YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 17

17
သက်သာလောနိတ်မြို့မှ အမှုတော်လုပ်ငန်း
1ထို့နောက် ပေါလု​နှင့်​သိလ​တို့​သည် အံဖိပေါလိ​မြို့​နှင့်​အာပေါလောနိ​မြို့​တို့​ကို ဖြတ်​၍ သက်သာလောနိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင် ဂျူး​လူမျိုး​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ရှိ​၏။ 2ပေါလု​သည် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း သူ​တို့​ထံသို့​ဝင်​၍ ဥပုသ်နေ့​သုံး​ကြိမ်​တိုင်တိုင် ကျမ်းစာ​ကို​အမှီပြု​လျက် သူ​တို့​နှင့်​ဆွေးနွေး​ပြောဆို​ကာ 3ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်​ဖြစ်​ကြောင်း ရှင်းလင်း​ဖော်ပြ​ပြီး သင်​တို့​အား ငါ​ဟောပြော​သော​ဤ​ယေရှု​ပင် ခရစ်တော်​ဖြစ်​သည်​ဟု​ဆို​လေ​၏။ 4သူ​တို့​ထဲမှ အချို့​တို့​သည် ယုံကြည်​၍ ပေါလု​နှင့်​သိလ​တို့​နောက်သို့ လိုက်​ကြ​၏။ ထို​သူ​တို့​တွင် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂရိ​အမျိုးသား​အမြောက်အမြား​ပါ​၍ ထင်ပေါ်​ကျော်ကြား​သော အမျိုးသမီး​တို့​သည်​လည်း​မနည်း​လှ​ပေ။
ယာသုန်၏အိမ်၌ ပြင်းစွာရန်ပြုခံရခြင်း
5သို့ရာတွင် ဂျူး​လူမျိုး​တို့​သည် မနာလို​ကြ​သောကြောင့် လူ​ဆိုး​အချို့​ကို ဈေး​အရပ်​မှ ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် မြို့​ကို​ရုတ်ရုတ်သဲသဲ​ဖြစ်​စေ​ကာ ယာသုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါလု​နှင့်​သိလ​တို့​ကို လူစုလူဝေး​ရှေ့သို့ ထုတ်ဆောင်​ရန် ရှာဖွေ​ကြ​၏။ 6သို့သော် သူ​တို့​ကို​မ​တွေ့​ကြ​သဖြင့် ယာသုန်​နှင့် ညီအစ်ကို​အချို့​တို့​ကို အာဏာပိုင်​များ​ထံသို့ ဆွဲခေါ်​သွား​ကာ “ကမ္ဘာ​လောက​ကို​မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် ဤ​အရပ်​သို့​လည်း ရောက်လာ​ကြ​၍ 7ယာသုန်​သည် သူ​တို့​ကို လက်ခံ​ထား​ပါ​သည်။ သူ​တို့​အားလုံး​သည် ယေရှု​ဟူသော​အခြား​ဘုရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​လျက် ဆီဇာ​ဧကရာဇ်​၏​အမိန့်​ကို ဆန့်ကျင်ဘက်​ပြု​ကြ​ပါ​သည်”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။ 8ထို​အရာ​များ​ကို​ကြား​ရ​သော လူထု​ပရိသတ်​နှင့်​အာဏာပိုင်​တို့​သည် စိတ်​ပူပန်​လျက် 9ယာသုန်​နှင့် အခြား​ညီအစ်ကို​တို့​ထံမှ အာမခံ​ငွေ​ကို​ယူ​ပြီးလျှင် သူ​တို့​ကို ပြန်လွှတ်​ကြ​၏။
ကျမ်းစာကိုဖတ်ရှုလေ့လာကြသော ဗေရိမြို့သားများ
10ညီအစ်ကို​တို့​သည် ပေါလု​နှင့်​သိလ​တို့​ကို ည​တွင်း​ချင်း​ပင် ဗေရိ​မြို့​သို့ စေလွှတ်​လိုက်​ကြ​၏။ သူ​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​သောအခါ ဂျူး​လူမျိုး​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​သို့ သွား​ကြ​၏။ 11ဗေရိ​မြို့သား​တို့​သည် သက်သာလောနိတ်​မြို့​၌​ရှိ​သော​သူ​တို့​ထက် စိတ်ထား​မြင့်မြတ်​ကြ​၏။ အကြောင်းမှာ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို စေတနာ​စိတ်​အပြည့်အဝ​ဖြင့် လက်ခံ​၍ ထို​အတိုင်း​ဟုတ်​၊ မ​ဟုတ် ကျမ်းစာ​ကို နေ့စဉ်​လေ့လာ​ကြ​၏။ 12ထို့ကြောင့် များစွာ​သော​သူ​တို့​သည် ယုံကြည်​ကြ​၏။ ထို​သူ​တို့​တွင် ဂုဏ်သရေ​ရှိ​သော​ဂရိ​အမျိုးသမီး​များ​နှင့်​အမျိုးသား​များ​လည်း မနည်း​လှ​ပေ။
13သို့သော် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ဗေရိ​မြို့​တွင်​လည်း ဟောပြော​နေ​ကြောင်း သက်သာလောနိတ်​မြို့​မှ ဂျူး​လူမျိုး​တို့ ကြားသိ​ကြ​သောအခါ ထို​အရပ်​သို့​လိုက်​လာ​၍ လူထု​ပရိသတ်​များ​ကို​လှုံ့ဆော်​ကာ မငြိမ်မသက်​ဖြစ်​စေ​ကြ​၏။ 14ထိုအခါ ညီအစ်ကို​တို့​သည် ပေါလု​ကို ချက်ချင်း​ပို့ဆောင်​လျက် ပင်လယ်​ကမ်းခြေ​အထိ​သွား​စေ​ကြ​၏။ သိလ​နှင့်​တိမောသေ​တို့​မူကား ထို​မြို့​၌​နေရစ်​ကြ​၏။ 15ပေါလု​ကို​လိုက်ပို့​သော​သူ​တို့​သည် သူ့​ကို အေသင်​မြို့​တိုင်အောင် ပို့ဆောင်​ပြီးနောက် သိလ​နှင့်​တိမောသေ​တို့​အား မိမိ​ထံသို့ တတ်နိုင်​သမျှ အမြန်ဆုံး​လာ​ကြ​ပါ​ဟူသော ပေါလု​၏​ညွှန်ကြား​ချက်​ကို​ယူ​၍ ပြန်သွား​ကြ​၏။
အေသင်မြို့သို့ပေါလုရောက်ရှိခြင်း
16ပေါလု​သည် အေသင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိမိ​စိတ်​တွင် မခံမရပ်နိုင်​ဖြစ်​ရ​လေ​၏။ 17ထို့ကြောင့် သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ဂျူး​လူမျိုး​မှစ၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက် ဈေး​အရပ်​တွင်​လည်း ထို​အရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​၏။ 18ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။ 19ထိုအခါ သူ​တို့​သည် ပေါလု​ကို အာရေပါဂု​ရုံး​တော်​သို့ ခေါ်သွား​ပြီးလျှင် “သင်​ဟောပြော​နေ​သော ဤ​အယူဝါဒ​အသစ်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါရစေ။ 20အကြောင်းမူကား သင်​သည် ငါ​တို့​အတွက်​အသစ်အဆန်း​ဖြစ်​သော​အရာ​အချို့​တို့​ကို ယူဆောင်​လာ​သည်​ဖြစ်၍ ၎င်း​တို့​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။ 21အေသင်​မြို့သား​များ​မှစ၍ အလည်အပတ်​ရောက်ရှိ​လာ​သော သူစိမ်း​ဧည့်သည်​အပေါင်း​တို့​သည် အသစ်အဆန်း​ဖြစ်​သော​အရာ​တစ်စုံတစ်ခု​ကို ပြောဆို​ရန်၊ သို့မဟုတ် ကြားနာ​ရန်​အတွက်​သာ အချိန်​ကို​အသုံးချ​တတ်​ကြ​၏။
အာရေပါဂုရုံးတော်၌ဟောပြောခြင်း
22ထို့ကြောင့် ပေါလု​သည် အာရေပါဂု​ရုံး​တော်​အလယ်​၌​ရပ်​လျက် “အေသင်​မြို့သား​တို့၊ သင်​တို့​သည် အရာရာ​၌ ဘာသာ​တရား​အလွန်​ကိုင်းရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။ 23သင်​တို့​ကိုးကွယ်​သော​အရာ​များ​ကို လှည့်လည်​၍​ကြည့်ရှု​စဉ် ‘မ​သိ​သော​ဘုရား​အတွက်’​ဟု ကမ္ပည်းထိုး​ထား​သည့် ယဇ်ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်ပြု​ကိုးကွယ်​နေ​သော ထို​ဘုရား​အကြောင်း​ကို သင်​တို့​အား ငါ​ဟောပြော​ပါ​မည်။
24ကမ္ဘာလောက​နှင့် ၎င်း​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်မူ​သည်​မ​ဟုတ်။ 25ကိုယ်တော်​သည် အသက်​နှင့်တကွ ထွက်သက်ဝင်သက်​နှင့် အရာ​ခပ်သိမ်း​တို့​ကို လူ​အပေါင်း​တို့​အား ပေး​တော်မူ​သည်​ဖြစ်၍ တစ်စုံတစ်ခု​ကို​လိုအပ်​သည့်​အလား လူ့​လက်​ဖြင့်​ပြုစု​ခြင်း​ကို ခံ​တော်မူ​သည်​မ​ဟုတ်။ 26ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။ 27ဤသို့ပြုခြင်းမှာ လူ​တို့​သည် ဘုရားသခင်​ကို လိုက်စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာဖွေ​ကြ​စေရန် အတွက်​ဖြစ်​၏။ အမှန်စင်စစ် ကိုယ်တော်​သည် ငါ​တို့​တစ်စုံတစ်ဦး​နှင့်​မျှ ဝေးကွာ​တော်မူ​သည်​မ​ဟုတ်။ 28အကြောင်းမူကား သင်​တို့​ထဲမှ ကဗျာ​ဆရာ​အချို့​တို့​က ‘စင်စစ်ဆိုသော် ငါ​တို့​သည်​ကား ကိုယ်တော့်​အမျိုးအနွယ် ဖြစ်​ကြ​ကုန်​၏’​ဟု စပ်ဆို​ထား​သည့်​အတိုင်း ငါ​တို့​သည် ကိုယ်တော်​၌ အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်တည်​လျက် ရှိ​ကြ​၏။
29ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​ကို လူ​၏​အတတ်ပညာ​နှင့်​စဉ်းစား​ဆင်ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်းထု​ပြုလုပ်​ထား​သည့် ရုပ်တု​နှင့်​တူ​သည်​ဟု​မ​ထင်မှတ်​သင့်​ပေ။ 30ဘုရားသခင်​သည် လူ​တို့​မသိနားမလည်​သည့်​အချိန်​ကာလ​ကို အမှုမထား​ခဲ့​သော်လည်း ယခု​အခါ နေရာ​တိုင်း​ရှိ လူ​အပေါင်း​တို့​အား နောင်တရ​ကြ​ရန် အမိန့်​ပေး​တော်မူ​၏။ 31အကြောင်းမူကား ဘုရားသခင်​သည် မိမိ​ခန့်အပ်​ထား​သော​အရှင်​အားဖြင့် ကမ္ဘာ​လောက​အား ဖြောင့်မတ်​စွာ​တရား​စီရင်​မည့်​နေ့ရက်​ကို သတ်မှတ်​ထား​တော်မူ​ပြီး ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ခြင်း​အားဖြင့် လူ​အပေါင်း​တို့​အား ခိုင်လုံ​သော​အထောက်အထား​ကို​ပေး​တော်မူ​၏”​ဟု ဆို​လေ​၏။
32သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။ 33ထိုအခါ ပေါလု​သည် သူ​တို့​ထံမှ ထွက်သွား​လေ​၏။ 34သို့သော် လူ​အချို့​တို့​သည် ပေါလု​နှင့်​ပေါင်းဖော်​၍ ယုံကြည်​ကြ​၏။ သူ​တို့​ထဲတွင် အာရေပါဂု​ရုံး​တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်​သော ဒယောနုသိ​နှင့် ဒမာရိ​အမည်​ရှိ​အမျိုးသမီး​တို့​အပြင် သူ​တို့​နှင့်အတူ​ရှိ​သော အခြား​သူ​များ​ပါ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။