YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1

1
နှုတ်ခွန်းဆက်ခြင်း
1ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့​သည် ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၌​တည်​သော သက်သာလောနိတ်​မြို့သား​တို့​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ 2ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။
ဘုရားသခင်၏တရားစီရင်ခြင်း
3ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ ထိုသို့​ပြု​ခြင်း​သည်​လည်း သင့်လျော်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အလွန်​တိုးပွား​၍ အချင်းချင်း​အပေါ်၌​ထား​သော သင်​တို့​တစ်ဦးစီ​၏​ချစ်​ခြင်း​မေတ္တာ​သည်​လည်း ပွားများ​လျက်​ရှိ​၏။ 4သို့ဖြစ်၍ သင်​တို့​ခံရ​သော ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဆင်းရဲ​ခြင်း​ရှိသမျှ​တို့​၌​ထင်ရှား​သော သင်​တို့​၏​သည်းခံ​ခြင်း​နှင့် ယုံကြည်​ခြင်း​တို့​အတွက် ငါ​တို့​ကိုယ်တိုင် ဘုရားသခင်​၏​အသင်းတော်​များ​တွင် သင်​တို့​အကြောင်း​ကို ဝါကြွား​ကြ​၏။
5ဤသည်ကား ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သင်​တို့​ကို ထို​နိုင်ငံ​တော်​နှင့်​ထိုက်တန်​သော​သူ​ဖြစ်​စေရန် စီရင်​တော်မူ​သော ဘုရားသခင်​၏​ဖြောင့်မတ်​သည့်​တရား​စီရင်​ခြင်း​ကို ထင်ရှား​စေ​သော​အထောက်အထား​ဖြစ်​၏။ 6သခင်​ယေရှု​သည် မီးလျှံ​ထဲ၌ မိမိ​၏​တန်ခိုး​ကြီး​သော​ကောင်းကင်​တမန်​များ​နှင့်အတူ မိုး​ကောင်းကင်​မှ​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ကို ဆင်းရဲ​ဒုက္ခ​ရောက်​စေ​သော​သူ​တို့​အား ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ 7ဆင်းရဲ​ဒုက္ခ​ခံရ​သော​သင်​တို့​အား ငါ​တို့​နှင့်အတူ​သက်သာ​ခွင့်​ကို​လည်းကောင်း ပြန်​၍​ခံစား​စေ​မည့်​အမှု​သည် ဘုရားသခင်​ရှေ့​တော်​၌ အမှန်​ပင်​တရားမျှတ​သော​အမှု​ဖြစ်​၏။ 8ထိုအခါ ကိုယ်တော်​သည် ဘုရားသခင်​ကို​မ​သိ​သော​သူ​တို့​နှင့် ငါ​တို့​သခင်​ယေရှု​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​အား တရား​သဖြင့်​စီရင်​တော်မူ​လိမ့်မည်။ 9ထို​သူ​တို့​သည် သခင်​ဘုရား​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​မှ​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ဘုန်း​အသရေ​တော်​မှ​လည်းကောင်း ဖယ်ရှား​ခြင်း​ခံရ​လျက် ထာဝရ​ပျက်စီး​ခြင်း​အပြစ်ဒဏ်​ကို ခံ​ကြ​ရ​လိမ့်မည်။ 10ထို​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​အားဖြင့် ဘုန်း​တော်​ထင်ရှား​စေ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​၏​သက်သေခံ​ချက်​ကို သင်​တို့​ယုံကြည်​ကြ​သည်​ဖြစ်၍ ယုံကြည်​သူ​အပေါင်း​တို့​၏​အံ့ဩ​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။
11ထို့ကြောင့် ငါ​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​သော​သူ​များ​ဖြစ်စေ​၍ ကောင်းမြတ်​သော​အမှု​ကို​ပြုလို​သော​စေတနာ​စိတ်​ရှိသမျှ​နှင့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု​တို့​ကို တန်ခိုး​တော်​အားဖြင့် သင်​တို့​၌​ပြည့်စုံ​စေ​တော်မူ​မည့်​အကြောင်း သင်​တို့​အတွက် ငါ​တို့​အစဉ်အမြဲ​ဆုတောင်း​ကြ​၏။ 12ဤသည်ကား ငါ​တို့​၏​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​သည် သင်​တို့​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​လျက် သင်​တို့​သည်​လည်း ကိုယ်တော်​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း​တည်း။

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။