YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 11:19-30

တမန်တော်ဝတ္ထု 11:19-30 MSBU

သတေဖန်​နှင့်​ဆက်စပ်​၍ ဖြစ်ပေါ်​လာ​သည့်​နှိပ်စက်​ခြင်း​ကြောင့် ကွဲလွင့်​သွား​ကြ​သော​သူ​တို့​သည် ဖိုနီးရှား​နယ်​မှစ၍ ဆိုက်ပရပ်​ကျွန်း​နှင့် အန္တိအုတ်​မြို့​အထိ ရောက်သွား​ကြ​၏။ သူ​တို့​သည် ဂျူး​လူမျိုး​တို့​မှတစ်ပါး မည်သူ့​ကို​မျှ နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ကြ​ချေ။ သို့သော် ထို​သူ​တို့​တွင် ဆိုက်ပရပ်​ကျွန်း​နှင့်​ကုရေနေ​မြို့​မှ လူ​အချို့​တို့​ပါ​၍ သူ​တို့​သည် အန္တိအုတ်​မြို့​သို့​သွား​ပြီးလျှင် ဂရိ​စကား​ပြော​သော​သူ​တို့​နှင့်​စကားပြော​လျက် သခင်​ယေရှု​အကြောင်း​ကို ဟောပြော​ကြ​၏။ သခင်​ဘုရား​၏​လက်​တော်​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​သဖြင့် များစွာ​သော​သူ​တို့​သည်​ယုံကြည်​၍ သခင်​ဘုရား​ထံသို့​ပြောင်းလဲ​လာ​ကြ​၏။ ထို​သူ​တို့​နှင့်ပတ်သက်​သည့်​သတင်း​ကို ဂျေရုဆလင်​မြို့​၌​ရှိ​သော အသင်းတော်​သည်​ကြား​လျှင် ဗာနဗ​ကို အန္တိအုတ်​မြို့​အထိ​သွား​ရန် စေလွှတ်​လေ​၏။ ဗာနဗ​သည် ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​မြင်​သောအခါ ဝမ်းမြောက်​လျက် ထို​သူ​အပေါင်း​တို့​အား စိတ်နှလုံး​ခိုင်မြဲ​စွာ​ဖြင့် သခင်​ဘုရား​၌ ဆက်လက်​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​လေ​၏။ အကြောင်းမူကား သူ​သည် သူတော်ကောင်း​ဖြစ်​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ယုံကြည်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​သော​သူ​ဖြစ်​၏။ ထိုအခါ များစွာ​သော​လူ​တို့​သည် သခင်​ဘုရား​ထံသို့ ပြောင်းလဲ​လာ​ကြ​၏။ ထို့နောက် ဗာနဗ​သည် ရှောလု​ကို​ရှာ​ရန် တာရှု​မြို့​သို့​ထွက်သွား​၍ သူ့​ကို​တွေ့​လျှင် အန္တိအုတ်​မြို့​သို့​ခေါ်လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်လုံး အသင်းတော်​၌​စုဝေး​လျက် များစွာ​သော​လူ​တို့​ကို သွန်သင်​ကြ​၏။ တပည့်​တော်​တို့​သည် ထို​အန္တိအုတ်​မြို့​၌ “ခရစ်ယာန်”​ဟု ပထမ​ဦးဆုံး​ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​၏။ ထို​နေ့ရက်​များ​၌ ပရောဖက်​တို့​သည် ဂျေရုဆလင်​မြို့​မှ အန္တိအုတ်​မြို့​သို့ ဆင်းလာ​ကြ​၏။ ထို​သူ​တို့​အထဲမှ အာဂဗု​အမည်​ရှိ​သူ​တစ်​ဦး​သည် ထ​၍ ကမ္ဘာ​တစ်ဝန်းလုံး​၌ ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး ကျရောက်​တော့မည်​ဟု ဝိညာဉ်​တော်​အားဖြင့် ကြိုတင်​ဟောပြော​၏။ ထို​ဘေး​သည် ကလောဒိ​မင်း​၏​လက်ထက်​တွင် ဖြစ်ပေါ်​ခဲ့​၏။ ထိုအခါ တပည့်​တော်​တို့​သည် အသီးသီး​တတ်နိုင်​သည့်​အတိုင်း ယုဒ​ပြည်​၌​နေထိုင်​ကြ​သော ညီအစ်ကို​တို့​အား အထောက်အပံ့​ပို့ပေး​ရန် ဆုံးဖြတ်​ကြ​၏။ သူ​တို့​သည် ထို​အတိုင်း​ပြု​လျက် ၎င်း​ကို ဗာနဗ​နှင့်​ရှောလု​တို့​၏​လက်​မှ​တစ်ဆင့် အသင်းတော်​အကြီးအကဲ​များ​ထံသို့ ပေးပို့​ကြ​၏။