YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 17:16-34

တမန်တော်ဝတ္ထု 17:16-34 MSBU

ပေါလု​သည် အေသင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိမိ​စိတ်​တွင် မခံမရပ်နိုင်​ဖြစ်​ရ​လေ​၏။ ထို့ကြောင့် သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ဂျူး​လူမျိုး​မှစ၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက် ဈေး​အရပ်​တွင်​လည်း ထို​အရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​၏။ ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။ ထိုအခါ သူ​တို့​သည် ပေါလု​ကို အာရေပါဂု​ရုံး​တော်​သို့ ခေါ်သွား​ပြီးလျှင် “သင်​ဟောပြော​နေ​သော ဤ​အယူဝါဒ​အသစ်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါရစေ။ အကြောင်းမူကား သင်​သည် ငါ​တို့​အတွက်​အသစ်အဆန်း​ဖြစ်​သော​အရာ​အချို့​တို့​ကို ယူဆောင်​လာ​သည်​ဖြစ်၍ ၎င်း​တို့​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။ အေသင်​မြို့သား​များ​မှစ၍ အလည်အပတ်​ရောက်ရှိ​လာ​သော သူစိမ်း​ဧည့်သည်​အပေါင်း​တို့​သည် အသစ်အဆန်း​ဖြစ်​သော​အရာ​တစ်စုံတစ်ခု​ကို ပြောဆို​ရန်၊ သို့မဟုတ် ကြားနာ​ရန်​အတွက်​သာ အချိန်​ကို​အသုံးချ​တတ်​ကြ​၏။ ထို့ကြောင့် ပေါလု​သည် အာရေပါဂု​ရုံး​တော်​အလယ်​၌​ရပ်​လျက် “အေသင်​မြို့သား​တို့၊ သင်​တို့​သည် အရာရာ​၌ ဘာသာ​တရား​အလွန်​ကိုင်းရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။ သင်​တို့​ကိုးကွယ်​သော​အရာ​များ​ကို လှည့်လည်​၍​ကြည့်ရှု​စဉ် ‘မ​သိ​သော​ဘုရား​အတွက်’​ဟု ကမ္ပည်းထိုး​ထား​သည့် ယဇ်ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်ပြု​ကိုးကွယ်​နေ​သော ထို​ဘုရား​အကြောင်း​ကို သင်​တို့​အား ငါ​ဟောပြော​ပါ​မည်။ ကမ္ဘာလောက​နှင့် ၎င်း​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် အသက်​နှင့်တကွ ထွက်သက်ဝင်သက်​နှင့် အရာ​ခပ်သိမ်း​တို့​ကို လူ​အပေါင်း​တို့​အား ပေး​တော်မူ​သည်​ဖြစ်၍ တစ်စုံတစ်ခု​ကို​လိုအပ်​သည့်​အလား လူ့​လက်​ဖြင့်​ပြုစု​ခြင်း​ကို ခံ​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။ ဤသို့ပြုခြင်းမှာ လူ​တို့​သည် ဘုရားသခင်​ကို လိုက်စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာဖွေ​ကြ​စေရန် အတွက်​ဖြစ်​၏။ အမှန်စင်စစ် ကိုယ်တော်​သည် ငါ​တို့​တစ်စုံတစ်ဦး​နှင့်​မျှ ဝေးကွာ​တော်မူ​သည်​မ​ဟုတ်။ အကြောင်းမူကား သင်​တို့​ထဲမှ ကဗျာ​ဆရာ​အချို့​တို့​က ‘စင်စစ်ဆိုသော် ငါ​တို့​သည်​ကား ကိုယ်တော့်​အမျိုးအနွယ် ဖြစ်​ကြ​ကုန်​၏’​ဟု စပ်ဆို​ထား​သည့်​အတိုင်း ငါ​တို့​သည် ကိုယ်တော်​၌ အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်တည်​လျက် ရှိ​ကြ​၏။ ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​ကို လူ​၏​အတတ်ပညာ​နှင့်​စဉ်းစား​ဆင်ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်းထု​ပြုလုပ်​ထား​သည့် ရုပ်တု​နှင့်​တူ​သည်​ဟု​မ​ထင်မှတ်​သင့်​ပေ။ ဘုရားသခင်​သည် လူ​တို့​မသိနားမလည်​သည့်​အချိန်​ကာလ​ကို အမှုမထား​ခဲ့​သော်လည်း ယခု​အခါ နေရာ​တိုင်း​ရှိ လူ​အပေါင်း​တို့​အား နောင်တရ​ကြ​ရန် အမိန့်​ပေး​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​ခန့်အပ်​ထား​သော​အရှင်​အားဖြင့် ကမ္ဘာ​လောက​အား ဖြောင့်မတ်​စွာ​တရား​စီရင်​မည့်​နေ့ရက်​ကို သတ်မှတ်​ထား​တော်မူ​ပြီး ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ခြင်း​အားဖြင့် လူ​အပေါင်း​တို့​အား ခိုင်လုံ​သော​အထောက်အထား​ကို​ပေး​တော်မူ​၏”​ဟု ဆို​လေ​၏။ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။ ထိုအခါ ပေါလု​သည် သူ​တို့​ထံမှ ထွက်သွား​လေ​၏။ သို့သော် လူ​အချို့​တို့​သည် ပေါလု​နှင့်​ပေါင်းဖော်​၍ ယုံကြည်​ကြ​၏။ သူ​တို့​ထဲတွင် အာရေပါဂု​ရုံး​တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်​သော ဒယောနုသိ​နှင့် ဒမာရိ​အမည်​ရှိ​အမျိုးသမီး​တို့​အပြင် သူ​တို့​နှင့်အတူ​ရှိ​သော အခြား​သူ​များ​ပါ​ကြ​၏။