သု​မြို့​၌​ရှိ​နေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​ဒေသ​များ​ကို​ဖြတ်​၍ ဧဖက်​မြို့​သို့ ဆင်း​လာ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​ကို တွေ့​သဖြင့် 2“သင်​တို့​ယုံကြည်​ကြ​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​သလော”​ဟု မေး​လေ​ရာ သူ​တို့​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​ရှိ​ကြောင်း​ကို​ပင် အကျွန်ုပ်​တို့​မ​ကြား​ဖူး​ပါ”​ဟု ဖြေကြား​ကြ​၏။ 3ပေါလု​က​လည်း “သို့ဖြစ်လျှင် မည်သည့်​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​သနည်း”​ဟု မေး​လျှင် သူ​တို့​က “ယောဟန်​၏​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​ပါ​သည်”​ဟု ဖြေကြား​ကြ​၏။ 4ထိုအခါ ပေါလု​က “ယောဟန်​သည် ‘မိမိ​နောက်​တွင်​ကြွလာ​မည့်​အရှင်​ကို​ယုံကြည်​ရ​မည်’​ဟု ဆို​လျက် လူ​တို့​အား နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​ကို​ပေး​၏။ ထိုသို့​ဆိုရာ​၌​ယေရှု​ကို​ဆိုလို​၏”​ဟု ဆို​လေ​၏။ 5သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် သခင်​ယေရှု​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​၏။ 6ပေါလု​သည် သူ​တို့​အပေါ်​လက်​တင်​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ​တို့​အပေါ်သို့ သက်ရောက်​သဖြင့် သူ​တို့​သည် အခြား​သော​ဘာသာ​စကား​များ​ကို​ပြောဆို​လျက် ပရောဖက်ပြု​ဟောပြော​ကြ​၏။ 7ထို​သူ​တို့​သည် အားလုံး​ပေါင်း​တစ်ဆယ့်နှစ်​ယောက်​ခန့်မျှ​ရှိ​ကြ​၏။
တုရန္နုခန်းမ၌ဟောပြောသွန်သင်ခြင်း
8ထို့နောက် ပေါလု​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သုံး​လ​ပတ်လုံး ရဲရင့်​စွာ​ဟောပြော​လျက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဆွေးနွေး​ပြောဆို​ကာ လူ​တို့​ကို​စည်းရုံး​လေ​၏။ 9သို့သော် လူ​အချို့​တို့​သည် ခေါင်းမာ​လျက် မ​ယုံကြည်​ဘဲ လူထု​ပရိသတ်​ရှေ့​တွင် တရား​လမ်း​ကို ပုတ်ခတ်​ပြောဆို​ကြ​သောအခါ ပေါလု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ ထို​သူ​တို့​ထံမှ ထွက်ခွာ​ပြီး တုရန္နု​၏​စာသင်ခန်းမ​၌ နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​လေ​၏။ 10နှစ်​နှစ်​ပတ်လုံး ထိုသို့​ပြု​သောကြောင့် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ အာရှ​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရ​ကြ​၏။
ဧဖက်မြို့၌မှော်အတတ်ကိုပယ်ဖျက်ခြင်း
11ဘုရားသခင်​သည် ပေါလု​၏​လက်​ဖြင့် အလွန်​ထူးခြား​သော​တန်ခိုး​လက္ခဏာ​များ​ကို ပြု​တော်မူ​၏။ 12သူ့​ကိုယ်​ပေါ်မှ ပဝါ​၊ သို့မဟုတ် ခါးစည်း​အဝတ်​ကို​ယူသွား​၍ နာမကျန်း​ဖြစ်​သူ​များ​အပေါ်​တင်​လျှင် သူ​တို့​၏​ရောဂါ​များ​ပျောက်ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်သွား​ကြ​၏။
13ထိုအခါ လှည့်လည်​နေ​ကြ​သော ဂျူး​လူမျိုး​ပယောဂ​ဆရာ​အချို့​တို့​သည် နတ်​ဆိုး​ပူး​သူ​များ​အပေါ်​၌ သခင်​ယေရှု​၏​နာမ​တော်​ကို တိုင်တည်​ခေါ်ဆို​ရန် ကြံစည်​အားထုတ်​လျက် “ပေါလု​ဟောပြော​သော​ယေရှု​အားဖြင့် သင်​တို့​ကို အလေးအနက်​ငါ​အမိန့်​ပေး​၏”​ဟု ဆို​ကြ​၏။ 14ထိုသို့​ပြု​သော​သူ​များ​မှာ ဂျူး​လူမျိုး​ယဇ်ပုရောဟိတ်​မင်း သကေဝ​၏​သား​ခုနစ်​ယောက်​တို့​ဖြစ်​ကြ​၏။ 15သို့ရာတွင် နတ်​ဆိုး​က “ယေရှု​ကို ငါ​သိ​၏။ ပေါလု​ကို​လည်း ငါ​သိ​၏။ သင်​တို့​မူကား မည်သူ​ဖြစ်​ကြ​သနည်း”​ဟု သူ​တို့​အား ဆို​ပြီးလျှင် 16ထို​နတ်​ဆိုး​ပူး​သူ​သည် သူ​တို့​အပေါ်သို့​ခုန်​တက်​ကာ သူ​တို့​အားလုံး​ကို​နှိမ်နင်း​၍ အနိုင်ယူ​သောကြောင့် သူ​တို့​သည် ထို​အိမ်​မှ အဝတ်မပါ​ဘဲ ဒဏ်ရာ​များ​နှင့်​ထွက်ပြေး​ကြ​ရ​၏။
17ဧဖက်​မြို့​၌​နေထိုင်​ကြ​သော ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​အပေါင်း​တို့​သည် ထို​အကြောင်း​ကို ကြားသိ​သောအခါ သူ​တို့​အားလုံး​ကြောက်ရွံ့​လျက် သခင်​ယေရှု​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​၏။ 18ယုံကြည်​သူ များစွာ​တို့​သည်​လည်း လာ​၍ မိမိ​တို့​ပြု​မိ​သော​အရာ​များ​ကို ထုတ်ဖော်​ဝန်ခံ​ကြ​၏။ 19မှော်အတတ်​ကို​သုံး​ခဲ့​သူ​များစွာ​တို့​သည်​လည်း ၎င်း​နှင့်ပတ်သက်​သော​စာအုပ်​များ​ကို စုစည်း​ယူဆောင်​လာ​၍ အားလုံး​တို့​ရှေ့​၌ မီးရှို့​ကြ​၏။ ထို​စာအုပ်​များ​၏​တန်ဖိုး​ကို တွက်ချက်​ကြ​ရာ ငွေဒင်္ဂါး​ငါး​သောင်း​ဖိုး​ရှိ​ကြောင်း တွေ့ရှိ​ကြ​၏။ 20ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် တန်ခိုး​အရှိန်အဝါ​ဖြင့်​ကြီးထွား​လျက် ဩဇာလွှမ်း​လေ​၏။
ဧဖက်မြို့မှရုန်းရင်းဆန်ခတ်ဖြစ်ခြင်း
21ဤ​အဖြစ်အပျက်​များ​ပြီးဆုံး​ပြီးနောက် ပေါလု​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​တို့​ကို ဖြတ်သွား​၍ ဂျေရုဆလင်​မြို့​သို့​သွား​ရန် ဝိညာဉ်​တော်​အားဖြင့်​ဆုံးဖြတ်​လျက် “ငါ​သည် ထို​မြို့​သို့​သွား​ပြီးလျှင် ရောမ​မြို့​ကို​လည်း မြင်​ရ​မည်”​ဟု ဆို​၏။ 22ထို့ကြောင့် သူ​သည် မိမိ​ကို​ကူညီ​ဆောင်ရွက်​ပေး​သူ​များ​ထဲမှ တိမောသေ​နှင့်​ဧရတ္တု​တို့​နှစ်​ဦး​ကို မာကေဒေါနိ​ပြည်​သို့​စေလွှတ်​၍ သူ​ကိုယ်တိုင်​သည် အာရှ​ပြည်​တွင် ခေတ္တ​နေ​ခဲ့​၏။
23ထို​အချိန်​အတွင်း တရား​လမ်း​နှင့်​ပတ်သက်၍ အကြီးအကျယ်​ရုတ်ရုတ်သဲသဲ​ဖြစ်​လေ​၏။ 24ဖြစ်​ရ​သည့်​အကြောင်း​ကား ဒေမေတရိ​အမည်​ရှိ​သော ငွေ​ပန်းထိမ်​ဆရာ​တစ်​ဦး​သည် အာတေမိ​နတ်ဘုရားမ​၏​ငွေ​ဗိမာန်​ငယ်​ကို ပြုလုပ်​ခြင်း​အားဖြင့် ပန်းထိမ်သမား​တို့​အား အကျိုးစီးပွား​များစွာ ဖြစ်ထွန်း​စေ​၏။ 25သူ​သည် ထို​သူ​တို့​အပါအဝင် အလားတူ​လုပ်ငန်း​မျိုး​လုပ်ကိုင်​နေ​သော​သူ​များ​ကို စုဝေး​စေ​လျက် “မိတ်ဆွေ​တို့၊ ဤ​လုပ်ငန်း​အားဖြင့် ငါ​တို့​အကျိုးစီးပွား​ဖြစ်ထွန်း​သည်​ကို သင်​တို့​သိ​ကြ​၏။ 26သို့သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အတိုင်း ဤ​ပေါလု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အရာ​များ​သည် ဘုရား​မ​ဟုတ်​ဟု​ဆို​လျက် ဧဖက်​မြို့​သာမက​အာရှ​ပြည်​တစ်ပြည်လုံး​နီးပါး​၌ များစွာ​သော​လူ​တို့​ကို စည်းရုံး​ပြီး လမ်းလွဲ​စေ​ခဲ့​၏။ 27ဤ​အမှုအရာ​သည် ငါ​တို့​၏​လုပ်ငန်း​ကို နာမည်​ပျက်​စေ​မည်​ဟု စိုးရိမ်​ရ​သည်​သာမက ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​သည် ပမာဏပြု​စရာ​မ​ရှိ​တော့​ဘဲ အာရှ​ပြည်​နှင့် ကမ္ဘာ​တစ်ဝန်းလုံး​ကိုးကွယ်​သည့် နတ်ဘုရားမ​၏​ခန့်ညား​ထည်ဝါ​မှု​သည်​လည်း ကွယ်ပျောက်​သွား​တော့မည်​ဟု စိုးရိမ်​ရ​၏”​ဟု ပြောဆို​လေ​၏။
28သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​ဒေါသ​ထွက်​၍ “ဧဖက်​မြို့သား​တို့​၏​အာတေမိ​သည် ကြီးမြတ်​ပေ​၏”​ဟု အော်ဟစ်​ကြ​၏။ 29ထိုအခါ တစ်​မြို့​လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​လေ​၏။ လူ​တို့​သည် ပေါလု​နှင့်အတူ​လိုက်ပါ​သည့် မာကေဒေါနိ​ပြည်သား ဂါယု​နှင့်​အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေး​ဝင်​သွား​ကြ​၏။ 30ပေါလု​သည် လူစုလူဝေး​ထဲသို့​ဝင်​လို​သော်လည်း တပည့်​တော်​တို့​သည် သူ့​ကို​တားမြစ်​ကြ​၏။ 31ပေါလု​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​သော အာရှ​ပြည်​အကြီးအကဲ​အချို့​တို့​က​လည်း သူ့​ထံ​လူ​လွှတ်​၍ ဇာတ်ရုံ​ထဲသို့ အရဲစွန့်​လျက်​မ​ဝင်​သွား​ရန် တောင်းပန်​ကြ​၏။
32လူ​အစုအဝေး​သည် ရုန်းရင်းဆန်ခတ်​ဖြစ်​၍ တစ်ယောက်တစ်မျိုးစီ​အော်ဟစ်​နေ​ကြ​၏။ လူ​အများစု​သည် မိမိ​တို့​အဘယ်ကြောင့်​စုဝေး​လာ​ကြ​သည်​ကို​ပင် မ​သိ​ကြ​ချေ ။ 33ဂျူး​လူမျိုး​တို့​သည် အလက်ဇန္ဒြား​ဆို​သူ​တစ်​ဦး​ကို ရှေ့သို့​ထွက်​စေ​၍ လူ​အစုအဝေး​ထဲမှ​အချို့​တို့​က​လည်း သူ့​ကို​ထောက်ခံ​သဖြင့် အလက်ဇန္ဒြား​သည် လက်ရိပ်​ပြ​ကာ လူစုလူဝေး​အား ချေပ​ပြောဆို​ရန် ကြိုးစား​လေ​၏။ 34သို့သော် သူ​သည် ဂျူး​လူမျိုး​ဖြစ်​ကြောင်း လူ​တို့​သိ​ကြ​သောအခါ အားလုံး​သည် တစ်သံတည်း​ဖြင့် “ဧဖက်​မြို့သား​တို့​၏​အာတေမိ​သည် ကြီးမြတ်​ပေ​၏”​ဟု နှစ်​နာရီ​ခန့်မျှ ကြွေးကြော်​ကြ​၏။
35ထို့နောက် မြို့​စာရေး​သည် လူ​အစုအဝေး​ကို တိတ်ဆိတ်​စေ​ပြီးလျှင် “ဧဖက်​မြို့သား​တို့၊ ဧဖက်​မြို့​သည် ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​နှင့် ကောင်းကင်​မှ​ကျ​လာ​သော​ရုပ်ပွား​တော်​တို့​ကို ထိန်းသိမ်း​စောင့်ရှောက်​သော​မြို့​ဖြစ်​ကြောင်း မ​သိ​သော​သူ​တစ်စုံတစ်ဦး​ရှိ​သလော။ 36ဤ​အချက်​သည် ငြင်းဆို​၍​မ​ရ​နိုင်​သည့်​အချက်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သည့်​အမှု​ကို​မျှ မဆင်မခြင်​မ​ပြု​ဘဲ တိတ်ဆိတ်​စွာ​နေ​သင့်​၏။ 37အကြောင်းမူကား သင်​တို့​ခေါ်ဆောင်​ခဲ့​သော ဤ​သူ​တို့​သည် ဗိမာန်​တော်​ကို လုယက်​သော​သူ​လည်း​မ​ဟုတ်။ ငါ​တို့​၏​နတ်​ဘုရား​မ​ကို စော်ကား​ပြောဆို​သော​သူ​လည်း​မ​ဟုတ်။ 38ထို့ကြောင့် ဒေမေတရိ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​ပန်းထိမ်သမား​တို့​သည် တစ်စုံတစ်ဦး​ကို တရားစွဲ​ဆို​ရန်​ရှိ​လျှင် တရားရုံး​များ​ဖွင့်​ထား​ပြီး အုပ်ချုပ်ရေးမှူး​များ​လည်း ရှိ​ကြ​သည်​ဖြစ်၍ အမှုသည်​ချင်း တရားတွေ့​ကြ​ပါစေ။ 39သို့သော် သင်​တို့​သည် အခြား​ကိစ္စ​တစ်စုံတစ်ခု​အလိုရှိ​လျှင် တရားဝင်​အစည်းအဝေး​၌ ဆုံးဖြတ်​ရ​မည်။ 40ယနေ့​ဖြစ်​ခဲ့​သော​အမှု​နှင့်​ပတ်သက်၍ ခိုင်လုံ​သော​အကြောင်းပြ​ချက် တစ်စုံတစ်ခု​မျှ​မ​ရှိ​သောကြောင့် ငါ​တို့​သည် ဆူပူ​အုံကြွ​မှု​အတွက် စွဲဆို​ခံရ​မည်​ဟု​စိုးရိမ်​ရ​၏။ ငါ​တို့​သည် ဤ​ပူးပေါင်း​ကြံစည်​မှု​အတွက် ဖြေရှင်း​ချက်​ပေး​နိုင်​မည်​မ​ဟုတ်”​ဟု ဆို​လျက် 41လူ​အစုအဝေး​ကို ပြန်လွှတ်​လိုက်​လေ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။